အခန်း (၁၆၄)
အားသန်မာသူအတွက် ပိုကောင်းသည်ဖြစ်သည်။
လက်နှစ်ဖက်လုံးကိုအသုံးပြုလျက် လုလီရှင်းသည် ငါးကိုကိုင်လိုက်သည်။ ငါးသည်ခေတ္တမျှ မလှုပ်တော့ပေ။ "မြန်မြန်၊ မြန်မြန် စဉ့်တီတုံးပေါ်တင်လိုက်" ကျီချင်းချင်းသည် အလျင်အမြန်ပြောလိုက်သည်။
စက္ကန့်အနည်းကြာသောအခါ နပိုလီယံဝရာဆေးငါး၏အမြီးသည် အပြင်းအထန်လှုပ်ခတ်လာကာ လုလီရှင်းလက်တွင်းမှ ရုန်းထွက်လေတော့သည်။
ကျီချင်းချင်းလည်း ရှေ့တိုးလိုက်ကာ လုလီရှင်းအားကူညီ၍ကိုင်ပေးလိုက်သည်။ ငါးသည်သန်မာလှသောကြောင့် မနည်းချုပ်ထားရလေသည်။ စိတ်ရှုပ်စွာပင်သူမအော်လိုက်မိသေးသည်။ "မလှုပ်နဲ့စမ်း"
သူတို့နှစ်ယောက်သည် အတူတူပင် ငါးကိုစဉ့်တီတုံးပေါ် တင်လိုက်ကြသည်။ လုလီရှင်းမှာ ဓါးကိုမြှောက်ကာ ခုတ်ချလိုက်သည်။ ဓါးမှာ ရက်စက်စွာပင် နပိုလီယံဝရာဆေး၏ခေါင်းကို ထက်ပိုင်းပြတ်စေလေသည်။
ငါးသည် စဉ့်တီတုံးပေါ်တွင် ငြိမ်သက်သွားလေတော့သည်။
ကျီချင်းချင်းသည် လုလီရှင်းအားကြည့်လိုက်သည်။ "ခေါင်းကိုဘာလို့ဖြတ်လိုက်တာလဲ"
လုလီရှင်း၏မျက်နှာမှာ ညိုမှိုင်းနေပေသည်။ စကားလုံးနှစ်လုံးကို အားယူ၍ပြောလိုက်သည်။ "သတ်တာလေ"
"...အဲ့ဒါဆိုရင်လည်း သူ့ဗိုက်ကိုဖွင့်ပြီး အထဲက အညစ်အကြေးတွေ ထုတ်သင့်တာပေါ့၊ ခေါင်းကိုဒီတိုင်း ဖြတ်လိုက်တာပဲလား၊ သိပ်ရက်စက်တာပဲ"
လုလီရှင်းသည် သွေးစွန်းနေသောဓါးကို မြှောက်ကာ ကျီချင်းချင်းအားကြည့်၍ မေးလိုက်သည်။ "ရက်စက်သွားလို့လား"
ကျီချင်းချင်းလည်း ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ ထို့နောက် "လုပ်လက်စနဲ့တော့ အထဲကအညစ်အကြေးတွေပါ တစ်ခါတည်း ဖယ်လိုက်တော့"ဟု ပြောလိုက်သည်။
လုလီရှင်းလည်း နပိုလီယံဝရာဆေးငါး၏ ဗိုက်ကို သနားငဲ့ညှာခြင်းမရှိဘဲ ဓါးနှင့်ခွဲလိုက်လေသည်။ အညစ်အကြေးများကိုဖယ်ပြီးသောအခါ ပေါင်းအိုးထဲထည့်၍ ပေါင်းလိုက်ပေသည်။