Unicode
အခန်း (၆၃) - ဘယ်လောက်တောင် အရှက်ကင်းမဲ့ရတာလဲ (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)လုလီထင်းက မျက်ခုံးပင့်လိုက်သည်။ “အဖိုး ကျွန်တော့်ကို စုံစမ်းခိုင်းထားတာလား။”
“ငါ့မြေးက မကြာခဏ အိမ်မပြန်လာဘူး။ မင်း ဘယ်ကိုသွားလဲ လာလဲဆိုတာကို ငါစစ်ဆေးကြည့်တာ ဘာမှားလို့လဲ။”
လုလီထင်းသည် အကြီးအကဲလုကို စကားပြန်မပြောပေ။ ယင်းအစား သူက ကျီချင်းချင်းဖက်သို့ မှုန်မှိုင်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ “ရှန်းဝေဝေက ကျွန်တော် သဘောကျတဲ့ အမျိုးသမီးဖြစ်ပြီး လက်ထပ်ရည်ရွယ်ထားတဲ့ အမျိုးသမီးပါ။ ကျီချင်းချင်းကြောင့်သာ မဟုတ်ရင် သူမ ဒဏ်ရာရပြီး ဆေးရုံတက်နေရမှာ မဟုတ်ဘူး။”
ကျီချင်းချင်းသည် သူ့ရဲ့ မှုန်မှိုင်းနေသော အကြည့်နှင့် ဆုံတွေ့ခဲ့ပြီး အပြုံးလေးဖြင့် လုလီရှင်းရဲ့ ထမင်းပန်းကန်ထဲကို ကြက်သားတစ်ပိုင်း ခပ်ထည့်ပေးကာ ပြောလိုက်သည်။ “ခင်ပွန်း၊ ရှင် အပြည့်အဝ ပြန်သက်သာသေးတာ မဟုတ်ဘူး။ ရှင် ကျန်းမာရေး ပိုကောင်းလာအောင် များများစားပေးရမယ်။”
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ၃၅ နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
ကျီချင်းချင်းသည် လုလီထင်းကို မကြောက်ရွံ့တော့ပါ။ လုလီရှင်းဟာ အသက်ရှင်နေသေးသောကြောင့် လုလီထင်းသည် အသုံးကျသော အမျိုးသားဇာတ်လိုက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူ့မှာ စီးပွားရေးလုပ်ဖို့ ဦးနှောက်မရှိဘူး။ သူ့က ချစ်တတ်တဲ့နေရာမှာပဲ အသုံးကျတယ်။ ဝတ္ထုထဲတွင် ရှန်းဝေဝေကြောင့် လုလီရှင်း တည်ဆောက်ထားခဲ့သော စီးပွားရေးအင်ပါယာကို အကြိမ်ကြိမ် အခါခါ ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။ လုလီထင်းသည် ကြီးကျယ်သောအရာကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူတစ်ယောက် မဟုတ်ပေ။
ကျီချင်းချင်းကို လုလီရှင်းက တစ်ချက်အာရုံစိုက်လိုက်သည်။ သူ့မျက်ဝန်းထောင့်ကနေ သူ့ညီငယ်ရဲ့ မှုန်မှိုင်းနေသည့် မျက်နှာအမူအရာကို သတိပြုမိလိုက်သည်။ တိတ်တိတ်ဆိတ်ဆိတ်နေကာ ကျီချင်းချင်းကို ထည့်ပေးလိုက်သော ကြက်သားတစ်တုံးကို ကောက်ယူ ဝါးစားလိုက်သည်။