အခန်း (၁၅၇)
ဝမ်ရို့သည် ချင်ယွဲ့အနောက်မှနေ၍ ရေရွတ်လိုက်သည်။ "အစ်မချင်းချင်းကို မေးတုန်းက သိပြီးပြီပြောတာနဲ့ပဲ..."
လုလီရှင်းသည် အလျင်တလိုပြောလိုက်သည်။ "အခန်းသော့ကတ်ပေးပါ"
ဝမ်ရို့လည်း အခန်းကတ်အားပေးလိုက်သည်။
လုလီရှင်းလည်း ၁၉ လွှာသို့ ခပ်သွက်သွက်လျှောက်သွားလေသည်။
ကတ်ဖြတ်ပြီးနောက် အခန်းတွင်းသို့ ဝင်လိုက်သည်။ အိပ်ရာပေါ်တွင် စောင်ပုံကြီးကို တွေ့ရလေသည်။ ရှုပ်ပွလွန်းနေသဖြင့် အစအဆုံးကိုပင် မမြင်ရချေ။ အိပ်ရာဘေးတွင်မူ ဆေးအချို့နှင့် အေးစက်နေပြီဖြစ်သော ရေတစ်ဖန်ခွက်ကို တွေ့ရသည်။
လုလီရှင်းသည် အိပ်ရာဘေးတွင် ရပ်လိုက်လျက် စောင်ပုံကြီးကို ဆွဲလှန်လိုက်ကာ ကျီချင်းချင်း၏ခေါင်းကို ဖော်ပေးလိုက်သည်။
"ကျီချင်းချင်း၊ ထပါဦး"
ကျီချင်းချင်းမှာ အသက်ပြင်းပြင်းရှူနေလျက် နိုးလာခြင်းမရှိပေ။
လုလီရှင်းသည် သူမ၏နီရဲနေသော မျက်နှာကို ကြည့်လိုက်သည်။ နဖူးပေါ်တွင် ချွေးစက်များကို တွေ့ရသည်။ သူ့လက်ဖြင့် သူမနဖူးပေါ် လက်တင်လိုက်သောအခါ လောင်ကျွမ်းနေသော ခံစားချက်ကို ရလိုက်သဖြင့် မျက်မှောင်ကြုံ့သွားလေသည်။
ထို့နောက် ချင်ယွဲ့နှင့်ဝမ်ရို့ပါ အခန်းတွင်းသို့ ဝင်လာလေသည်။
လုလီရှင်းသည် သူတို့အား ကြည့်လိုက်သည်။ "ဒီအနီးအနားမှာ ဆေးရုံရှိလား"
"ဟုတ်ကဲ့၊ ရှိပါတယ်။"
"ကားစက်နှိုးထားလိုက်တော့။"
ချင်ယွဲ့လည်း ခေါင်းညိတ်လျက် ပြင်ဆင်ရန် အောက်ထပ်သို့ ဆင်းသွားလေသည်။
လုလီရှင်းလည်း ကျီချင်းချင်းအား စောင်ပုံထဲမှ မလိုက်သည်။ သူမ၏ ညအိပ်ဝတ်စုံသည် ချွေးများဖြင့် ရွှဲနစ်နေသော်လည်း ခန္ဓာကိုယ်မှာမူ အလွန်ပူပြင်းနေလေသည်။
ဝမ်ရို့အား အပေါ်ထပ်မှ ကျီချင်းချင်း၏ ကုတ်အင်္ကျီကို သွားယူစေ၍ ကျီချင်းချင်းအား ဝတ်ပေးပြီးသောအခါ ခါးမှချီလိုက်လျက် အပြင်သို့သွားလေသည်။