အပိုင်း ( ၃၉၂ )

345 36 0
                                        

Zawgyi

တျန်အဆင့်တောရိုင်းကောင်နှင့် တိုက်ပွဲ

“ တောရိုင်းကောင်က အမြဲတမ်း တောရိုင်းကောင်ပဲ ဖြစ်နေမှာ။ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားရင်တောင်မှ တောရိုင်းကောင်ရဲ့သဘာဝကို ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး ”
လင်းဖန်က သရော်လှောင်ပြောင်လိုက်၏။ ကြောင်သည် ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်ပုံစံဖြစ်သွားသည်။ ထို့နောက် ၎င်းက အက်ကွဲသောလေသံဖြင့်
“ အဲ့ဒီတော့ဘာဖြစ်လဲ။ ငါလူတစ်ယောက်အဖြစ်ပြောင်းလဲပြီး တကယ့်လူတစ်ယောက်ဖြစ်သွားတဲ့အထိ စောင့်ကြည့်လိုက်စမ်းပါ။ င့ါရဲ့အစွမ်းကို အားကိုးပြီး လူသားကမ္ဘာကို ငါပိုင်အောင် လုပ်ပြီး ငါသတ်ချင်တဲ့လူတွေကို ငါသတ်ပြမယ် ”
“ အခြေခံကျကျပြောရရင် မင်းက လူသားတစ်ယောက်မဖြစ်ချင်ဘူး။ နှစ်တစ်ထောင်ကြာနေခဲ့ရတော့ အတွေ့အကြုံအသစ်လိုချင်လို့သာ လုပ်နေတာပဲ။ ဒါပေမယ့် အားနည်းတဲ့လူတွေကို သတ်ချင်တဲ့ ခင်ဗျားရဲ့စိတ်ကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ လူ့ကမ္ဘာကို ဝင်ရောက်သွားရင် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေက ခင်ဗျားကို သတ်ပစ်လိမ့်မယ် ”
လင်းဖန်က ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ ဤကြောင်သည် အစက လူသားမဖြစ်ချင်ခဲ့ပေ။ ၎င်းက အလွန်ရှည်လျားစွာ နေထိုင်ခဲ့ရသည့်အတွက်ကြောင့် ပျင်းရိငြီးငွေ့ကာ လူသားကမ္ဘာသို့ ဝင်ရောက်ပြီး အပျော်ရှာချင်နေ၏။ သူက လူသားကျင့်ကြံသူတစ်ယောက်ကဲ့သို့ မောက်မာဝင့်ကြွားခြင်းမရှိဘဲ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ရက်စက်ကြမ်းကြုတ်နေသည်။
“ မင်းပြောတာ မှန်နိုင်တယ်။ ဒါပေမယ့် ဂရုတစိုက်တွေးတောဖို့ မင်းကို ငါအကြံပေးချင်တယ် ”
ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိသော ကြောင်က ၎င်း၏သွားတွေကို ဖြဲကာ ပြောလိုက်သည်။ သူ့ပုံစံက ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားတစ်ကောင်ပမာ ဖြစ်နေ၏။
လျှပ်တစ်ပြက်အတွင်း ကျောက်သည် သူတို့၏အထက် လေထုထဲမှာ မတ်တတ်ရပ်နေသည်။
“ ဝေါင်း……”
အတောင်ပံကျားသည် ကျယ်လောင်စွာ ဟိန်းလိုက်၏။ ထို့နောက် ကြောင်ဆီသို့ ပြေးဝင်သွားသည်။ ၎င်း၏ခန္ဓာကိုယ်က ကြီးထွားလာပြီး ၎င်း၏နှလုံးသားထဲတွင် မုန်းတီးခြင်းများဖြင့် ပြည့်နေ၏။
