ခေါင်းတလားအတွင်းရှိ ကျင့်ကြံသူများ
ပင်းဟဲတျန်းသေဆုံးသွားလေပြီ။ ကောင်းကင်အဏ္ဏဝါမြို့တွင် သေဆုံးသွားရလိမ့်မည်ဟု သူဘယ်တော့မှ တွေးထင်ထားခြင်း မရှိချေ။ ထို့ပြင် ဆေးအမြုတေအိုးကို လုယူရန်ကြိုးစားခြင်းကြောင့် မဟုတ်ဘဲ လင်းဖန်၏ထောင်ချောင်ထဲတွင်မိကာ အသက်ဆုံးရှုံးခဲံရခြင်းဖြစ်သည်။
ပင်းဟဲတျန်းသည် အလွန်တရာအစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်နေလျှင်ပင် လေးယောက်လုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့သည်ဖြစ်ရာ သူ့ကိုသတ်ရန် လွယ်ကူလွန်း၏။ ထို့ပြင် သူတို့က ပရမ်းပတာ တိုက်ခိုက်ခြင်းမဟုတ်ဘဲ အစီအစဉ်တကျ တိုက်ခိုက်ခြင်းဖြစ်သည်။
လင်းဖန်သည် ပင်းဟဲတျန်း၏အလောင်းကိုကြည့်ကာ သူ၏နကျောက်တုံးကို ကောက်ယူလိုက်၏။ ချက်ချင်းပင် သူ၏နကျောက်တုံးနှင့် ပေါင်းစည်းလိုက်သည်။ ပင်းဟဲတျန်းသည် နှင်းရေခဲတောင်ရွာ၏ အံ့မခန်းဂုဏ်အရှိန်အဝါကြီးမားသော လူတစ်ယောက်ဖြစ်ရာ မိသားစုပိုင်အမွေအနှစ်ပစ္စည်းအချို့အပြင် များစွာသော ရတနာများကိုလည်း စုဆောင်းထားနိုင်သည်။ ထို့ပြင် ပါသောက်က ပြီးခဲ့သောတိုက်ပွဲများမှ ရရှိခဲ့သော နကျောက်တုံးများပါဝင်သည့် လက်စွပ်များကို လင်းဖန်အား ပေးထားခဲ့၏။ ထိုအထဲတွင် ရွှမ်ချီအဆင့်ကျင့်ကြံသူများ၏ နကျောက်တုံးများလည်း ပါဝင်သည်။ ယခုအချိန်မှာ လင်းဖန်သည် အတော်လေးချမ်းသာနေပြီဟု ဆိုနိုင်၏။
“ သွားကြစို့ ”
လင်းဖန်၏ခန္ဓာကိုယ်သည် လှစ်ခနဲလှုပ်ရှားသွားပြီး မြို့ရိုးရှိရာသို့ ပြေးသွားသည်။ တဒင်္ဂမျှကြာပြီးနောက် ထိုနေရာသို့ ရောက်ရှိသွား၏။
မြင့်မားသော နံရံကြီးကို သူခုန်ကျော်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ သူ့စိတ်က ညနှင့်တစ်သားတည်းဖြစ်သွားသည်။
ရုတ်တရက် သူ့ခေါင်းထဲတွင် လူအချို့ပေါ်လာ၏။ ထိုလူများသည် လုံးဝတိတ်ဆိတ်စွာဖြင့် ပုန်းလျှိုးကွယ်လျှိုးလာနေသည်။ သူတို့သည်လည်း ကမ္ဘာမြေနှင့်တစ်သားတည်းဖြစ်နေသော လင်းဖန်၏အမြင်မှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပေ။ သူတို့၏ချီများကိုသာ မထွက်ပေါ်အောင် မလုပ်နိုင်လျှင် မမြင်ရလည်း လင်းဖန်အနေဖြင့် အာရုံခံစားမိနေမည်ဖြစ်သည်။
