Zawgyi
ကြောက်လန့်သွားခြင်း
ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်သောချီနှစ်ခုသည် လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွား၏။ တစ်ခုက မိစ္ဆာဓားမှချီများဖြစ်ပြီး တခြားတစ်ခုက တျန်အဆင့်တောရိုင်းကောင်မှဖြစ်သည်။
ဓားချီများသည် သတ်ဖြတ်ချင်စိတ်များ၊ မုန်းတီးခြင်းများဖြင့် ပြည့်နေ၏။ တောရိုင်းကောင်၏ချီများတွင် ရက်စက်ကြမ်းကြုတ်ခြင်းများ ပါဝင်နေသည်။
စွမ်းအင်နှစ်ခုသည် လေထဲတွင် ထိုးဖောက်နေကြ၏။ ဓားသ် မြေပြင်သို့ ကျဆင်းလာနေသော ကြောင်၏လက်သည်းဆယ်ခုကို ဖြတ်တောက်နေသည်။ သို့ရာတွင် လျှပ်တပြက်အတွင်း ထိခိုက်ဒဏ်ရာရသွားသော လက်သည်းချွန်များနေရာမှာ အသစ်များက အစားထိုးဝင်ရောက်လာသည်။ တစ်ချိန်တည်းမှာ ကြောင်သည် အလင်းကဲ့သို့ အမြန်နှုန်းဖြင့် နောက်သို့ ဆုတ်ခွာလိုက်၏။
“ ညောင်…..”
ကြောင်က ကျယ်လောင်စွာ အော်မြည်လိုက်ပြီး ပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ မိစ္ဆာဓားသည် မကောင်းဆိုးဝါးတိမ်တိုက်များနှင့်အတူ ကောင်းကင်ယံမှ ကျဆင်းလာပြီး ကြောင်၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွာသည်။ ကြောင်၏ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခု ထွက်ပေးလာသည်။ သို့သော် အနာက သားရဲဆန်သော သွေးများကို ပြန်လည်စုပ်ယူလိုက်၏။ သို့ရာတွင် ကြောင်၏ချီများက ယခင်ကကဲ့သို့ အစွမ်းထက်ခြင်းမရှိတော့ဘဲ များစွာအားနည်းနေသည်။ မိစ္ဆာဓား၏စွမ်းအင်များသည် အမျက်ဒေါသတွေနှင့် ပြည့်နေပြီး အသားတွေနှင့် အရိုးသို့တိုင် ထိုးဖောက်လာသည်။
“ တျန်အဆင့်တောရိုင်းကောင်တွေက တကယ်မာကြောတာပဲ ….. ”
လင်းဖန်သည် မိစ္ဆာဓားနှင့် တိုက်ခိုက်ခဲ့သော်လည်း ကြောင်ကို သတ်ရန် လုံလောက်ခြင်းမရှိခဲ့ချေ။ သူက သူ၏မျက်စိရှေ့ရှိ ကြောင်ကို ကြည့်ကာ စိတ်ပျက်သွားသည်။ သူ၏အစွမ်းက နိမ့်ကျလွန်းနေ၏။ မိစ္ဆာဓားက အံ့မခန်းအစွမ်းထက်သော်လည်း ၎င်းကိုထိန်းချုပ်ရန်အတွက် အံ့မခန်းအစွမ်းထက်နေရန် လိုအပ်သည်။ ၎င်းကို သူကောင်းစွာ မထိန်းချုပ်နိုင်သေးပေ။ ထို့အပြင် ကြောင်က သူ့ထက်များစွာ အစွမ်းထက်နေရာ မိစ္ဆာဓား၏အစွမ်းနှင့် သူ့ကိုသတ်ရန် လုံလောက်ခြင်းမရှိတော့ပေ။
အတောင်ပံကျားသည်လည်း အံ့သြနေ၏။ သူ့မျက်လုံးများထဲတွင် စိတ်ပျက်သည့်အရိပ်ယောင်များ အထင်းသားပေါ်လွင်လာသည်။ ကြောင်ကား မသေသေးချေ။ အဆုံးသတ်တွင် လင်းဖန်သည် ကြောင်ကို မသတ်နိုင်ခဲ့ပေ။
ကန့်သတ်ချက်က ကျိုးပျက်သွားခဲ့ပြီး လိုင်ယန်မိုသည် ၎င်း၏အစွမ်းကို ပြန်လည်ရရှိသွား၏။ အတောင်ပံကျားသည်လည်း နောင်တစ်ချိန်မှာ တျန်အဆင့်သို့ ရောက်ရှိခဲ့လျှင် မည်မျှကြီးကျယ်သွားလိမ့်မလဲဟု တွေးနေသည်။ တောင်တန်းအတွင်းမှာ ဘယ်သူမှ သူ့ကို အနိုင်ကျင့်ရဲတော့မည် မဟုတ်ချေ။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို ဘယ်တော့မှ ပြုမူခံရတော့မည် မဟုတ်ချေ။
“ ဂီးးးးးးးး…….”
