မြို့ထဲက ည
မြိုရိုးထက်ရှိ မျှော်စင်တွင် လျန်ချန်းလန်ရှိနေ၏။ သူ့နောက်တွင် အရာရှိလေးယောက်၊လင်းဖန်နှင့် လျန်ဖေးတို့ရှိနေလေသည်။
လျန်ချန်းလန်သည် ထိုနေရာတွင် နာရီပေါင်းများစွာကြာသည်အထိ မတ်တတ်ရပ်နေခဲ့၏။ သူက တချက်ကလေးမျှလှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေပြီး အခြားသူများကလည်း တိတ်ဆိတ်နေသည်။ လျန်ချန်းလန်၏ရင်ထဲမှ နာကျင်မှု့ကို သူတို့အားလုံးနားလည်၏။
လူပေါင်းတစ်သိန်းကျော်၏အသက်တွေ၊ အနာဂတ်တွေက ခဏလေးအတွင်း ပျောက်ကွယ်သွားခဲ့ရသည်။ ဤအရာက စစ်ပွဲ၏အမှန်တရားတစ်ခုဖြစ်ပေသည်။
ဝမ်းနည်းစရာကောင်းသည့် အမှန်တရားဟုဆိုနိုင်၏။ ဘယ်လိုဖြစ်ပျက်လာမလဲဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ပေ။ ဤကဲ့သို့ ကြေကွဲဝမ်းနည်းစရာကောင်းသည့် အဖြစ်အပျက်များ မဖြစ်ပွားခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာခဲ့လေပြီ။ ထို့အပြင် ယခင်တုန်းက လျန်ချန်းလန်သည် တိုက်ပွဲများတွင် တစ်ကြိမ်မှမရှုံးဖူးခဲ့ချေ။ သို့ရာတွင် ယခုအချိန်၌ သူရှုံးနိမ်ခဲ့ရပြီး သူ၏တပ်သည်လည်း အလဲလဲအကွဲကွဲဖြစ်ခဲ့သည်။
“ ဟူး ……”
လျန်ချန်းလန်က သက်ပြင်းမောကို ချလိုက်၏။ ထို့နောက် သူကနှေးကွေးစွာဖြင့် လှည့်လိုက်သည်။ ယခုအခါမှာ မြို့ထဲရှိလူအားလုံးက ပစ္စည်းများကို ထုတ်ပိုးနေကြပြီး သွမ့်ရိန်မြို့မှထွက်ခွာရန်အဆင်သင့် ဖြစ်နေ၏။
မိုယွဲ့တပ်က မင်းသမီး၏အသက်ဖြင့် ခြိမ်းခြောက်ကာ သူတို့ကိုဖိအားပေးလာခဲ့သည်။ သူတို့အနေဖြင့် သွမ့်ရိန်နယ်နိမိတ်ကို ခုခံကာကွယ်နိုင်ခြင်းမရှိတော့ပေ။
အကယ်၍ သွမ့်ရိန်နယ်နိမိတ်သာ ကျရှုံးသွားခဲ့လျှင် သွမ့်ရိန်မြို့က အလွန်အန္တရာယ်များသည့်နေရာတစ်ခု ဖြစ်လာလိမ့်မည်။ ငါးသိန်းဆိုသောတပ်သားပမာဏက သွမ့်ရိန်မြို့ကို အလွယ်တကူသိမ်းပိုက်ရန် လုံလောက်၏။
သူတို့က သာမန်စွမ်းအားသာရှိသည့်လူများမဟုတ်ချေ။ လင်းချီစုဆောင်းမှု့သို့ရောက်ရှိနေကြပြီဖြစ်ပြီး တစ်ခါခုန်ရုံမျှဖြင့် မြို့၏ဂိတ်ပေါက်ကို ကျော်နိုင်ပေသည်။ ထိုနေရာမှနေ၍ မြားမိုးရွာခြင်းအားဖြင့် မြို့ထဲရှိအရာအားလုံးကို ဖျက်ဆီးပစ်နိုင်၏။
“ သွမ့်ရိန်မြို့တော်က ကျယ်ဝန်းပေမယ့် သေးငယ်တဲ့မြို့လေးတစ်မြို့သာဖြစ်တယ်။ လူဦးရေက ငါးသိန်းငါးသောင်းရှိတယ်။ ဒီမြို့က သူတို့မွေးကတည်းက နေလာခဲ့တဲ့နေရာဖြစ်ပေမယ့် စွန့်ခွာသွားကြတော့မယ်။ ဒီကိစ္စမှာ ဘာမှဝင်မပါနိုင်ဘူး ”
လျန်ချန်းလန်က သက်ပြင်းရှိုက်လိုက်ရင်း ပြောလိုက်သည်။
“ စစ်ပွဲမှာ ရလဒ်က မသေချာဘူး။ နိုင်တာလည်းရှိမယ်..ရှုံးတာလည်းရှိမယ်။ ဗိုလ်ချုပ်အနေနဲ့ အကောင်းဆုံးလုပ်ရမှာက အခြေအနေတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာပဲ ”
လင်းဖန်က ခေါင်းကိုခါယမ်းလိုက်ရင်းပြောလိုက်၏။