“ တိရစ္ဆာန်…ထွက်သွားစမ်း ”
ကြောင်က စူးရှသည့်လေသံဖြင့် အော်ပြောလိုက်သည်။ ထို့နောက် ကြောင်သည် ချာခနဲလှည့်ကာ လေထုကို ဖြတ်၍ ထိုးဆင်းသွား၏။ ၎င်း၏လက်မှ လက်သည်းများရှည်ထွက်လာပြီး လေထဲတွင် သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ အတောင်ပံကျား၏ခန္ဓာကိုယ်ကား လေထဲမှာ လည်နေ၏။ ကြောင်၏လက်သည်းက ၎င်း၏အသားကို စုတ်ပြတ်သွားစေခဲ့သည်။
အတောင်ပံကျား၏ ပါးစပ်သည် ပွင့်နေပြီး ကြောင်ကို ကြည့်ကာ ဒေါသတကြီး မာန်ဖီနေသည်။ ၎င်း၏မျက်နှာက အလွန်တရာ ကြမ်းကြုတ်သည့်အသွင်ရှိပြီး နှလုံးသားတွင် မုန်းတီးခြင်းများဖြင့် ပြည့်နေ၏။ တျန်အဆင့်တောရိုင်းကောင်၏ အရှက်ခွဲခံရခြင်းကို အတောင်ပံကျား မလိုချင်တော့ပေ။ ၎င်းခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ ၎င်း၏သွေးဆာသည့်စရိုက်များပင် ပျောက်ကွယ်ခဲ့ရပြီး နှစ်ပေါင်းများစွာ နူးညံ့သိမ်မွေ့စွာ နေခဲ့ရသည်။
“ မင်းက အထီးကျန်တယ်လို့ ခံစားနေရတော့ သေချင်လာတာဖြစ်မယ် ”
ကြောင်က အက်ကွဲသောအသံဖြင့် ပြောလိုက်၏။ သူသည် နေရာမှာပင် မားမားမတ်မတ်ရပ်နေပြီး သူ၏လက်များက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တိရစ္ဆာန်တစ်ကောင်၏ လက်သည်းချွန်ကြီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။
“ သူ့ကို တစ်ယောက်တည်း မတိုက်ခိုက်နဲ့။ ဒီကိုလာ ”
လင်းဖန်က အတောင်ပံကျားကို အော်ပြောလိုက်၏။ နေသည် သူ၏ခန္ဓာကိုယ်ပေါ်မှာ တလက်လက်တောက်ပလာသည်။ သန့်စင်သောနေချီများက မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းဖန်၏ခန္ဓာကိုယ်ကို ဝန်းရံထား၏။
“ ခန့်မှန်းထားတဲ့အတိုင်း မင်းက ရွှမ်ချီအဆင့်နှစ်ကို ရောက်သွားပြီကိုး ”
ကြောင်က လင်းဖန်၏သန့်စင်သောချီများကို ခံစားလိုက်မိသောအခါ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
လင်းဖန်က ပြန်လည်ဖြေကြားခြင်းမပြုပေ။ သူသည် ရွှမ်ချီအဆင့်နှစ်သို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်၏။
