အခန်း (၁၈၁)
ကျီချင်းချင်းမှာ လုလီရှင်းအား 'အစ်ကိုတော်၊ ရှင် ဘာတွေပြောနေတာလဲ။' ဆိုသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
သူမ၏ ရိုက်ကူးရေး အချိန်ဇယားမှာ ပြည့်ကြပ်နေသည်။ တစ်ရက်ကို ငါးနာရီ ဗီဒီယိုဖုန်းခေါ်ဆိုမှု လုပ်ရမယ်။ သူမအလုပ်ကိုရော လိုချင်သေးရဲ့လား။
ထို့အပြင် လုလီရှင်း၏ အလုပ်များမှာလည်း မထူးမခြားနားပင်ဖြစ်၏။ သူ့မှာ သူမနဲ့ ဗီဒီယိုဖုန်းခေါ်ဆိုမှုပြုလုပ်ဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ။ တစ်ရက်ကို အချိန်ပို ငါးမိနစ်လောက် ညှစ်ထုတ်နိုင်ရင်ပဲ မဆိုးလှဘူး ပြောရမယ်။
"ဟင့်အင်း မလုပ်နိုင်ဘူး။ ဒါက ရှင့်အလုပ်ကို နှောင့်နှေးစေလိမ့်မယ်၊ အဲ့ဒါအပြင်..." သူမသည် လုလီရှင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ "ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဲ့လောက် ရင်းနှီးလို့လား။ တစ်ရက်ကို ငါးနာရီ ဗီဒီယိုဖုန်းခေါ်ဆိုဖို့ ဘာဖြစ်လို့ လိုအပ်တာလဲ။"
"မင်း မပြောခဲ့ဘူးလား။ ငါတို့က အကြင်လင်မယားဆို။ နေ့တိုင်း ဗီဒီယိုဖုန်းခေါ်ဆိုဖို့ အကြောင်းပြချက် လိုသေးတာလား။"
"ဒါပေမဲ့ နေ့တိုင်း ဗီဒီယိုဖုန်းခေါ်နေရင် ရပြီမလား။ ဘာဖြစ်လို့ ငါးနာရီပြည့်အောင် ပြောရမှာလဲ။ အဲ့လောက် အချိန်ကို ကျွန်မ ဘယ်ကနေ သွားယူရမှာလဲ။"
"မင်းမှာ လက်ထောက်ရှိတယ် မဟုတ်လား။" လုလီရှင်းသည် ဘေးတွင် ရေခွက်ကိုင်ကာ ကျောက်တုံးကြီးလို ရပ်နေသော ဝမ်ရို့အား ကြည့်လိုက်သည်။
လုလီရှင်း၏ အကြည့်အား ရလိုက်သောအခါ ဝမ်ရို့သည် ချက်ချင်းပင် ရေခွက်အား သူ့လက်နားတွင် ချပေးလိုက်သည်။ "ဥက္ကဌလု ရေသောက်ပါဦး။"
"မင်း တကယ်ပဲ အလုပ်များနေတယ်ဆို မင်း ရုပ်ရှင်ရိုက်နေတုန်း ဖုန်းကို မင်းဘက်လှည့်ပြီး ဝမ်ရို့ကို ကိုင်ခိုင်းထားလိုက်လေ။"
ဝမ်ရို့ကို ဖုန်းကိုင်ခိုင်းပြီး သူမ သရုပ်ဆောင်နေတုန်း ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်ရမယ် ဟုတ်လား။