Chapter-153

932 86 1
                                    

အခန်း (၁၅၃)

ဇာတ်ညွှန်းအရဆိုလျှင် ကျီချင်းချင်းသည် သူမ၏စာသားများကို ငိုယိုရွတ်ဆိုပြီးနောက် ဇာတ်ဆောင်မင်းသားသည် သူမအား ၅ စက္ကန့်ခန့်စိုက်ကြည့်လျက် အစောင့်များကိုခေါ်ကာ ဆွဲထုတ်သွားစေမည်ဖြစ်သည်။ ထို့နောက် ဒုတိယမင်းသမီးအား အပေါက်ဝဆီ‌ အစောင့်များက ဆွဲခေါ်သွားချိန်တွင် အရိပ်ထဲတွင် ဇာတ်ဆောင်မင်းသား အချိန်အတော်ကြာ တိတ်ဆိတ်နေပုံကို ရိုက်ကူးရမည်ဖြစ်သည်။

သို့သော်လည်း ကျီချင်းချင်း ငိုယိုပြောလိုက်သော စာသားများအပြီးတွင် ကျန်းစုသည် သူမအား ၁၀ စက္ကန့်ကြာ စိုက်ကြည့်နေလေသည်။ သူ့ထံမှ မည်သည့်တုန့်ပြန်မှုမျိုးကိုမှ မမြင်ရချေ။

"ဒါရိုက်တာကျိုး" ဘေးတွင်ထိုင်နေသော လုလီရှင်းက သတိပေးလိုက်သည်။

ဒါရိုက်တာကျိုးသည် သတိပြန်ဝင်လာသည်။

"အစောင့်တွေ ဘယ်ရောက်နေတာလဲ"

အစောင့်နှစ်ယောက်မှာ ကျန်းစုက သူ့စာသားကို မရွတ်ဆိုရသေးသဖြင့် မလှုပ်ရဲခဲ့ကြခြင်း ဖြစ်သည်။ ဒါရိုက်တာကျိုး၏ အသံကိုကြားတော့မှ အရှေ့တိုးလျက် ကျီချင်းချင်းအား ခြံဝန်းထဲမှ ဆွဲထုတ်သွားကြလေသည်။

ကျီချင်းချင်းသည် သူတို့လက်ထဲတွင် ရုန်းကန်နေသည်။ ခြံဝန်းထဲရှိ ရွှံ့များလာစင်သည်ကိုပင် အရေးမစိုက်တော့ချေ။ အပြင်သို့ ဆွဲထုတ်ခံရပြီးနောက်တွင် ရွှံ့အိုင်ထဲမှ တွားသွားလျက် ပေကျံနေသော လက်များဖြင့် တံခါးကို ထုလေသည်။ သူမ၏ သနားစဖွယ် ငိုကြွေးနေသံသည် ခြံဝန်းတစ်ခုလုံး ပဲ့တင်ထပ်နေပေသည်။

"ကဒ်! ရပြီ!"

မိုးရေအတုနှင့် လျှပ်စီးများပါ ရပ်တန့်သွားကြသည်။

ဆောင်းဦးနှောင်းပိုင်းဖြစ်သည့်အလျောက် ရိုက်ကွင်းနေရာသည် ချောင်ကျလှပေသည်။ အတန်ငယ်ကွာဝေးသောနေရာတွင် သေးငယ်သောတောင်များရော ကြီးမားသော တောင်တန်းများပါရှိကြလေသည်။ ညပိုင်းတိုက်ခတ်သောလေမှာလည်း ခိုက်ခိုက်တုန်စေနိုင်ပေသည်။

ကျီချင်းချင်းမှာ မိုးရေထဲတွင် ၁၀ မိနစ်မျှသရုပ်ဆောင်ခဲ့ရသဖြင့် ခေါင်းအစ ခြေအဆုံး အေးခဲနေလေသည်။ ထို့အပြင် ရွှံ့ရေထဲသို့ပင် ပြုတ်ကျခဲ့ရသောကြောင့် တစ်ကိုယ်လုံး ရွှံ့များဖြင့် ပေကျံလျက် ဆံပင်များမှာလည်း မျက်နှာပေါ်တွင် ကပ်ငြိနေ‌ကြသည်။ လေတိုက်လိုက်သောအခါ တုန်ရီသွားပေသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Dove le storie prendono vita. Scoprilo ora