သူ၏အတိုက်အခိုက်စွမ်းအင်က အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအစွမ်းထက်လာခဲ့သည်။ တိုတောင်းသောအချိန်တွင်းမှာ လင်းဖန်သည် ကျန်းပိလော်၊ ယွီကျုန်း၊ ကျိဖန်၊ ဒူရန်နှင့် ဝူကျိန်း စသည့်လူများကို တိုက်ခိုက်ခဲ့သည်။ သူသည် သန့်စင်သောချီများစွာကို သုံးရသည့် အနက်ရောင်ကြာပွင့်ကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့၏။ ထို့နောက် သူ၏သက်စောင့်ဝိညာဉ်ကို အသုံးပြုကာ ဝူကျိန်းနှင့် မှော်ဝိညာဉ်ကို စုပ်ယူခဲ့သည်။
လင်းဖန်သည် တောနက်ပိုင်းသို့ အရဲစွန့်လာခဲ့ပြီး နောက်တစ်ဆင့်သို့ ရောက်ရန် အေးချမ်းစွာ ကျင့်ကြံနိုင်မည့်နေရာကောင်းကို ရှာဖွေခဲ့၏။ ထိုအချိန်မှာ အတောင်ပံကျားကို သူတွေ့ခဲ့ပြီး ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူသည် သန့်စင်သောချီများစွာကို ဆက်တိုက်အသုံးပြုခဲ့ရသည်။ သို့သော်လည်း ထိုအတွက်ကြောင့် သူ၏ခန္ဓာကိုယ်မှ မူလပုံစံသို့ အလျင်အမြန်ပြန်လည်ရောက်ရှိနိုင်စွမ်း မြင့်မားလာခဲ့သည်။ ထိုအခြေအနေမှာ နောက်တစ်ဆင့်သို့ ရောက်ရန် သန့်စင်သောချီများစွာ လိုအပ်လာခဲ့သည်။ ဤကဲ့သို့ အခြေအနေများစွာက ဆုံစည်းသွားပြီး ရွှမ်ချီနောက်တစ်ဆင့်သို့ လင်းဖန်ရောက်ရှိသွားခဲ့၏။
အမှန်တကယ်တော့ အရင်နေ့တည်းက သူသည် ရွှမ်ချီအဆင့်နှစ်သို့ ရောက်ရှိနေသည့်အတွက်ကြောင့် အတောင်ပံကျားက တျန်အဆင့်တောရိုင်းကောင်ကို အသုံးမကျသောကောင်ဟု ထင်နေခဲ့သည်။ လင်းဖန်က သူ၏ကျင့်ကြံခြင်းကို ရပ်တန့်ပြီး သန့်စင်သောချီများကို စုပ်ယူနေခဲ့ခြင်းသာဖြစ်သည်။
အတောင်ပံကျားသည် လင်းဖန်လုပ်နေတာကို မသိခဲ့ပေ။
“ ဒါပေမယ့် ကငျ့်ကြံခြင်းအဆင့်မြင့်သွားလည်း အသုံးမဝင်ဘူး ”
ကြောင်က လင်းဖန်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာရင်း အက်ကွဲသောလေသံဖြင့် ပြောကြားလိုက်သည်။ အတောင်ပံကျားသည် ကျယ်လောင်စွာဟိန်းလိုက်ပြီး လင်းဖန်၏ဘေးသို့ လျှောက်လာ၏။
လင်းဖန်က တျန်အဆင့်တောရိုင်းကောင်ကို ရင်ဆိုင်နိုင်သည့် နည်းလမ်းများစွာ ရှိသည်ဟု ပြောခဲ့သော်လည်း အတောင်ပံကျားက မယုံကြည်ပေ။ သို့ရာတွင် လင်းဖန်အပေါ် မျှော်လင့်ချက်အနည်းငယ်တော့ ထားရှိ၏။
“ အသုံးမဝင်ဘူးလား ကြည့်ကြတာပေါ့ ”
လင်းဖန်၏မျက်လုံးများက နက်မှောင်လာပြီး ခံစားချက်ကင်းမဲ့သည့်ပမာ ဖြစ်သြွးသည်။ ထိုအနက်ရောင်မျက်လုံးများမှ အန္တရာယ်ရှိသော အလင်းရောင်တစ်ခု လက်လာသည်။
“ အမ် ”
ကြောင်က မျက်မှောင်ကြုတ်သွားသည်။ စောစောက လင်းဖန်၏မျက်လုံးများထဲတွင် လက်သွားသော အန္တရာယ်ရှိသည့် အလင်းရောင်က သူ့ကိုထိန်းချုပ်ရန် ကြိုးစားနေသည့်ပမာ ခံစားလိုက်ရသည်။
