အခန်း (၁၄၈)
ဖလပ် ___
ကျီချင်းချင်း၏ လက်ထဲမှ ဇာတ်ညွှန်းစာရွက်သည် လွင့်လျက် အောက်သို့ကျသွားသည်။
တံခါးနားတွင် ရပ်နေသော လုလီရှင်းကို မြင်သောအခါ ကျီချင်းချင်း၏မျက်နှာသည် နီရဲတက်လာကာ လည်ပင်းမှ နားရွက်ဖျားများဆီအထိပြန့်သွားလေသည်။
သူမဘာပြောခဲ့ပါသနည်း။
သူမစိတ်ထဲတွင် ဇာတ်ညွှန်းစာသားများအကြောင်း ရေရွတ်နေမိသည်။
စာသားများအားလုံးကို အလွတ်ရပြီးဖြစ်သော်လည်း ယခုအခါတွင်မူ တစ်လုံးမှစဉ်းစား၍မရတော့ပါ။
"ဒါပေမဲ့လည်း ကျွန်မရှင့်ကို ချစ်နေတုန်းပဲ လုလီရှင်း!"
"ရှင်က ကျက်သရေမရှိ ရက်စက်ပြီး အရှက်မရှိပေမယ့်လည်းပေါ့..."
"လုလီရှင်း၊ ရှင့်မှာ အသိတရားရော ရှိသေးရဲ့လား"
ထိုစာသားများကို သူမနားထဲတွင် ကြားယောင်နေမိသည်။ တစ်ကိုယ်လုံး ထုံကျင်သွားသယောင် ခံစားနေရကာ သူမ၏ခန္ဓာကိုယ်ကို မြှုပ်နှံရန်အတွက် မြေအောက်တွင် တွင်းရှိနေလျှင်ကောင်းမည်ဟု တွေးနေမိသည်။
ဟိုတယ်၏အသံလုံစနစ်သည် ကောင်းမွန်ကြောင်း စစ်ဆေးခဲ့သေးသော်လည်း လုလီရှင်းသည် အဘယ့်ကြောင့် ဤအချိန်ကွက်တိ၌ ရောက်ရှိလာရသနည်း။ ပုံမှန်ဆိုလျှင် ၁၁ နာရီ၊ ၁၂ နာရီအထိ အလုပ်လုပ်နေကြဖြစ်သောကြောင့် ယခုအချိန်သည် စောလွန်းနေပေသည်။
သူမ သရုပ်ဆောင်လေ့ကျင့်နေခြင်းသက်သက်သာဖြစ်သည်ဟု ရှင်းပြလိုက်ပါက ယုံနိုင်ပါမည်လော။
မဖြစ်နိုင်ပါ။
ဇာတ်ညွှန်းထဲတွင် 'လုလီရှင်း'ဟူသော စာသားမပါပေ။
လုလီရှင်းသာ ထက်မြတ်သူတစ်ယောက်မဟုတ်လျှင် ရှောင်လွှဲပြောပြီး ဖြစ်ပေလိမ့်မည်။
ယခုလေးတင် ပြောခဲ့မိသောစကားမှာ "ကျွန်မ ရှင့်ကိုချစ်တယ် လုလီရှင်း"ဟူ၍ ဖြစ်လေသည်။
ပိုဆိုးသည်မှာ လုလီရှင်းအား ကြည့်လျက် ပြောမိခြင်းပင် ဖြစ်လေသည်။