Unicode
အခန်း (၉၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)နှင်းဆီပန်းတွေရဲ့ မွှေးရနံ့ကြောင့် ကားအတွင်းမှ လေထုက အရမ်းမွှေးသည်။ ကျီချင်းချင်းသည် ပန်းတွေရဲ့ မွှေးရနံ့ကြောင့် အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ ထို့နောက် ကျီချင်းချင်းသည် လုလီရှင်းကို လှည့်ကြည့်လိုက်သည်။ နှင်းဆီပန်း ၉၉ပွင့်ပါ ပန်းစည်းကို သူမကို ပေးဖို့အတွက် သူ့လို အလုပ်များနေသည့်လူက ဘာဖြစ်လို့ အလုပ်စောစော ဆင်းလာရတာလဲ။
ဖြစ်နိုင်တာက...
"ဒီနေ့ နှင်းဆီပန်းတွေအတွက် ကျေးဇူးပါ။ သူတို့က အရမ်းလှတယ်။ ဒါပေမယ့်... ရှင် ကျွန်မကို နှင်းဆီပန်းတွေ ပေးဖို့အတွက်နဲ့ ဘာဖြစ်လို့ အလုပ်စောစာ ဆင်းလာရတာလဲ။"
လုလီရှင်းက သူမ မကြာခဏ ပြောလေ့ရှိတဲ့ ဆင်ခြေကိုပဲ အသုံးချခဲ့သည်၊ "အဖိုးက ဒီနေ့ ကိုယ့်ကို အိမ်စောစော ပြန်လာဖို့ မှာလိုက်တယ်၊ ကိုယ် အလုပ်စောစောဆင်းတော့ မင်းကိုလည်း တစ်ခါတည်း ဝင်ကြိုလိုက်တာ။ အဖိုးက ကိုယ်တို့အတူရှိနေတာကို မြင်ရရင် အရမ်းပျော်သွားလိမ့်မယ်။"
"အိုး..." ကျီချင်းချင်းသည် သူ့ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးသောအခါ ခေါင်းလေး ငုံ့သွားသည်။
သူ့ရဲ့ ရှင်းပြချက်က သူမကို နောက်တစ်ခါ ပါးဖြတ်ရိုက်သလိုပါပဲ။
သူမသည် သူက သူမကို အမှန်တကယ် ကြိုက်နှစ်သက်နေတယ်လို့ တွေးမိခဲ့ပေမယ့် ဒါက သူမရဲ့ စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခုသာ ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ထိုစကားကို အပြင်မှာ ထုတ်မပြောခဲ့သည့်အတွက် တော်ပါသေးသည်၊ မဟုတ်ပါက သူမကိုယ်သူမ အရှက်ခွဲသလို ဖြစ်သွားလိမ့်မည်။
လုလီရှင်းက လမ်းထောင့်ကို တစ်ချက်ကြည့်ပြီး ကားပါကင်မှ ကားကို မောင်းထွက်ခဲ့သည်။ မြေအောက်ကားပါကင်မှ ထွက်သွားသည်နှင့် မြင်ကွင်းတွေဟာ တောက်ပသွားသည်။
လုလီရှင်းက ရုတ်တရတ် တစ်စုံတစ်ခုကို သတိရသွားဟန် သူ့မျက်ဝန်းတွေ မှေးကျဥ်းသွားသည်။ လုလီရှင်းက ကျီချင်းချင်းကို ပေါ့ပေါ့ပါးပါး မေးလိုက်သည်၊ "မင်းက လက်ဆောင်အနေနဲ့ ခါးပတ်တွေ ပေးရတာကို သဘောကျတာလား။"