အခန်း (၁၄၃)
လူအားလုံးရှေ့တွင် ဆူပူခြင်းခံရလျှင် အလွန်ရှက်စရာကောင်းပေလိမ့်မည်။
"ကောင်းပြီလေ"
ကျန်းစုသည် သူမအား ကူညီပေးရန် ကတိပေးလိုက်သည်။ အနုပညာနယ်ပယ်တွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သူ ဖြစ်သည့်အလျောက် မည်သူနှင့် မည်သို့ ဆက်ဆံရမည်ကို ကျန်းစုသည် ကောင်းစွာသိရှိလေသည်။
သူမ၏တောင်းဆိုချက်ကို သဘောတူပြီးနောက် သူ့လက်ထောက်အား အခန်းထဲမှ ကုလားထိုင်တစ်လုံး ယူခိုင်းကာ ကျီချင်းချင်းဘေးတွင်ထိုင်၍ ပြောလိုက်သည်။ "ဇာတ်ညွှန်းထဲက နားမလည်တာရှိရင် ကျွန်တော့်ကို မေးလို့ရပါတယ်၊ အတတ်နိုင်ဆုံး ရှင်းပြပါ့မယ်။"
ကျီချင်းချင်းသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းစုမှာ အနုပညာနယ်ပယ်တွင် ၁၁ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး ထိုထဲမှ ၉ နှစ်သည် သရုပ်ဆောင်ခြင်း ဖြစ်လေသည်။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုလည်း ရရှိထားသေးသည်။ သူ့သရုပ်ဆောင်ချက်များသည် အနုပညာနယ်ပယ်တွင် အကောင်းဆုံးသရုပ်ဆောင်ဟု ငြင်းဆန်၍မရအောင် ဖော်ပြပေးနေလေသည်။
သူတို့အတွက် နေရာပိုရစေရန် ဝမ်ရို့သည် စားပွဲပေါ်မှ အကြွင်းအကျန်များကို ရှင်းလင်းလိုက်သည်။ ကျီချင်းချင်းသည် ကျန်းစုအား ကြောက်ရွံ့မနေဘဲ ရဲဝံ့စွာဖြင့်ပင် မေးခွန်းများ မေးနေသည်။ သူတို့နှစ်ယောက်သည် ဇာတ်ညွှန်းအကြောင်း ထဲထဲဝင်ဝင် ဆွေးနွေးနေကြလေသည်။
လုလီရှင်းသည် ကျန်းစုအား ညိုမှိုင်းစွာကြည့်လိုက်သည်။
ဒါရိုက်တာကျိုးနှင့် ချီကျင်းယွမ်းတို့သည်လည်း အခန်းတွင်းမှ ထွက်လာကာ ကျီချင်းချင်းဆီ လျှောက်လာနေကြသည်။ ဒါရိုက်တာကျိုး၏ မနက်တုန်းက မကျေနပ်မှုသည် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ စိတ်ရှည်စွာ ပြုံးလိုက်၍ "ချင်းချင်း၊ ဒီနေ့လည်နဲ့ညနေမှာ မင်းတို့သုံးယောက်လုံး အတူရိုက်ရမယ့် တစ်ခန်းရှိတယ်၊ အဲ့ဒါ အတူတူ လေ့ကျင့်ကြပါလား။" ထို့နောက် လုလီရှင်းဘက်သို့ လှည့်လိုက်ကာ "ဥက္ကဌလု၊ ရိုက်ကွင်းတစ်ပတ်ကို ကျွန်တော်လိုက်ပြပေးမယ်လေ။"