လင်းဖန်သည် သန့်စင်သောနေချီများကို စတင်စုဆောင်းလိုက်ပြီး အနက်ရောင်မီးတောက်ကို ထုတ်ဖော်လိုက်သည်။ သန့်စင်သောနေချီများ စုစည်းမိသောအခါ အနက်ရောင်မီးတောက်များသည် တဖြည်းဖြည်းနှင့် ပိုမိုတောက်ပလာ၏။
နေချီများသည် အနက်ရောင်မီးတောက်များဖြစ်သည်ငရဲမီးအဖြစ်သို့ အသွင်ပြောင်းကာ နောက်ဆုံးတွင် အနက်ရောင်ကြာပွင့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းကြာပွင့်က တလက်လက်တောက်ပနေ၏။
“ ဒါဘာလဲ ”
ကြောင်သည် အနက်ရောင်ကြာပွင့်ကို စိုက်ကြည့်နေသည်။ ထိုအနက်ရောင်ကြာပွင့်မှာ အံ့မခန်းအစွမ်းထက်သော အဖျက်အဆီးချီများပါဝင်နေသည့်ပုံပေါ်၏။ ဤကဲ့သို့ အရာမျိုး ရှိနေလိမ့်မည်ဟု ကြောင်မှာ မတွေးမိချေ။
အတောင်ပံကျားသည်လည်း လင်းဖန်၏လက်ထဲရှိ အနက်ရောင်ကြာပွင့်ကို စိုက်ကြည့်နေသည်။ တျန်အဆင့်တောရိုင်းကောင်နှင့် ရင်ဆိုင်နိုင်သည်ဟု လင်းဖန်ပြောခဲ့သည့်အဖြေက ထိုအရာလား။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ”
ကြောင်သည် အနက်ရောင်ကြာပွင့်ကို စိုက်ကြည့်နေရာမှ ကောက်ကျစ်စွာပြုံးလိုက်သည်။ ၎င်းက အံ့သြစရာကောင်းအောင် အမြန်နှန်းကို အသုံးမပြုဘဲ သတိထားလျက် ဖြည်းညင်းစွာ လျှောက်လာနေ၏။
ကြောင်များသည် အလွန်အန္တရာယ်ရှိပြီး လိုင်ယန်မိုသည် ကြောင်သတ္တဝါတွေထဲမှ အန္တရာယ်အရှိဆုံး အမျိုးအစားထဲတွင် ပါဝင်သည်။ ထို့အပြင် ၎င်းက တျန်အဆင့်သို့ ရောက်ရှိနေရာ များစွာသော တိုက်ပွဲအတွေ့အကြုံများ ရှိနေ၏။ ၎င်းက အလွန်တရာ ဝင့်ကြွားခြင်းရှိသော်လည်း သတိအမြဲရှိသည်။ ထိုသို့မဟုတ်လျှင် ဤတောင်တန်းအတွင်းမှာ နှစ်ပေါင်းများစွာ နေနိုင်လိမ့်မည် မဟုတ်ချေ။ သူက အလွန်တရာ သတိထားသောကြောင့် လူသားအဖြစ်သို့ မပြောင်းလဲခင် အမှားမလုပ်ဝံ့ချေ။
အကယ်၍ အံ့မခန်းတျန်အဆင့်တောရိုင်းကောင်က လူတစ်ယောက်အဖြစ်သို့ မရရှိခင် မတော်တဆတစ်ခုခုဖြစ်ခဲ့လျှင် မည်မျှအထိ ဆိုးရွားလိုက်မည်နည်း။
“ ဒါပေမယ့် မင်းရဲ့မီးတောက်တွေကို ဟန့်တားဖို့ ငါ ကြိုးစားမှာ မဟုတ်ဘူး ”
ကြောင်သည် လမ်းလျှောက်လာနေရာမှ ရပ်တန့်လိုက်ပြီး အက်ကွဲသောလေသံဖြင့် ပြောကြားလိုက်သည်။ သူ့ခန္ဓာကိုယ်၏ပတ်လည်တွင် မီးတောက်များ ရုတ်ချည်းထွက်ပေါ်လာ၏။ ၎င်းမီးတောက်များတွင် ပြိုးပျက်သော အလင်းရောင်များ ပါဝင်နေပြီး တဂျုံးဂျုံးမြည်သံများ ထွက်ပေါ်နေသည်။
