အခန်း (၁၅၆)
ဝမ်ရို့သည် အခန်းနံပါတ် ၂၅၀၇ အပြင်ဘက်မှ စောင့်နေလေသည်။ တံခါးပွင့်လာလျက် ကျီချင်းချင်း၏ ပုံမှန်မဟုတ်သော ရဲနေသောမျက်နှာကို တွေ့လိုက်ရသည်။ သူမမှာ ပင်ပန်းနေပုံပေါက်လျက် မတ်တပ်ပင် အနိုင်နိုင်ရပ်နေရလေသည်။
"ဘယ်လိုဖြစ်ရတာလဲ အစ်မချင်းချင်း" ပြောရင်းနှင့်ပင် ဝမ်ရို့သည် အကူအညီပေးရန် သူမထံ အမြန်သွားလိုက်သည်။ ကျီချင်းချင်း၏လက်များကို ကိုင်မိသောအခါ အပူချိန်မြင့်တက်လျက်ရှိသည်ကို တွေ့လိုက်ရသည်။ "အစ်မချင်းချင်း၊ ဖျားနေတာလား"
ကျီချင်းချင်းမှာ တစ်ကိုယ်လုံး အားနည်းနေသယောင် ခံစားရလေသည်။ ဝမ်ရို့အား မှီလျက် ဓာတ်လှေခါးထံသွားလိုက်သည်။ သူမရှူထုတ်လိုက်သောလေကပင် ပူနေသည်ကို ခံစားနေရသည်။
"အင်း၊ နည်းနည်းပါ"
"အစ်မချင်းချင်း၊ ကျွန်မအထင်တော့ ဆေးရုံသွားသင့်တယ်ထင်တယ်၊ ကြည့်ရတာ..."
ကျီချင်းချင်းသည် လက်ကာပြလိုက်သည်။ "ရပါတယ်၊ အရင်ဖျားတုန်းကလည်း ဆေးနည်းနည်းသောက်ပြီးအိပ်လိုက်ရင် သက်သာသွားတာပဲ၊ အခန်းက အဆင်သင့်ပဲလား"
ဝမ်ရို့လည်း အခန်းသော့ကတ်ကို ပေးလိုက်သည်။ "ဥက္ကဌလုရော သိရဲ့လား"
"အင်း၊ ပြောခဲ့တယ်" ကျီချင်းချင်းသည် သန်းဝါးလိုက်သည်။ ခုနကပင် ဆေးသောက်ခဲ့သောကြောင့် စကားဆက်ပြောရန် လေးလံနေပေသည်။ "အဖျားမပျောက်သေးခင်အထိတော့ သူနဲ့တူတူနေလို့မရဘူး၊ ကူးသွားမှာစိုးလို့လေ၊ ဟုတ်ပါပြီ စိတ်ပူမနေပါနဲ့၊ နည်းနည်းအအေးမိသွားတာပါ၊ အဆင်ပြေသွားလိမ့်မယ်"
ဓာတ်လှေခါးတံခါးပွင့်လာသောအခါ နှစ်ယောက်လုံးဝင်လိုက်ကြသည်။ အတွင်းတွင် နံရံမှတဆင့် ကျီချင်းချင်းသည် သူမ၏ နီရဲနေသော မျက်နှာကို တွေ့ရလေသည်။ သူမ၏ခန္ဓာကိုယ်သည် အားနည်းလွန်းလှပေသည်ဟု တွေးမိနေလေသည်။
"ဪ ဟုတ်သားပဲ၊ မနက်ဖြန် နေ့လည်အတွက် ရိုက်ကူးရေးမရှိဘူး၊ မနက်ဖြန်မနက်ရောက်လို့မှ အဖျားက မသက်သာသေးဘူးဆိုရင် ဒါရိုက်တာကျိုးကို နေမကောင်းဘူးလို့ သတင်းပို့ပေးပါ"