အခန်း (၁၄၁)
လုလီရှင်းသည် စနစ်မှချပေးသွားသော နာမည်ပြောင်များကို စိတ်ထဲ၌ ရေရွတ်ကြည့်နေသည်။
အချစ်၊ ကလေး၊ ချစ်ချစ်၊ ချစ်ဆုံး...
သူ့မျက်နှာသည် ညိုမှိုင်းသွားသည်။ ပုံစံပျက်၍စတေးခံသွားသော တူအစုံကို အောက်သို့ချလိုက်သည်။
ကျန်းစုနှင့် ချီကျင်းယွမ်းတို့သည် လုလီရှင်းနှင့် ကျီချင်းချင်းတို့ရှေ့ရောက်လာသည်။ သူတို့သည် နှုတ်ဆက်ရန်ပြင်လိုက်သော်လည်း ညိုမှိုင်းနေသော လုလီရှင်း၏ မျက်နှာကိုတွေ့လိုက်ရသဖြင့် ငြိမ်သက်နေကြသည်။
ကျီချင်းချင်းမှာ သတိပြုမိ၍ "အစ်ကိုကျန်းစုနဲ့ အစ်မကျင်းယွမ်းတို့ပါလား၊ နှစ်ယောက်စလုံး ကျွန်မတို့နဲ့တူတူ လာစားကြလေ။"ဟု ပြောလိုက်သည်။
ကျန်းစုနှင့် ချီကျင်းယွမ်းတို့လည်း ပေါ့ပါးစွာရယ်လျက် "ကျေးဇူးပါ၊ ဒါဆိုရင် အားနာမနေတော့ဘူးနော်"ဟု ပြန်ပြောလိုက်သည်။
သူတို့နှစ်ယောက်လုံး ကျီချင်းချင်း၏ စားပွဲခုံငယ်တွင် နေရာယူလိုက်ကြသည်။
လုလီရှင်းအား တူအသစ်တစ်စုံ ထပ်မံပေးလိုက်သော ချင်ယွဲ့၏မျက်နှာထားသည် ပြောင်းလဲသွားခြင်းမရှိပေ။
ကျီချင်းချင်းသည် ချင်ယွဲ့အား စိုက်ကြည့်နေသည်။
ချင်ယွဲ့မှာ သူမ၏လက်ထောက်ဖြစ်သော်လည်း လုလီရှင်းရောက်လာလျှင်မူ လုလီရှင်း၏ ကိုယ်ပိုင်လက်ထောက်အဖြစ် ပြုမူတတ်လေသည်။
"မင်္ဂလာပါ မစ်စတာလု၊ ကျွန်တော်က ကျန်းစုပါ၊ ဒီလိုမျိုးတွေ့ရဖို့အတွက် စောင့်ဆိုင်းနေခဲ့တာ ကြာပါပြီ။"
"မင်္ဂလာပါ မစ်စတာလု၊ ကျွန်မက ချီကျင်းယွမ်းပါ၊ ခုလိုမျိုး နေ့လည်စာတူတူစားနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။"
ကျန်းစုနှင့် ချီကျင်းယွမ်းတို့မှာ စိတ်အားထက်သန်စွာ နှုတ်ဆက်နေကြသော်လည်း လုလီရှင်းမှာမူ အေးစက်စက်ပင် ဖြစ်ဆဲဖြစ်လေသည်။ သူတို့အား စကားပြန်မပြောဘဲ ခေါင်းညိတ်သည်ဆိုရုံသာ ညိတ်ပြလိုက်သည်။