အခန်း (၁၉၉)
"အဖိုးက လုလီရှင်းနဲ့ နှစ်သုံးဆယ်တောင် အတူနေခဲ့တာ။ သိတတ်စအရွယ်ကတည်းက သူ့ဘဝမှာ စာလုပ်တာနဲ့ပဲ ပြည့်နေတာ။ အရွယ်ရောက်လာတော့လည်း စာနေရာမှာ အလုပ်ဖြစ်သွားတယ်။ ဒါပေမဲ့ သမီး သူ့ဘဝထဲဝင်လာပြီးကတည်းက အားလပ်ရက်နဲ့ စနေ တနင်္ဂနွေဆို အိမ်မှာ အနားယူတတ်လာတယ်။ သူ ခရီးတွေဘာတွေတောင် စထွက်နေပြီ။" အဖိုးလုသည် သက်ပြင်းချလိုက်ကာ ဆက်ပြောသည်။ "အဖိုး အမြဲတမ်း နောင်တရနေခဲ့တာ သူ ငယ်ငယ်ကတည်းက လုကော်ပိုရေးရှင်းရဲ့ လေးလံတဲ့ တာဝန်ယူမှုတွေကို ထမ်းဆောင်ဖို့ ဒီလိုပုံသွင်းပေးခဲ့မိတာကိုပဲ။ နှစ်သုံးဆယ်ကြာပြီးတော့ သူ့ကိုယ်သူအတွက်တောင် အချိန်မရှိတော့ဘဲ တစ်ရက်လေးတောင်မှ မနားခဲ့ရဘူး။ လုကော်ပိုရေးရှင်းနဲ့ ယှဉ်ရင် အဖိုးကတော့ သူ့ကို အလုပ်ကိုဖယ်ချပြီး ကိုယ့်အတွက်ကိုယ် နေစေချင်မိတယ်။"
"သမီး လုလီရှင်းကို ဘာခံစားချက်မှ မရှိဘူးဆိုတာ ပြီးတော့ ဒီလက်ထပ်ပွဲက မင်းတို့ရဲ့ဆက်ဆံရေးကို လူသိရှင်ကြား ချပြလိုက်သလို ဖြစ်သွားမယ်ဆိုတာ အဖိုးသိပါတယ်။ ဒါပေမဲ့ သမီးက လုလီရှင်းကို အခွင့်အရေး တစ်ခုလောက်ပေးပြီး သူနဲ့ အတူတူ အဆင်ပြေသွားဖို့ အဖိုး တကယ် မျှော်လင့်မိတယ်။ သမီး အခုထိ မဆုံးဖြတ်နိုင်သေးဘူးဆိုရင် ဒီကိစ္စကို ကောင်းကောင်းစဉ်းစားဖို့ အဖိုး အချိန်ပေးပါမယ်ကွယ်။"
"ဖိုးဖိုး၊ သမီး ..."
"သမီး အခု ဖြေစရာ မလိုသေးပါဘူး ..." အဖိုးလုက သူမစကားကို ဝင်ဖြတ်လိုက်သည်။ "ချင်းချင်း၊ ဒါက သမီးတစ်ဘဝလုံးနဲ့ သက်ဆိုင်နေတာ။ ဂရုစိုက်ပြီး သေသေချာချာ စဉ်းစားရမယ်။ အလျင်စလို ဆုံးဖြတ်ချက်မချနဲ့။"
ကျီချင်းချင်း၏ မျက်လုံးထဲမှ အပျော်များသည် ပိုလို့ပင် ကြီးထွားလာ၏။ "အဖိုး၊ သမီးကို အထင်လွဲနေပြီ။ သမီးက ဒီကိစ္စအတွက် သမီးအစား အဖိုးဆုံးဖြတ်ချက် ချပေးလို့ရတယ်လို့ ပြောချင်တာပါ။"
သူမ၏ စကားများသည် အဖိုးလု၏ မေးခွန်းအား ပြန်ဖြေပြီးသားဖြစ်သလို လက်ထပ်ပွဲနှင့် သူတို့၏ ဆက်ဆံရေးအား လူသိရှင်အားချပြဖို့ လိုလားတဲ့ သဘောထားကိုလဲ ပြနေသည်။