ကြောင်သည် ကောင်းကင်ကြီးကို ကြည့်ကာ ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။ ၎င်း၏အသံက ကြောင်တစ်ကောင်၏အသံနှင့် မတူတော့ပေ။
မည်မျှရယ်စရာကောင်းလိုက်သနည်း။ ကြောင်သည် အစက အထူးသတိထားကာနေခဲ့သော်လည်း လင်းဖန်နှင့် တိုက်ခိုက်လိုက်သောအခါ သူ၏ကန့်သတ်ချက် ကျိုးပျက်သွားသည်။ သူ၏အိပ်မက်များ ပျက်ဆီးသွားခဲ့ရ၏။ ယခုအခါ ၎င်း၏ဆန္ဒက လုံးဝဖြစ်မလာနိုင်တော့ပေ။
ကြောင်သည် တျန်အဆင့်တောရိုင်းကောင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သော်လည်း ပျော်ရွှင်ခြင်းမရှိပေ။ ကန့်သတ်ချက်ကျိုးပျက်သွားခြင်းက သူ့ကို တောရိုင်းကောင်အဖြစ် တစ်သက်လုံး နေထိုင်သွားရစေသည်။ မည်မျှဆိုးရွားလိုက်သနည်း။
လူသားတစ်ယောက်အဖြစ် မရှိနိုင်တော့ဘဲ သာမန်ကြောင်တစ်ကောင်အဖြစ်သာ နေထိုင်သွားရတော့မည်။
ကြောင်သည် ၎င်း၏ဆိုးရွားသော ကံကြမ္မာကို တွေးမိသောအခါ ၎င်း၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ပြည့်လာသည်။ ထို့နောက် လင်းဖန်ကို စူးစိုက်ကြည့်လိုက်၏။ လင်းဖန်က သူ၏တောက်ပသော အနာဂတ်ကို ဖျက်ဆီးလိုက်သောလူ ဖြစ်သည်။
“ ကန့်သတ်ချက်က အရမ်းရှုပ်ထွေးတဲ့ပုံပဲ ”
ကြောင်၏ဆိုးရွားစွာပျက်ယွင်းသွားသော ပုံစံကို မြင်သောအခါ လင်းဖန်တွေးလိုက်သည်။ ကန့်သတ်ချက်ပျက်ဆီးသွားခြင်းက ကြောက်စရာကောင်းသော အကျိုးဆက်တစ်ခုဖြစ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် ကြောင်သည် ဂရုမစိုက်ဘဲ တောင်တန်းအတွင်းမှာ နေလိမ့်မည်မဟုတ်ဘဲ အပြင်သို့ ထွက်သွားလိမ့်မည်။ လင်းဖန်ကို ပြောကြားခဲ့သော ငါးဆယ်ကီလိုမီတာအတွင်းမှ ၎င်းထွက်ခွာသွားသည်မှာ အလွန်ရှားပါးခဲ့၏။
ကြောင်၏ချွန်ထက်သော လက်သည်းများသည် ကြောက်မက်ဖွယ်ကောင်းသော ချီများကို ထုတ်လွှတ်ကာ နောက်တစ်ကြိမ်တိုက်ခိုက်လာသည်။ လင်းဖန်က သူ့ဘဝကို ပျက်ဆီးအောင် လုပ်ခဲ့သူဖြစ်သည့်အတွက် ကြောင်သည် လင်းဖန်ကို သတ်ချင်နေ၏။
“ သေစမ်းကွာ ”
လင်းဖန်က ဒေါသတကြီး အော်ပြောလိုက်သည်။ ထို့နောက် ဒေါသများ၊ မကောင်းဆိုးဝါးချီများပြည့်နေသည့် သူ၏ဓားကို မြှောက်လိုက်၏။ မကောင်းဆိုးဝါးတိမ်တိုက်များက မိစ္ဆာဓား၏နောက်မှ ကပ်ရပ်လိုက်ပါနေသည်။
