အခန်း (၁၃၇)
ရိုက်ကူးရေးနေရာတွင် အဆင်မပြေမှုကြောင့် မင်းသားမင်းသမီးတို့အတွက် အဝတ်လဲခန်းများ မရှိချေ။ ထို့ကြောင့် မိမိတို့ ရိုက်ကူးရမသွားမီ မိမိတို့ ဟိုတယ်အခန်းတွင်းမှ ကြို၍ပြင်သွားကြရခြင်းဖြစ်သည်။ ယခုမိတ်ကပ်ပညာရှင်နှစ်ယောက်သည် ရိုက်ကူးရေးအဖွဲ့သားများ ပို့လိုက်သူများဖြစ်၍ ကျီချင်းချင်း၏ ကိုယ်ပိုင်မိတ်ကပ်ပညာရှင်များ မဟုတ်ကြပေ။
ကျီချင်းချင်းသည် အသားလတ်၍ ကြည်လင်သော အသားအရည်ရှိသည်။ မျက်နှာပေါ်တွင် ချွတ်ယွင်းချက်ဟူ၍ အပေါက်လေးတစ်ပေါက်မျှပင် မရှိချေ။ ဤကဲ့သို့သော အသားအရည်များသည် မိတ်ကပ်လိမ်းရန် လွယ်ကူ၍ တစ်နေ့တာလုံးတွင်လည်း ပြန်ပျက်ရန် ခက်ခဲသဖြင့် မိတ်ကပ်ပညာရှင်များက နှစ်ခြိုက်ကြလေသည်။
တံခါးခေါက်သံကြားရပြန်၍ ဝမ်ရို့သည် တံခါးသွားဖွင့်လိုက်သည်။
ချင်ယွဲ့နှင့် ဟိုတယ်ဝန်ထမ်းတစ်ယောက်တို့ မနက်စာလာပို့ခြင်း ဖြစ်လေသည်။
လုလီရှင်းသည် ဆိုဖာပေါ်တွင်ထိုင်လျက် ဖုန်းကြည့်နေလေသည်။ ချင်ယွဲ့သည် မိတ်ကပ်ပြင်ဆင်ပြီးသွားသော ကျီချင်းချင်းကို ကြည့်လိုက်သည်။ ဤဟိုတယ်အခန်းကျဉ်းလေးထဲတွင် လူလေး၊ငါးယောက် ပြုံနေသည်မှာ ကြပ်နေသလိုဖြစ်သည်။
"ဥက္ကဌလု၊ ဆရာနဲ့ အစ်မကျီအတွက် အခန်းတစ်ခန်း ထပ်ယူပေးရမလား။"
"မလိုပါဘူး" လုလီရှင်းသည် နောက်ဆုံးအီးမေးလ်ကိုဖတ်လျက် ပြောလိုက်သည်။ "ကျွန်တော်အခန်းတစ်ခန်း ယူထားပြီးပါပြီ။"
"အခန်းယူထားတယ်လား။" ကျီချင်းချင်းသည် သူ့ကို မှန်ထဲမှတဆင့် ကြည့်လိုက်သည်။
အဲ့ဒါဆို မနေ့ညကဘာလို့ ဒီအခန်းကျဉ်းလေးထဲမှာ နေရတာလဲ
လုလီရှင်းသည် မျက်ခုံးပင့်၍ ဖုန်းကိုအောက်ချလိုက်ကာ "ပြီးသွားရင် ကျွန်တော့်ပစ္စည်းတွေနဲ့ သူပစ္စည်းတွေကို အခန်းနံပါတ် ၂၅၀၇ ကို ယူလာပေးပါ။"ဟု သူမ၏မေးခွန်းကို လျစ်လျူရှုရင်း ပြောလိုက်သည်။
![](https://img.wattpad.com/cover/279714628-288-k885403.jpg)