အခန်း (၁၇၈)
"ကျီချင်းချင်း မင်းတစ်နေ့ ဒီလိုပုံစံဖြစ်လာလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး။"
ကျီချင်းချင်းသည် သူမခေါင်းအား စိတ်မသက်မသာစွာ ယမ်းလိုက်သည်။ "လုလီထင်း နင်တစ်နေ့ ဒီလိုပုံစံဖြစ်လာလိမ့်မယ်လို့ ငါလည်းမထင်ခဲ့မိပါဘူး။"
မိုက်မဲပြီး ဦးနှောက်မရှိဘူး။
ဒီလို ဉာဏ်ရည်နိမ့်ပါးတဲ့ကောင်မျိုးက ဘယ်လိုလုပ်ပြီး အဓိကဇာတ်လိုက် ဖြစ်လာတာလဲ။ လုလီရှင်းတို့မိသားစုရဲ့ ကံကောင်းမှုတွေက ဒီကောင့်ကို လွယ်ကူအောင် လမ်းဖောက်ပေးလိုက်တာဟု ထင်သည်။
ဒါပေမယ့် တွေးကြည့်မယ်ဆိုရင် ရှန်းဝေဝေလိုမိန်းမတွေက ယောကျာ်းသားတွေအတွက်တော့ ချိုမြိန်တဲ့အဆိပ်ရည်လေးလိုပဲ။ ရှန်းဝေဝေရဲ့ မြှူဆွယ်မှုကို မြှာပွေတဲ့ ယောကျာ်းတွေက ဘယ်လိုလုပ် ခံနိုင်ရည်ရှိမလဲ။ ကံကောင်းစွာနဲ့ ငါလေးမှာတော့ ကမ္ဘာ့ဉာဏ်အကောင်းဆုံး ဖြတ်ထိုးဉာဏ်အရှိဆုံး ခင်ပွန်းရှိနေလို့သာပဲ။ တစ်ချက်လေးကြည့်ရုံနဲ့ ကြာပန်းဖြူမတွေရဲ့ ကောက်ကျစ်တဲ့အကြံကို သိနိုင်တဲ့ ခင်ပွန်းမျိုး ရှိနေတာပဲလေ။
အမ်းးး ငါ့အကြံတွေကိုလဲ သိနေတာပေါ့။
ကျီချင်းချင်းသည် လုလီထင်းဆီသို့ လျှောက်သွားလိုက်၏။ "ငါ နင့်ကိုပြောတဲ့ တချို့စကားလုံးတွေကို နင်နားမလည်နိုင်ဘူး၊ နင်နားလည်တယ်ဆိုရင်တောင် နားမထောင်ဘူး။ အဲ့တော့ ငါလည်း နင့်ကို ဆက်မပြောတော့ဘူး။" ထို့နောက် သူမတို့နှစ်ယောက်ပဲ ကြားရသည်အထိ အသံကိုလျှော့ကာ ပြောလိုက်သည်။ "ငါက နင့်ရဲ့ဝေဝေအပေါ်ကို ဆန်ပြုတ်တွေ သွန်ချလိုက်တယ်လို့ ထင်နေမှတော့ နင့်ရဲ့ဖြူစင်လှတဲ့ ဝေဝေက ငါ့ကို ဘယ်လိုချောက်ချခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း ပြမယ်။"
သူမသည် တစ်လှမ်းချင်း လျှောက်သွားကာ နောက်ဆုံး လုလီထင်း၏ ရှေ့တည့်တည့်ရောက်မှ ရပ်လိုက်သည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးမှာ တစ်လက်မလောက်ပဲ ကွာဝေးတော့သည်။
လုလီထင်းသည် သူ့အလိုလို နောက်ဆုတ်လိုက်မိသည်။ လုလီထင်းက မျက်မှောင်ကြုံ့ပြီး စကားပြောတော့မည့်အချိန်တွင် ကျီချင်းချင်းက ပြုံးလိုက်၏။ ရုတ်တရတ် သူမမျက်နှာအမူအရာပြောင်းသွားကာ သူ့အပေါ် လဲကျတော့မည့်ဟန်ဖြင့် မှီချလိုက်သည်။ လုလီထင်းမှာ သူမအား ကူညီပေးရန် လက်ဆန့်ထုတ်လိုက်သော်လည်း ကျီချင်းချင်းက ချက်ချင်းပင် နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ သူမသည် လုလီထင်းအား ကြောက်ရွံ့စွာ ကြည့်နေသည်မှာ သူမ တွန်းချခံလိုက်ရသည့်ပုံမျိုးပင်။