Unicode
အခန်း(၄၅) - လုလီရှင်းက ဘာ့ကြောင့် အသက်ရှင်နေသေးတာလဲ (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)အကြီးအကဲလုနှင့် အန်တီဖေးတို့နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့လိုက်ရသည့်အတွက် ကျီချင်းချင်းဟာ အလွန်စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ?!
ဒါက ဘယ်လိုအခြေအနေမျိုးလဲ?!
သေလုမြောပါးခင်ပွန်းသည်အား သူနဲ့အိပ်ရာအတူဝင်ဖို့ သွေးဆောင်ဖြားယောင်းတဲ့ ဆာလောင်နေသော အမျိုးသမီးတစ်ယောက်လို့များ သူတို့မြင်သွားကြမလား။
အကြီးအကဲလုနှင့် အန်တီဖေးအား ကျီးချင်းချင်းသည် မျက်နှာချင်းမဆိုင်ဝံ့ပေ။ သူမခန္ဓာကိုယ်တစ်ခုလုံးကို စောင်ဖြင့်လွှမ်းခြုံထားလိုက်ပြီး ဘောလုံးတစ်လုံးလို ကွေးနေခဲ့သည်။ ကျီချင်းချင်းသည် သူမကိုယ်သူမ ပိုးအိမ်လေးလိုထုပ်ပိုးထားပြီး အပြင်ဘက်ကမ္ဘာနှင့် ပြောဆိုဆက်ဆံရန် ငြင်းဆိုလိုက်သည်။
အရမ်းရှက်စရာကောင်းလိုက်တာ!
တကယ့်ကို ရှက်စရာကောင်းလွန်းတယ်!!
ကျီချင်းချင်းသည် အနှစ်နှစ်ဆယ်ကျော် ကြာရှည်ခဲ့သည့် သူမအသက်ထက် ဒီနေ့တွေ့ကြုံရသည့် အဖြစ်အပျက်ဟာ သူမအတွက် ပိုပြီးရှက်စရာကောင်းနေခဲ့သည်။
သူမမှာ ထားစရာမျက်နှာမရှိတော့ပါ။
သူမနိုးလာသည့်အချိန်တုန်းက ဘယ်လိုအနေအထားမျိုး ဖြစ်နေတာလဲ။
သူမလက်တွေက လုလီရှင်းခါးပေါ်မှာ ရှိနေတာလား။
သူမခြေထောက်တစ်ဖက်က လုလီရှင်းရဲ့ပေါင်ပေါ်မှာလား။
သူမခေါင်းကရော...
သူမခေါင်းက ဘယ်နေရာမှာ ရှိနေခဲ့ပါလိမ့်။
ကျီချင်းချင်းသည် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းတစ်ခုလုံးကို သူမ သေသေချာချာ စဉ်းစားကြည့်နေခဲ့သည်။ လုလီရှင်းအသက်ရှူလိုက်လျှင် သူ့ရဲ့ဝမ်းဗိုက်ကြွက်သားဟာ အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်နေသည့်မြင်ကွင်းကို သူမမြင်ခဲ့မိသည်။ ထိုမြင်ကွင်းကိုမြင်သည့်အချိန်မှာ သူမ နှလုံးခုန်နှုန်းတွေ မြန်ဆန်နေခဲ့သည်။