အမိန့်အာဏာ
မြင်းများကဆုန်စိုင်းစီးလာသောအသံက လွန်စွာ နီးကပ်လာပေ၏။ မြို့ရိုးထိပ်မှာရှိနေသော တပ်သားများက သူတို့၏မြားတွေကို ပစ်ခတ်ခြင်းမပြုသေးဘဲ သူတို့၏လေးတွေကို တဖြည်းဖြည်းချလိုက်ပြီး ရောက်လာသောလူများကို ကြည့်လိုက်လေသည်။
“ ရိန်ချင်းကွမ် ”
လင်းဖန်က အော်ပြောလိုက်၏။ ထို့နောက် မြင်းပေါ်မှဆင်းလိုက်ပြီး တပ်သားများကို သူတစ်ချက်ကြည့်လိုက်သည်။
“ အားလုံးပဲ..မတိုက်ခိုက်ကြပါနဲ့ဦး ”
လင်းဖန်က ပြောလိုက်သည်။ အကယ်၍ သူတို့သာတိုက်ခိုက်လိုက်လျှင် သူတို့အားလုံး ပြန်လမ်းမရှိဘူးဆိုတာကို လင်းဖန်ကောင်းစွာ နားလည်နေ၏။ သူတို့သာ အင်ပါယာမြို့တော်ကို တိုက်ခိုက်လျှင် သူပုန်အဖြစ်သတ်မှတ်ခံရမည်ဖြစ်ပြီး သံသယဖြစ်ဖွယ်မရှိ ချေမှုန်းသုတ်သင်ခြင်း ခံရပေလိမ့်မည်။
နောက်ကွယ်မှကြိုးကိုင်နေခဲ့သောလူများက ဤတပ်သားအားလုံး၏အသက်ကို ဂရုမစိုက်ပေ။ သူတို့၏အရေးကိစ္စအောင်မြင်ရေးသာ စိတ်ဝင်စားကြပေသည်။
“ လင်းဖန်..မြန်မြန်လာ! လျန်ချန်းလန်အတွက် အချိန်မရှိတော့ဘူး!”
စိုးရိမ်ကြောင့်ကြသည့်အသွင်ရှိသော ရိန်ချင်းကွမ်က ပြောလိုက်၏။ လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအကြောင်းခြင်းရာကြောင့် အလျင်အမြန်ဖြင့် သူလာခဲ့ခြင်းလည်း ဖြစ်ပေ၏။ သူက အင်ပါယာမြို့တော်သို့ ရောက်ရန်အတွက် နေ့ရောညပါ မနားမနေ မြင်းကိုတရကြမ်းစီးနင်းလာခဲ့သည်။ သူကြန့်ကြာနေလို့မရဘူးဆိုတာ သိနေခဲ့၏။
လင်းဖန်က မြို့ရိုးထက်ရှိ လူများကို ကြည့်ကာ အော်ပြောလိုက်လေသည်။
“ အင်ပါယာမြို့တော်ကို လင်းဖန်ပြန်လာပါပြီ။ ဂိတ်တံခါးဖွင့်ပေးပါ ”
ရွှီယွဲ့နိုင်ငံက သူ့ကို သတ်ချင်နေသလို သက်သေမရှိဘဲသေစေချင်နေကြောင်း လင်းဖန်သိသည်။ ယခုအခါ အင်ပါယာမြို့တော်၏အနီးမှာ လူအုပ်ကြီးက မြင်ကွင်းကို စိတ်ပါဝင်စားစွာ ကြည့်နေ၏။ အကယ်၍ သူတို့သာ လင်းဖန်ကို သတ်လျှင် သူတို့၏စိတ်ဓာတ်အမှန်ကို ဖော်ပြလိုက်သလို ဖြစ်သွားပေမည်။
ခန့်မှန်းထားသည့်အတိုင်း တပ်သားများသည် လင်းဖန်ဟူသော အမည်ကို ကြားသောအခါ ငေးကြောင်သွားတော့သည်။ သူတို့က သူတို့၏လေးတွေကို အောက်သို့ နှိမ့်လိုက်ရာ မိန်ချုန်းမှာ ဒေါသထွက်သွားရလေ၏။ သူ့မျက်နှာထက်မှာ ရေခဲတမျှအေးစက်စက်အမူအရာတစ်ခု ထွက်ပေါ်လာပြီး လင်းဖန်ကို စူးစိုက်ကြည့်လိုက်လေသည်။
“ လင်းဖန်…”
မိန်ချုန်းတီးတိုးရေရွတ်လိုက်၏။ ထို့နောက် အေးစက်စက်အသံဖြင့် ပြောလိုက်လေသည်။
“ လင်းဖန်ကို မိုယွဲ့နိုင်ငံက ဖမ်းသွားပြီ။ တကယ်လို့ ဒီလိုနေ့မျိုးမှာ ဒီနေရာကို ရောက်နေတဲ့လင်းဖန်ဟာ မိုယွဲ့နိုင်ငံနဲ့ အလုပ်အတူတွဲလုပ်နေတဲ့ သစ္စာဖောက်တစ်ယောက်ပဲဖြစ်ရမယ်။ အင်ပါယာမြို့တော်ထဲ သူ့ကို ဝင်ခွင့်မပြုနိုင်ဘူး။ ဒါ့အပြင် ဒီသူပုန်တွေကလည်း အံ့အားသင့်စရာကောင်းလောက်အောင် အင်ပါယာမြို့တော်ကို ဝန်းရံပြီး ငါတို့ကို တိုက်ခိုက်ဖို့ပြင်နေတယ်။ ငါတို့အနေနဲ့ သူတို့ကို သတ်ရမယ်။ တိုက်ခိုက်ဖို့အတွက် အားလုံးအသင့်ပြင်!”
“ ဟမ် ?”
လင်းဖန် မျက်မှောင်ကြုတ်သွား၏။ တိုက်ခိုက်တယ်လား? သစ္စာဖောက်တွေလား?
မည်မျှအရှက်တရားကင်းမဲ့လိုက်ပါသနည်း! လင်းဖန်သာလျှင် အံ့အားသင့်သွားသည်မဟုတ်ပေ။ မိန်ဂူဖန်းအပါအဝင် မြို့ရိုးထက်ရှိတပ်သားများသည်လည်း အံ့သြသွား၏။ သို့သော် အမိန့်ကို နာခံရမည်ဖြစ်သည့်အတွက် တပ်သားများက သူတို့၏လေးတွေကို မြှောက်လိုက်ကြပြီး ပစ်ခတ်ရန် အသင့်ပြင်လိုက်လေသည်။
“ ရှင်လုပ်ဝံ့လား ?”
ယခုအခါ သွမ့်ရှင်းရဲ့သည်လည်း လင်းဖန်၏ဘေးရှိ မြင်းတစ်ကောင်ပေါ်မှာ ရှိနေပေသည်။ လူအုပ်ကြီးမှာ တအံ့တသြဖြစ်သွား၏။