#Zawgyi
နေကျင့်စဉ်
လင်းဖန်က သူ့အခန်းထဲသို့ ဝင်ရောက်သည့်အလား မိန်ချင်း၏အခန်းထဲသို့ ချက်ချင်းဝင်လာခဲ့သည်။
အကယ်၍ သူသာ သူမ၏အခန်းတံခါးကို ခေါက်နေခဲ့လျှင် အိပ်ချင်ယောင်ဆောင်ပြီး သူ့ကိုလျစ်လျူရှုထားလိမ့်မည်။ သို့ဖြစ်ရာ သူ့အမှားတွေမှ သင်ခန်းစာယူကာ တံခါးကို ဘယ်တော့မှ မခေါက်တော့ပေ။
မိန်ချင်းသည် ထိုင်နေပြီး ဝင်ရောက်လာသော လင်းဖန်အား ကြည့်လိုက်၏။ သူမ၏လှပသော မျက်လုံးလေးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ်နေသည်။ ထို့နောက် သူမက လင်းဖန်အား မေးလာ၏။
" ရှင်ပိုပြီး အစွမ်းထက်လာခဲ့တာလား "" အင်း "
လင်းဖန်က ခေါင်းညိတ်ပြလိုက်ရင်း ပြုံး၍
" ရွှမ်ချီအဆင့်ကို ငါရောက်သွားပြီ။ မင်းအကူအညီကို မလိုအပ်တော့ဘူး "လင်းဖန်၏စကားကို ကြားသောအခါ မိန်ချင်းမှာ အံ့သြမှင်တက်သွား၏။ သူမ၏ရင်ထဲကို ဝမ်းနည်းသည့်လှိုင်းကလေးများ ရုတ်တရက် ရိုက်ခတ်လာသည့်ပမာ ခံစားလိုက်ရပြီး လင်းဖန်အား ပြောလိုက်သည်။
" ရှင်ဆိုလိုတာက ရှင့်ဘေးမှာ နောက်ထပ်ကျွန်မရှိစရာ မလိုတော့ဘူးလို့ ပြောတာလား "" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
လင်းဖန်က ငြင်းချက်ထုတ်လိုက်၏။ ထိုစဉ် မိန်ချင်း၏မျက်နှာလေးထက်ရှိ မျှော်လင့်ချက်ကင်းမဲ့သည့် အရိပ်အယောင်လေးများ ပျောက်ကွယ်သွားပြီး ထိုအစားပျော်ရွှင်မှုလေးများက အစားထိုး ဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတွင် မိန်ချင်းကား သူမ၏ခံစားချက်များကို တစ်နေ့တခြား လှစ်ဟပြသလာခဲ့သည်။လင်းဖန်က မိန်ချင်း၏ဘေးနားသို့ လျှောက်သွားလိုက်ပြီး ဘေးမှာ ထိုင်လိုက်၏။ သူ့လက်တစ်ဖက်က သူမ၏ပုခုံးလေးပေါ်ကို ရောက်သွားပြီး ထိုမှတစ်ဆင့် သူမ၏ခါးကျဉ်ကျဉ်လေးကို ဖက်ထားလိုက်ရာ မိန်ချင်းမှာ တုန်ယင်သွားရသည်။ သူမမှာ အဝေးသို့ ထွက်ပြေးသွားချင်သော်လည်း လင်းဖန်က သူမကို အင်အားသုံးပြီး တင်းကြပ်စွာဖက်ထားနေ၏။ ထို့နောက် လင်းဖန်က သူမကိုဆွဲယူကာ ပွေ့ဖက်လိုက်လေသည်။