“ ညောင် ”
ကြောင်သည် ကျယ်လောင်စွာ အော်မြည်လိုက်၏။ သားရဲချီများသည် ပတ်ဝန်းကျင်မှာ ပြည့်သွားပြီး မကောင်းဆိုးဝါးတိမ်တိုက်များကို ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် မိုးကြိုးမီးတောက်များ ထွက်ပေါ်လာပြီး လေထုကိုရိုက်ခတ်ကာ လင်းဖန်ဆီသို့ တိုးဝင်သွား၏။
“ ဘုန်း…ဘုန်း….ဘုန်း ”
ကောင်းကင်ကြီးက ပေါက်ကွဲလာသည့်ပုံပေါ်သည်။ လင်းဖန်နှင့် ကြောင်၏ကြားတွင် လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။
“ တျန်အဆင့်တောရိုင်းကောင်တွေက ကြောက်စရာ ကောင်းလွန်းတယ်။ ဒီဓားနဲ့ ငါတိုက်ခိုက်နိုင်မှာတောင် မဟုတ်ဘူး ”
လင်းဖန်သည် ဤကဲ့သို့အရာများ ဖြစ်ပွားလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ကြောင်သည် ၎င်း၏တျန်အဆင့်အစွမ်းကို ပြန်လည်ရရှိကာ မိစ္ဆာဓားကို တိုက်ခိုက်နိုင်စွမ်းရှိနေသည်။ ယခုအချိန်မှာ လင်းဖန်သည် ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိဘဲ သွေးမြေကျရတော့မည်လော။
အကယ်၍ လင်းဖန်သာ တျန်အဆင့်တောရိုင်းကောင်ကို မသတ်ဖြတ်နိုင်ခဲ့လျှင် သူ၏အသက်ဆုံးရှုံးသွားလိမ့်မည်။ ဤအရာနှင့်ပတ်သက်ပြီး သံသယဖြစ်ရန် မလိုပေ။
တျန်အဆင့်တောရိုင်းကောင်သည် သူ့ဆီသိုပ ပြေးဝင်လာပြီး လေထဲတွင် ပေါက်ကွဲသည့်အသံများ ထပ်မံပေါ်ပေါက်လာနေတာကို လင်းဖန်တွေ့မြင်နေရ၏။ အံ့မခန်းအဖျက်အဆီးစွမ်းအင်များသည် လေထုကို ရိုတ်ခတ်သွားပြီး ကြောက်စရာကောင်းသော သားရဲချီများနှင့် တွေ့ဆုံကာ ပျောက်ကွယ်သွားလေသည်။
လင်းဖန်သည် နောက်သို့ ဆုတ်ခွာလိုက်၏။ လင်းဖန်မှာ မိစ္ဆာဓားသာ ရှိမနေလျှင် တျန်အဆင့်တောရိုင်းကောင်က လင်းဖန်ကို သတ်ဖြတ်ပြီးဖြစ်နေလိမ့်မည်။ လင်းဖန်မှာ ၎င်းကိုတိုက်ခိုက်ရန် အခွင့်အရေးပင် မရှိနိုင်ချေ။
ယခုအချိန်မှာ သူသည် သူထိန်းချုပ်နိုင်သော မိစ္ဆာဓား၏အစွမ်းအကုန်လုံးကို အသုံးပြုနေ၏။ သို့ရာတွင် တျန်အဆင့်တောရိုင်းကောင်ကို သူခက်ခဲစွာ တားဆီးနေရသည်။
