Unicode
အခန်း (၆၉) - ကိုယ့်ရဲ့အကြွေးဝယ်ကတ်ကိုသုံး (၂)
ရေချိုးခန်းထဲမှာတော့ ကျီချင်းချင်းက ရေချိုးနေလေ၏။ ဆပ်ပြာမြုပ်တွေနဲ့ ပြည့်နေသည့် ရေချိုးကန်ကို ကြည့်ရင်း အရည်အသွေးမြင့်မားသော စတိုရီယိုတွင် တီးခတ်နေသကဲ့သို့ အစောပိုင်းက ပြောခဲ့သော စကားကြီး စကားကျယ်များဟာ သူမ၏ အတွေးထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ရေချိုးနေရင်း သူမရဲ့ နားရွက်လေးများ ရှက်ရွံ့မှုကြောင့် ရဲရဲနီသွားခဲ့သည်။ သက်ပြင်းချရင်း သူမကိုယ်လုံးလေးကို ရေချိုးကန်ထဲ ငုပ်လျှိုးလိုက်သည်။
အရမ်းရှက်ဖို့ကောင်းတာပဲ ! သူမကိုယ်တိုင်ပဲ ရေနစ်သေလိုက်သင့်တယ်!
ဒါပေမဲ့ ဒါက တကယ်ပဲ သူမရဲ့အပြစ်ရော ဟုတ်ရဲ့လား။
တကယ်တော့ လုလီရှင်းက သူမကို စကားပြောတာ မပြတ်မသားနဲ့ အထင်လွဲအောင်လုပ်လို့ ဖြစ်ရတာလေ။ ဒါက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာများလား။ သူက သူမကို အရှက်ရအောင် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တာလား။
မဟုတ်ရင် သူက ဒီလို အထင်အမြင်လွဲမှားစေမယ့် စကားလုံးတွေကို ဘာဖြစ်လို့ ပြောရတာလဲ။ လုလီရှင်းက သူမကို အပင်ပန်းခံပြီး အဟားခံရသူဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပုံပဲ။
ဒါပေမဲ့ လုလီရှင်းက ဆုတောင်းပုတီးကို ပေါ့ပေါ့ပါးပါး သွားယူလိုက်ဖို့ပဲ ပြောခဲ့ပေမယ့် သူမကတော့ ဒါကို ဒီအတိုင်း သဘောမထားနိုင်ဘူး။
အဘိုးက သူမကို ကောင်းကောင်းဆက်ဆံတယ်။ ဒါကြောင့် သူမက မြေးချွေးမတစ်ယောက်အနေနဲ့ လက်ဆောင်တစ်ခုခုကိုတော့ ပြန်ပေးသင့်သည်။
ပြီးတော့ သူမနဲ့ လုလီရှင်းက အကြင်လင်မယားတွေ ဖြစ်ကြသည်။ သူက စရံငွေအတွက် ပေးချေခဲ့ပြီးပြီဆိုတော့ သူမက နောက်ထပ် ပေးရမည့် လက်ကျန်ငွေကို ပေးချေလိုက်ရင် ဒါကို ပူးတွဲလက်ဆောင်အဖြစ် သတ်မှတ်နိုင်လိမ့်မည်။ အဘိုးအတွက် သူမတို့နှစ်ယောက် လက်ဆောင်တစ်ခုကို အတူတူပေးတာက သင့်တော်ပါလိမ့်မည်။
သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့ အဘိုးအိုကြီးက စိတ်ချမ်းသာဖို့ ဘုရားမှာ ဆုတောင်းဝတ်ပြုနိုင်သည်။ ဒီတော့ ဆုတောင်းပုတီးက အသင့်တော်ဆုံး လက်ဆောင်ပင်။