လိုင်ယန်မိုကား မိုးကြိုးမီးတောက်များကို အသုံးပြုနိုင်၏။
ထိုမီးတောက်အမျိုးအစားသည် အလွန်တရာ ဖျက်ဆီးနိုင်စွမ်းမြင့်မားသည်။
“ သွား ”
ကြောင်သည် ၎င်း၏လက်သည်းများကို မြှောက်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အက်ကွဲသောအသံများ ထွက်ပေါ်လာ၏။ ထို့နောက် မိုးကြိုးမီးတောက်များသည် လင်းဖန်ဆီသို့ လျှပ်ပြက်သည့်အလား ပြေးဝင်သွားသည်။
မည်မျှမြန်ဆန်လိုက်သနည်း။
ကံကောင်းစွာပင် လင်းဖန်သည် အမှောင်ကမ္ဘာထဲသို့ ဝင်ရောက်ထားပြီဖြစ်၍ သူ၏အာရုံများက လွန်စွာတိကျနေသည်။ မိုးကြိုးမီးတောက်များ ထွက်ပေါ်လာသည့်အချိန်မှာပင် သူသည် အနက်ရောင်ကြာပွင့်ကို သူ၏ရှေ့သို့ ပို့ဆောင်ထားပြီးဖြစ်သည်။
ခန့်ညားထည်ဝါသော အနီရောင်မိုးကြိုးမီးတောက်များသည် အနက်ရောင်ကြာပွင့်နှင့် ထိတွေ့သွားပြီး တဂျုံးဂျုံးမြည်သံများ ထွက်ပေါ်လာ၏။ မီးတောက်များသည် တခဏကြာပြန့်ကျဲသွားသည်။ သို့ရာတွင် အနက်ရောင်ကြာပွင့်က ဆက်လက်၍ တည်ရှိနေသည်။
ကြောင်အံ့အားသင့်သွား၏။ ဤကဲ့သို့ အစွမ်းထက်သော မိုးကြိုးမီးတောက်ကို အနက်ရောင်ကြာပွင့်က ဖျက်ဆီးပစ်လိုက်လေသည်။ အနက်ရောင်ကြာပွင့်မှာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများ ရှိနေမည်မှာ ထင်ရှားသည်။ ကြောင်သည် လင်းဖန်၏အစွမ်းကို အထင်မြင်သေးထားခဲ့ချေ၏။
အနက်ရောင်ကြာပွင့်တွင် လင်းဖန်၏ခန္ဓာကိုယ်ရှိ သန့်စင်သောနေချီများအားလုံး ပါဝင်သည်။ လင်းဖန်၏သန့်စင်သောနေချီများသည် အမြီးခုနစ်ချောင်းမြေခွေးမှ မီးတောက်အမြုတေကို စုပ်ယူထားခဲ့သဖြင့် လွန်စွာအစွမ်းထက်သည်။ ထို့နောက် သန့်စင်သောနေချီကို အဖျက်အဆီးစွမ်းအင်နှင့်ပေါင်းစပ်လိုက်ပြီး ငရဲမီးအဖြစ်ဖန်တီးကာ အနက်ရောင်ကြာပွင့်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။
အတောင်ပံကျားသည် လင်းဖန်ကို ကြည့်လိုက်၏။ ၎င်း၏မျက်လုံးတွေထဲမှာ မျှော်လင့်ချက်အလင်းရောင်များဖြင့် လင်းလက်နေသည်။ လင်းဖန်၏အနက်ရောင်ကြာပွင့်က ကြောင်ကို အမှန်တကယ် အနိုင်ယူနိုင်တာ ဖြစ်ရမည်။
ကြောင်သည် အတောင်ပံကျားကို မထူးခြားသည့်အသွင်ဖြင့် တစ်ချက်ကြည့်လိုက်၏။ ၎င်း၏ပုံစံက ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြစ်လာသည်။ ထို့နောက် ၎င်းက အေးစက်စွာ ပြုံးလိုက်ပြီး