တျန်အဆင့်တောရိုင်းကောင်၏အစွမ်းက တျန်ချီအဆင့်ရှိသောကျင့်ကြံသူတစ်ယောက်နှင့် တူညီသည်။ ရွှီယွဲ့နိုင်ငံမှာ တျန်ချီအဆင့်ကျင့်ကြံသူများ ရှိလားဆိုတာကိုပင် လင်းဖန်မသိချေ။ သူ့အနေဖြင့် တျန်အဆင့်တောရိုင်းကောင်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူနိုင်သည်။ သူ၏ခိုင်မာပြတ်သားသောစိတ်ဓာတ်တို့ကြောင့် ကြောက်မက်ဖွယ်ရာဓားကိုးလက်ထဲမှ တစ်လက်ကို သူထိန်းချုပ်လာနိုင်ခဲ့ပြီး အံ့မခန်းအစွမ်းများကို ထုတ်ဖော်နိုင်ခဲ့၏။
အကယ်၍ ကန့်သတ်ချက်သာ ပျက်မသွားခဲ့လျှင် ကြောင်သည် တျန်အဆင့်အစွမ်းကို ပြန်လည်ရရှိလိမ့်မည် မဟုတ်ပေ။ လင်းဖန်အနေဖြင့် ထိုအချိန်မှာ မိစ္ဆာဓားကိ အသုံးပြုပြီး ကြောင်ကို သတ်ဖြတ်နိုင်လိမ့်မည်။
လင်းဖန်၏မျက်လုံးများက ရေခဲတမျှ အေးစက်နေ၏။ ကြောင်က အံ့မခန်းအစွမ်းထက်သည်ဆိုတာကိုသာ လင်းဖန်သိသည်။ မည်သည့်အတွက်ကြောင့် ခက်ထန်တင်းမာစွာ ဆက်တိုက်ပြုမူနေရလဲဆိုတာကို လင်းဖန်မသိချေ။ သို့ရာတွင် မိစ္ဆာဓားက ကြောင်ကို ခက်ခဲသောအခြေအနေသို့ ရောက်အောင် လုပ်ထားနိုင်ဆဲဖြစ်သည်။
“ သူ့ကို မင်းအချိန်ဆွဲထားရမယ်။ ကန့်သတ်ချက်ကို ဖောက်ဖျက်သွားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ အစွမ်းတွေကို ခဏလောက် သူအသုံးပြုနိုင်လိမ့်မယ်။ ကြာလာရင် သူ့အစွမ်းတွေ ယုတ်လျော့သွားလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် သူ့ကို မင်းစိတ်ရှိသလို သတ်ဖြတ်လို့ရပြီ ”
အသံတစ်သံက လင်းဖန်၏ဦးနှောက်ထဲသို့ ဝင်ရောက်လာရာ လင်းဖန်အံ့အားသင့်သွားသည်။ လင်းဖန်က အတောင်ပံကျားကို ထိန်းချုပ်နေသည့်အတွက်ကြောင့် သူတို့၏သက်စောင့်ဝိညာဉ်များကို ဆက်သွယ်ကာ အသုံးပြုနိုင်၏။ အတောင်ပံကျားအနေဖြင့် ကျယ်လောင်စွာပြောရန် မလိုအပ်ဘဲ လင်းဖန်၏စိတ်ထဲသို့ အတွေးများ ပို့လွှတ်လိုက်ရုံနှင့် လုံလောက်သည်။
“ ကြောင်ရဲ့အစွမ်းတွေက အချိန်ကြာလာရင် လျော့နည်းလာလိမ့်မယ်…အော် အဲ့ဒီလိုကိုး ”
လင်းဖန်၏မျက်လုံးများက တစ်စုံတစ်ခုကို နားလည်သွာသည့်အလား အရောင်လက်သွားသည်။ ထို့နောက် သူသည် နောက်သို့ ဆက်လက်ဆုတ်ခွာလိုက်၏။
“ သေစမ်း ”
ကြောင်က ဒေါသတကြီး အော်ပြောလိုက်သည်။
“ ညောင်….”
