Unicode
အခန်း (၁၁၅)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)"ဒါတွေအားလုံးက အတိတ်က ကိစ္စရပ်တွေချည်းပါပဲ။ ကျွန်မ ငယ်ငယ်တုန်းက အမြင်ကန်းခဲ့တာပဲ မဟုတ်လား။ ကျွန်မ ကံမကောင်းလို့ ဒီလို အမှိုက်ကောင်မျိုးနဲ့ ချိန်းတွေ့ခဲ့ဖူးတယ်။"
လုလီရှင်းက ခေါင်းညိတ်ထောက်ခံသည်။
သူတို့နှစ်ယောက် ဝင်လာတော့ အမေကျီက သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး ယုယန်ကိုသာ အလေးထား ဂရုစိုက်ပေးခဲ့သည်။ တရုတ်ဂဏန်းကောင်ကြီးတွေအားလုံးကို ယုယန်ရှေ့မှာသာ တည်ခင်း ဧည့်ခံပေးထားသည်။
လုလီရှင်းသည် ယုယန်နှင့် မျက်စောင်းထိုးတွင် ဝင်ထိုင်ပြီး သူ့ကို အေးစက်စွာ ကြည့်နေခဲ့သည်။
ယုယန်က သူ့အကြည့်တွေကို အောက်စိုက်ထားကာ လုလီရှင်းရှေ့တွင် သူက အရင်ကထက် အများကြီး နှိမ့်ချနေခဲ့သည်။
"ယုယန်၊ မင်း အခုနလေးတုန်းက မင်းမိသားစု ဘာလုပ်တယ်လို့ ပြောခဲ့တာလဲ။ ကျန့်ရှင်းအင်တာနေရှင်နယ်က အရမ်းနာမည်ကြီးတယ်လို့ လူတွေပြောလေ့ရှိပေမယ့် အန်တီတို့က ဗဟုသုတနည်းတဲ့အတွက် မင်းတို့ကုမ္ပဏီက ဘာကုမ္ပဏီလဲ ဆိုတာ အန်တီတို့ မသိဘူး။"
ယုယန်က လုလီရှင်းကို တစ်ချက်ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်၊ "ကျွန်တော်တို့ကုမ္ပဏီက သာမန်အင်တာနက်ကုမ္ပဏီတစ်ခုပါပဲ။"
"အင်တာနက်ကုမ္ပဏီလား။ အင်တာနက်ကုမ္ပဏီတွေက အခု ပိုက်ဆံအများကြီး ရှာနိုင်တယ်လို့ အန်တီကြားဖူးတယ်။ မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသားတင် ပိုင်ဆိုင်မှု ယွမ်နှစ်ဘီလီယံ ရှိနေပြီ။ မင်းက မင်းရဲ့ ရွယ်တူတွေကြားမှာ အထူးချွန်ဆုံးလူငယ်ပဲ။ မင်းနဲ့ ဘယ်သူမှ ယှဥ်လို့မရဘူး။" အမေကျီက လုလီရှင်းကို လှမ်းကြည့်ပြီး အပြုံးဖြင့် အမေးဆိုသည်၊ "မင်းက ချင်းချင်းရဲ့ ချစ်သူလား။"
လုလီရှင်းက ခေါင်းညိတ်ပြီး "ဟုတ်တယ်"
"ဒါဆို မင်းရော ဘာလုပ်လဲ။"
"ကျွန်တော်က နည်းပညာကုမ္ပဏီမှာ အလုပ်တယ်။ များသောအားဖြင့် ကျွန်တော်က စာရွက်စာတမ်းအချို့ကိုသာ ဖြေရှင်းပေးရတယ်။"