Chapter-174

590 58 0
                                    

အခန်း (၁၇၄)

ဒါရိုက်တာကျိုးမှာ သူ့ရှေ့ကလူအား အနည်းငယ် ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။ ရှန်းဝေဝေတစ်ယောက် မိတ်ဆက်ပေးတာကို နားထောင်ပြီးသွားသောအခါ ထိုလူအား အကြိမ်ရေအနည်းငယ် ပြန်ကြည့်လိုက်ပြီး လုလီရှင်းနှင့် ထိုလူ ဘာတော်သလဲဟု တွေးမိနေ၏။

"အဆင်ပြေပါတယ်၊ ပြဿနာမရှိပါဘူး။ ထိုင်ခုံယူပြီး ထိုင်ခိုင်းလိုက်လေ။ အားမနာပါနဲ့။"

လုလီထင်း၏ ရောင်ဝါမှာ လုလီရှင်းနှင့်မယှဉ်နိုင်သော်ငြား သူသည်လည်း အရှိန်အဝါတော့ရှိသည်။ သူသည် သူ့ပတ်ဝန်းကျင်အား အကဲခတ်နေရင်းနှင့်ပင် 'မင်းတို့နဲ့ငါက အဆင့်မတူဘူး' ဆိုတဲ့ ပြင်းထန်သော အာရုံကို ထုတ်လွှတ်နေ၏။ ရှန်းဝေဝေကို ကြည့်သောအခါတွင် သူ့အကြည့်တွေထဲမှ မောက်မာမှုက လျော့ပါးသွားသည်။

"လီထင်း ဒီနေ့ ကျွန်မကို လာကြိုပေးလို့ ကျေးဇူးပါ။"

လုလီထင်းသည် ရှန်းဝေဝေ၏မျက်နှာမှ ကြင်နာနူးညံ့သော အပြုံးလေးကို မြင်လိုက်ရသောအခါ သူ၏အေးစက်မှုတို့မှာ ပျောက်ကွယ်သွားရသည်။ "ကိုယ်က မင်းရဲ့ကောင်လေးပဲလေ။ ဒါက ကိုယ်လုပ်သင့်တာပါ။" ဟု အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

ကျီချင်းချင်းသည် ထိုင်ခုံတွင် အနားယူနေသည်။ သူမ ဇာတ်ညွှန်းကို ပြန်မဖတ်သေးခင် လုလီထင်းနှင့် ရှန်းဝေဝေတို့အား တစ်ချက် ကြည့်လိုက်သည်။

တီးတိုးသဖန်းပိုး ရေရွတ်နေသံများသည် ဟိုနေရာ ဒီနေရာမှ ခပ်တိုးတိုး ထွက်ပေါ်နေကြသည်။

"ရှန်းဝေဝေရဲ့ကောင်လေးကို ကြည့်ပါဦး။ ဥက္ကဌလုနဲ့ နည်းနည်း မတူဘူးလား။ သူတို့နာမည်တွေတောင်မှ ခပ်ဆင်ဆင်ပဲ။"

"နင်သာ မပြောရင် ငါသတိထားမိမှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်ကြီး ရုပ်ချင်းဆင်တယ်ရော။ ဒါတိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး။ သူတို့က ညီအကိုတွေများလား။"

"ဒါဆို ရှန်းဝေဝေကလည်း လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်တော့မှာပေါ့။"

"ဒါဆို သူမနဲ့ ကျီချင်းချင်းရဲ့ ဆက်ဆံရေးက ...."

ကျီချင်းချင်းက အသံကြားရာနေရာသို့ အကြည့်တစ်ချက် ပို့လိုက်သောအခါ ထိုစကားသံတို့မှာ ရပ်သွားကြသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now