ကြောင်သည် ၎င်း၏ခန္ဓာကိုယ်ကို ရစ်ခွေလိုက်ပြီး မြင်ကွင်းမှ ချက်ချင်းပျောက်ကွယ်သွား၏။ ထို့နောက် လင်းဖန်၏ရှေ့မှာ လျှပ်ပြက်သည့်အလား ပေါ်ထွက်လာသည်။ ၎င်းက တောရိုင်းကောင်တစ်ကောင်ဖြစ်ရာ မီးတောက်ပမာနီရဲနေသော ကြောင်ကဲ့သို့ ခုန်အုပ်နိုင်သည်။ ထို့ပြင် ကြောင်သည် သာမန်ကျားတစ်ကောင်ထက် အဆများစွာ ကြီးမား၏။
ကြောင်၏ခန္ဓာကိုယ်မှ သားရဲချီများ ထွက်ပေါ်လာသည်။ ၎င်း၏ချွန်ထက်သော လက်သည်းများသည် လေထုကိုဖြတ်၍ တိုးဝင်သွား၏။ ဤတစ်ကြိမ်တွင် ကြောင်က လင်းဖန်၏ဓားကို ရှောင်တိမ်းရန် မကြိုးစားဘဲ ထိပ်တိုက်တွေ့ဆုံစေလိုက်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော လက်သည်းချွန်များ၏ပတ်လည်တွင် အဖြူရောင်လင်းတန်းတစ်ခု လက်နေ၏။ ဤလက်သည်းချွန်များသည် သံမဏိဓားတစ်လက်ထက် မာကျောပြီး ချွန်ထက်သည်။
ကြောင်၏လက်သည်းချွန်များသည် မိစ္ဆာဓားကို ဟန့်တားနိုင်ခဲ့သော်လည်း ဆက်လက်တိုးဝင်လာသော မိစ္ဆာတိမ်တိုက်များက ကြောင်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ၎င်း၏မျက်လုံးများကို ပို၍ပင် သွေးဆာနေသည့်အသွင်ဖြစ်သွားစေသည်။
“ ရှီးးးးး ”
တုန်လှုပ်ဖွယ်ရာအသံတစ်သံ လေထဲမှာ ထွက်ပေါ်လာ၏။ လင်းဖန်၏နောက်ကျောတွင် နောက်ထပ်မိစ္ဆာဓားတစ်လက်က ဖြည်းညင်းစွာ ထွက်ပေါ်နေ၏။ မိစ္ဆာဓား၏စွမ်းအင်များကား ပို၍ပင် ကြောက်စရာ ကောင်းနေသည်။
“ လင်းဖန်ရဲ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ်ဓားတွေရှိနေတာပဲ ….”
ကြောင်သည် အံ့သြသွားပုံရပြီး တစ်ချိန်တည်းမှာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြစ်သွား၏။ ဤမိစ္ဆာဓားများက အံ့မခန်းအစွမ်းထက်ပြီး လင်းဖန်မှာနောက်ထပ်ဓားများ ရှိနေသး၏။ လင်းဖန်ကား ကြောက်မက်ဖွယ်ကောင်းသောမွန်းစတားတစ်ကောင် ဖြစ်ပေသည်။
အတောင်ပံကျားသည်လည်း အံ့သြတုန်လှုပ်ကာ လင်းဖန်၏ခန္ဓာကိုယ်မှ ထွက်လာနေသော ဓားကို စူးစိုက်ကြည့်နေသည်။ လင်းဖန်က ကြောင်ကို ရင်ဆိုင်ရန် နည်းလမ်းရှိသည်ဟု ပြောခဲ့ခြင်းက လိမ်ပြောခြင်းမဟုတ်ပေ။ လင်းဖန်၏ဖုံးကွယ်ထားသော အစွမ်းက အံ့သြတုန်လှုပ်စရာ ကောင်းနေ၏။ သူက ကန့်သတ်ချက်ကို ဖျက်ဆီးခဲ့သည့်အပြင် တျန်အဆင့်တောရိုင်းကောင်ကိုပင် တိုက်ခိုက်ခဲ့သည်။
“ မြင့်တက်လိုက်စမ်း ”
လင်းဖန်က ဒေါသတကြီး အော်ပြောလိုက်ပြီး မိစ္ဆာဓားကို လေထဲသို့ မြှင့်တက်စေလိုက်၏။ များစွာသောမိစ္ဆာတိမ်တိုက်များက ကောင်းကင်ပြင်ကို ဖုံးလွှမ်းလာရာ လုံးဝအံ့မခန်းပင်။
“ ဓားနှစ်လက်….”
