Zawgyi
ဘယ်လိုခွဲကြမလဲ။
“ ဒါ ကျွန်မဟာ ”
အေးစက်စက်အသံတစ်သံထွက်ပေါ်လာ၏။ ဖန်ထင်းသည် လင်းဖန်၏ရှေ့မှာ ရပ်နေကာ လင်းဖန်ကို ဒေါသထွက်စွာဖြင့် ကြည့်နေသည်။
နေကိုးစင်းမြက်တချို့ကို ဖန်ထင်းမြင်တွေ့လိုက်စဉ်မှာ လင်းဖန်က သူမရှေ့မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ယူသွားခဲ့၏။
“ မင်းဟာလား ”
လင်းဖန်က မထူးခြားစွာဖြင့် ပြုံး၍ ခေါင်းကိုခါယမ်းလိုက်သည်။ သူက ချာခနဲလှည့်ကာ သန့်စင်သောကျောက်တုံးများကို ဆက်လက်ရှာဖွေလိုက်၏။ တစ်နေရာလုံးကို သူရှာဖွေခဲ့ပြီးဖြစ်ကာ နေကိုးစင်းမြက် ခုနစ်ပင် စုဆောင်းနိုင်ခဲ့သည်။
သို့သော် ဖန်ထင်းက လင်းဖန်ကို အလွယ်တကူ ထွက်မသွားစေချင်ပေ။ သူမ၏ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားသွားပြီး လင်းဖန်၏လမ်းကို နောက်တစ်ကြိမ် ပိတ်ထားလိုက်သည်။ ထို့နောက် လင်းဖန်ကို အေးစက်စက်ကြည့်ကာ ဖန်ထင်းက ပြောလိုက်၏။
“ အဲ့ဒါကို ကျွန်မအရင်ဆုံးတွေ့တာ။ ကျွန်မကို ပေးပါ ”
“ မြေကြောကို ငါအရင်ဆုံးရှာတွေ့ခဲ့တာ ”
လင်းဖန်က အေးစက်စက်ပြောလိုက်ရင်း ဆက်လက်၍
“ ငါတို့ အတူတူသွားလို့ရမလားလို့ မင်းကိုတောင် ငါမေးခဲ့ပေမယ့် မင်းငြင်းခဲ့တယ်လေ။ အခုမှ ဘာလို့ ငါက မင်းကို ပေးရမှာလဲ။ မင်းဟာလို့ ပြောရအောင် မင်းမှာ ဘာသက်သေရှိလဲ ”ဟု ပြုံး၍ လှောင်ပြောင်လိုက်၏။
“ အဲ့ဒါက ကျွန်မဟာလို့ ပြောရင် ကျွန်မဟာပဲ ”
ဖန်ထင်းက မထူးခြားသည့်လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် အဖျက်အဆီးချီများကို ရုတ်တရက် ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွား၏။ နေကိုးစင်းမြက်အတွက် လင်းဖန်ကိုပင် ဖန်ထင်းသတ်ရလိမ့်မည်။
လင်းဖန် မျက်မှောင်ကြုတ်သွားကာ မျက်နှာက ပိုမိုအေးစက်လာ၏။ ဤမိန်းကလေးက သူ့ကိုသတ်ပြီး သူ့ရတနာကို လုယူချင်နေတာလား။
“ ငါ့ရှေ့က ထွက်သွားစမ်း ”
လင်းဖန်က ရေခဲတမျှ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ သူက ရုတ်တရက် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ဖန်ထင်း၏ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်ရာ ဖန်ထင်းသည် ထိုပြင်းထန်သော ဖိအားအောက်မှာ မလှုပ်ရှားနိုင်တော့သည့်ပမာ ခံစားလိုက်ရသည်။
လင်းဖန်၏ချီက အေးစက်ပြီး ကြောက်စရာ ကောင်းနေ၏။ ဖန်ထင်းသည် အသက်ရှုကြပ်လာသဖြင့် နောက်သို့ ဆုတ်ခွာပေးလိုက်ရသည်။
ဖန်ထင်း၏မျက်နှာက သွေးဆုတ်သည့်ပမာ ဖြူရော်သွားသည်။ လင်းဖန်ထံမှ နေကိုးစင်မြက်ကို လုယူချင်နေသ်ာလည်း ဖန်ထင်းအတွက် လုံးဝမဖြစ်နိုင်သည့်ပုံပေါ်၏။ လင်းဖန်ထံမှ ဖိအားကိုပင် ဖန်ထင်းမခုခံနိုင်ချေ။ လင်းဖန်က သူမထက် များစွာ အစွမ်းထက်နေသည်။
“ နေကိုးစင်းမြက်ကို ကျွန်မတကယ် လိုအပ်နေလို့ပါ။ နည်းနည်းလောက် ရှင်မပေးနိုင်ဘူးလားဟင် ”
ဖန်ထင်းက သနားစရာကောင်းသည့်အသွင်သို့ ပြောင်းလဲလိုက်ရင်း လင်းဖန်၏နှလုံးသားကို အရည်ပျော်အောင် ကြိုးစားလိုက်သည်။
“ ဟုတ်ပြီ။ မင်းက နေကိုးစင်းမြက်လိုအပ်နေတယ်…။ဒါပေမယ့် အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ ” J
လင်းဖန်က ရယ်မောလိုက်ရင်း ချာခနဲလှည့်ကာ ထွက်ခွာသွား၏။ သူ့ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားလိုက်ပြီး မြေပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။ နေကိုးစင်းမြက်က အလွန်အဖိုးတန်သော ရတနာတစ်ခုဖြစ်ရာ မည်ကဲ့သို့ သူမတောင်းတိုင်း ပေးရမည်နည်း။