“ ဒီမီးနဲ့ ငါ့ကို အနိုင်ရမယ်လို့ မင်းထင်နေတာလား ”
အတောင်ပံကျားသည် အံ့အားသင့်သွားပြီး သွေးဆာနေသည့်အရောင်များလက်နေသော ကြောင်ကို ကြည့်လိုက်သည်။ ဟုတ်သည်….လင်းဖန်က ဤမျှကြောက်မက်ဖွယ်ရာ ကောင်းသော ကြောင်အား မီးကို အသုံးပြု၍ အနိုင်ရပါမည်လော။
အတောင်ပံကျား၏ ယုံကြည်ချက်များ ပြိုလဲသွားရသည်။
“ ငါက အစွမ်းထက်တဲ့ တျန်အဆင့်တောရိုင်းကောင်ဆိုတာ မေ့မနေနဲ့ဦး ”
ကြောင်က အေးစက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောကာ သူ၏လက်ကို မြှောက်လိုက်သည်။ မိုးကြိုးမီးတောက်များသည် လေထုကို ဖြတ်၍ လွင့်မျောလာပြီး သူ့အထက်တွင် မီးနဂါးတစ်ကောင်ဖြစ်ပေါ်လာ၏။
“ အခု ငါ့ဒေါသရဲ့အရသာကို မြည်းကြည့်လိုက်စမ်း ”
ကြောင်သည် စကားဆုံးသောအခါ အရိပ်တစ်ခုအလား ၎င်း၏မူလနေရာမှ ပျောက်ကွယ်သွားသည်။
လင်းဖန်အံ့သြမှင်တက်သွားသည်။ သူသည် နောက်သို့ ချက်ချင်းဆုတ်ခွာလိုက်၏။ သူ့ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာသည်။ ၎င်းအလင်းတန်းက အလွန်တရာ လျင်မြန်သည့်အတွက် ရှင်းလင်းစွာပင် မမြင်လိုက်ရချေ။
“ ဘုန်း ”
မိုးကြိုးမီးနဂါးသည် ပတ်ဝန်းကျင်ကို တုန်ခါသွားစေလျက် လင်းဖန်ဆီသို့ ပြေးဝင်လာသည်။ လင်းဖန်သည် မြေပြင်ကို ခြေဆောင့်လိုက်ပြီး လေထဲသို့ ခုန်တက်လိုက်၏။
သို့ရာတွင် ပို၍ပင်များပြားလာသော မိုးကြိုးမီးနဂါးများက သူ့ဆီသို့ ဆက်လက်တိုးဝင်လာသည်။ ထိုမီးနဂါးများသည် လင်းဖန်ရှောင်တိမ်းလိုက်သည်ထက် များစွာ လျင်မြန်နေသည်။ လင်းဖန်သည် သူ၏လက်ကို မြှောက်လိုက်ပြီး ဝင်ရောက်လာသော မိုးကြိုးမီးတောက်များကို အနက်ရောင်ကြာပွင့်ဖြင့် ခုခံတားဆီးလိုက်၏။ လေထုထဲတွင် တလက်လက်တောက်ပသော အလင်းရောင်တစ်ခု လက်သွားသည်။
လင်းဖန်မှာ တိုက်ခိုက်ရန် အခွင့်အရေးပင် မရတော့ချေ။ သို့တိုင် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ကောင်းကင်မှ သူ၏ခေါင်းတည့်တည့်သို့ ကျဆင်းလာသော ကြောင်၏လက်သည်းများကို ကြည့်လိုက်သည်။
ထိုလက်သည်းများတွင် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲချီများပါဝင်နေ၏။ အကယ်၍ ထိုလက်သည်းများသာ လင်းဖန်၏ခေါင်းကို ထိသွားလျှင် သေသွားမည်မှာ သေချာနေသည်။

PMG အတွဲ ( ၂ )Wo Geschichten leben. Entdecke jetzt