ကြောင်၏ပုံစံမှာ မရေရာသည့်အသွင်ဖြစ်သွားသည်။ မိစ္ဆာဓားနှစ်လက်ကို သူတိုက်ခိုက်နိုင်မှာလား။
သို့ရာတွင် ကြောင်တွေးနေစဉ်မှာ လင်းဖန်၏နောက်ကျောမှ နောက်ထပ်ဓားတစ်လက်ထွက်ပေါ်လာကာ ဒေါသများဖြင့် ပြည့်နေသည့်ချီများ ထွက်ပေါ်လာ၏။
ဤဓားက သုံးချောင်းမြောက်ဆွဲထုတ်လိုက်သောဓားဖြစ်သည်။ လင်းဖန်သည် မိစ္ဆာဓားသုံးလက်ကို ဆွဲထုတ်လိုက်လေပြီ။
ထိုစဉ် ကြောင်နှင့် အတောင်ပံကျားတို့မှာ ဆွံ့အနေကြ၏။ မိစ္ဆာဓားတစ်လက်သည်ပင် အံ့မခန်းအစွမ်းထက်နေခဲ့ရာ သုံးလက်သာဆိုလျှင် မည်မျှအထိအစွမ်းထက်လိမ့်မည်နည်း။
သုံးလက်မြောက် မိစ္ဆာဓားထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးကို မိစ္ဆာချီများက လွှမ်းမိုးလာ၏။
ကြောင်သည် ချက်ချင်းစိတ်ပျက်သွားသည်။ သူကောင်းစွာမတွေးလိုက်နိုင်ခင်မှာပင် လင်းဖန်၏ခန္ဓာကိုယ်မှ လေးချောင်းမြောက်ဓားတစ်လက် ထွက်ပေါ်စပြုလာပြန်သည်။
“ ညောင်……”
ကြောင်သည် ကောင်းကင်ကိုကြည့်ကာ ကျယ်လောင်စွာ အော်မြည်လိုက်၏။ မိစ္ဆာဓားကို ဟန့်တားနေသော ၎င်း၏လက်သည်းများက တုန်ခါစပြုလာသည်။ ထို့နောက် ကြောင်သည် အရှိန်အဟုန်အပြည့်ဖြင့် လျှပ်ပြက်သည့်အလား ကောင်းကင်ယံသို့ ပြေးထွက်သွားကာ မြင်ကွင်းမှ အစအနရှာမရအောင် ပျောက်ကွယ်သွားလေ၏။
အခြေအနေတစ်ခုလုံးက ၎င်းအတွက် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလာသောကြောင့် ကြာကြာမနေရဲတော့ဘဲ ချက်ချင်းပြေးထွက်သွားခြင်းပင်။ ၎င်း၏ကျင့်ကြံခြင်းအဆင့်ဆုံးရှုံးသွားခဲ့ရသော်လည်း အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။ အကယ်၍ လင်းဖန်ကို တိုက်ခိုက်နေခဲ့လျှင် မိစ္ဆာဓားလေးလက်က သူ့ကို သတ်သွားလိမ့်မည်။
