Chapter-122

1.2K 105 2
                                    

Unicode

အခန်း (၁၂၂)

လုလီရှင်းသည် မျက်‌လုံးကို မှေးလျက် "မင်း နေမကောင်းချင်ယောင်ဆောင်နေတာ ရပ်လိုက်‌စမ်းပါ။"

"ကျွန်မက ဘာဖြစ်လို့ ဟန်ဆောင်နေရမှာလဲ။ ကျွန်မခေါင်းတကယ်ကိုက်နေလို့ပါ..." ကျီချင်းချင်းသည် အိပ်ရာဆီသို့ မြန်မြန်လျှောက်သွားရင်း ပြောသည်။

လုလီရှင်းသည် အသံနိမ့်ဖြင့် အော်လိုက်သည်။ "ကျီချင်းချင်း!"

ကျီချင်းချင်းသည် ခေါင်းကိုက်သထက်ကိုက်လာသည်။ "ရှင်ပဲ မသိချင်ဘူးလို့ ပြောခဲ့တာမလား"

"ကိုယ် စိတ်ပြောင်းသွားပြီ။ ကိုယ် အခုသိချင်တယ်။ မင်း ကိုယ့်ကို ဝူယန်ဇိုလို့ မှားခေါ်ပြီးတော့ အိပ်ရာထဲကို ဘာဖြစ်လို့ ရောက်နေတာလဲလို့တောင် မေးလိုက်သေးတယ်။" လုလီရှင်းသည် သူမကို စိုက်ကြည့်လျက် ပြောသည်။ "ဘာဖြစ်လို့လဲ၊ သူက မင်းအိပ်ရာထဲ လာနေကြလား။"

ကျီချင်းချင်းသည် စိတ်လှုပ်ရှားစွာ တံတွေးမြိုချပြီးနောက် တည်ငြိမ်အောင် ချုပ်ထိန်းလျက် "ဝူယန်ဇိုက ဘာဖြစ်လို့ ကျွန်မအိပ်ရာထဲ လာရမှာလဲ။"

လုလီရှင်း၏ အကြည့်တွေက အေးစက်သွားသည်။ ကျီချင်းချင်းမှာတော့ အကြောင်းပြချက်ကောင်းကောင်းတစ်ခုပေးရန် စိတ်ကို ရှင်းလင်းအောင် ကြိုးစားနေသည်။ ထို့နောက် တိုးတိမ်စွာဖြင့်ပင် "ရှင် တကယ်သိချင်တယ်ဆို ကျွန်မ အမှန်ကို ပြောပါ့မယ်။ ရှင်းပြဖို့တော့ နည်းနည်းခက်တယ်"

"ပြောပါ။"

ကျီချင်းချင်းသည် ခဏမျှတွေဝေလျက် "ကျွန်မ လွန်ခဲ့တဲ့နှစ်ရက်က ဝတ္ထုတစ်ပုဒ် ဖတ်ခဲ့တယ်။"

"ဝတ္ထုတစ်ပုဒ်လား"

ကျီချင်းချင်းသည် မသိမသာခေါင်းညိတ်၍ သက်ပြင်းချလျက် "ဝတ္ထုထဲမှာပါတဲ့ အမျိုးသမီးဇာတ်လိုက်မက တုံးအပြီး သနားစရာကောင်းတယ်။ သူ့မိဘတွေက သမီးတွေထက် သားတွေကို ပိုအရေးပေးကြတယ်။ သူတို့သားတွေကို ငယ်ငယ်က အလိုလိုက်ထားကြတော့ ကြီးလာတဲ့အခါ ဘာမှ မသိကြတော့ဘူး။ မိသားစုတစ်ခုလုံးက သူတို့သမီးပေါ်မှာပဲ မှီခိုနေကြရတယ်။ သူမကလည်း အလုပ်အရမ်းကြိုးစားတယ်။ သူမရဲ့ မိသားစုကို ထောက်ပံ့နေရင်းနဲ့ပဲ အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံစုခဲ့တယ်။ နောက်ဆုံး အိမ်ဝယ်လို့ရတော့မယ့် အချိန်မှာ သူမရဲ့ အစ်ကိုက လောင်းကစားကြွေးတွေ အများကြီးတင်နေတယ်။ အကြွေးရှင်တွေက အကြွေးတွေ ပြန်မဆပ်ရင် သူမအစ်ကိုရဲ့လက်ကို ဖြတ်ပစ်မယ်ဆိုပြီး ပြောလာကြတယ်။ နောက်ဆုံးတော့ သူမလည်း ရွေးချယ်စရာမရှိဘဲ သူမအစ်ကိုရဲ့ အကြွေးတွေ ပြန်ဆပ်ပေးလိုက်ရတယ်။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now