အကယ်၍ လွန်ခဲ့သောရက်က လင်းဖန်ကို သူတို့နှင့်အတူ လိုက်ခွင့်ပြုခဲ့လျှင် လင်းဖန်က အရာအားလုံးကို ပြန်လည်မျှပေးလိမ့်မည်။ သို့သော် ဖန်ထင်းက ငြင်းဆန်ခဲ့သောကြောင့် လင်းဖန်က သူမကို မည်ကဲ့သို့ ဂရုစိုက်တော့မည်နည်း။ ဖန်ထင်းက အခွင့်အရေးတစ်ခုကို လွဲချော်သွားခဲ့သည်ဖြစ်ရာ နောက်ထပ်မည်ကဲ့သို့ ရတော့မည်နည်း။
ဖန်ထင်း၏မျက်လုံးများတွင် မုန်းတီးခြင်းများ၊ နောင်တရခြင်းများဖြင့် ပြည့်နေသည်။ လင်းဖန်က ဤမျှအစွမ်းထက်လိမ့်မည်ဟု ဖန်ထင်းမထင်ထားခဲ့ချေ။ အကယ်၍ စောစောကသာ သိခဲ့လျှင် လင်းဖန်၏တောင်းဆိုချက်ကို သေချာလက်ခံလိမ့်မည်ဖြစ်သည်။ ဤမျှအစွမ်းထက်သောလူတစ်ယောက်က သူတို့နှင့်အတူ သွားလာခဲ့လျှင် ဒုက္ခရောက်မှာကိုလည်း မစိုးရိမ်ရချေ။ အစောင့်အရှောက်များ သစ္စာဖောက်မှာကိုလည်း ကြောက်ရွံ့ရန် မလိုအပ်တော့ပေ။
“ သခင်မလေး။ အဲ့ဒါ ကျုပ်အမှားပါ ”
ဖန်ထင်း၏ဘေးမှာရှိနေသော အဘိုးအိုက ပြောလိုက်သည်။ စိတ်မသက်မသာဖြစ်သည့်ပမာ သူခံစားနေရ၏။ လင်းဖန်၏တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သူမှာ သူက အဓိကလူဖြစ်သည်။
ဖန်ထင်းက တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်ကဲ့သို့ ပြောပြရမည်လဲဆိုတာကို ဖန်ထင်းမသိတော့ချေ။
တစ်ချိန်တည်းမှာပင် အတန်ငယ်ဝေးသော နေရာမှ လူများက ဤနေရာသို့ အဆက်မပြတ် ပြေးလာကြ၏။ ထိုအုပ်စုတွင် အလွန်တရာ အစွမ်းထက်သော ကျင့်ကြံသူများအပြင် တောရိုးကောင်များလည်း ပါဝင်လာသည်။
သူတို့သည် အနက်ရောင်တိမ်တိုက်များအပြင် ဓားအရိပ်အယောင်တစ်ခုကို မြင်လိုက်ရသောအခါ စိတ်ဝင်စားသွားကြ၏။ အနက်ရောင်တိမ်တိုက်များ ပျောက်ကွယ်သွားတာကို သတိထားမိသောအခါ သူတို့သည် မည်ကဲ့သို့ ဖြစ်ပျက်နေလဲဆိုတာကို သိရှိရန် ပြေးလာကြခြင်းဖြစ်သည်။
တောရိုင်းကောင်များသည်လည်း အာရုံခံနိုင်စွမ်းက အလွန်မြင့်မားလေရာ သန့်စင်သောချီများကို မည်ကဲ့သို့ သတိမထားမိဘဲ ရှိမည်နည်း။
တဒင်္ဂမျှကြာပြီးနောက် ကောင်းကင်ယံမှ လူရိပ်တချို့ ဆင်းသက်လာ၏။ သူတို့သည် အလွန်တရာ ထူထပ်သိပ်သည်းသော သန့်စင်သည့်ချီများကို အာရုံခံမိသောအခါ အံ့သြမှင်တက်သွားသည်။ ဤနေရာမှာ အံ့သြစရာကောင်းအောင် မြေကြောတစ်ခု ရှိနေပေ၏။
အလွန်တရာ အစွမ်းထက်သော ကျင့်ကြံသူများသည် သန့်စင်သောချီကို အာရုံခံမိသောအခါ ဤနေရာသို့ ပြေးလာနေကြသည်။ လင်းဖန်၏မျက်လုံးများတွင် တောက်ပသော အလင်းရောင်များဖြင့် လက်လာ၏။ သူ့ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားသွားပြီး ဖန်ထင်း၏အစောင့်အရှောက်များထဲမှ တစ်ယောက်ဆီသို့ ရွေ့လျားသွားသည်။ ထိုအစောင့်အရှောက်သည် အစွမ်းနိမ့်ကျသူမဟုတ်ချေ။ သူသည်လည်း သန့်စင်သောကျောက်တုံးစွာကို သူ၏လက်စွပ်ထဲသို့ ထည့်ထားလိုက်ပြီဖြစ်သည်။
“ ထွက်သွားစမ်း ”
အစောင့်အရှောက်က လင်းဖန်ကို ကြည်ကာ ပြောလိုက်၏။ ထို့နောက် လင်းဖန်ဆီသို့ လက်သီးတစ်လုံး ချက်ချင်းပစ်သွင်းလိုက်သည်။ လင်းဖန်က ရယ်စရာကောင်းသည့်အလား ပြုံးလိုက်၏။ လေထဲတွင် ဓားအလင်းရောင်လက်သွားပြီး နာကျင်စွာအော်သံတစ်သံ ထွက်ပေါ်လာသည်။ လင်းဖန်က အစောင့်ကိုသတ်လိုက်ပြီး ထိုအစောင့်၏လက်စွပ်ကို ယူလိုက်ခြင်းဖြစ်သည်။ ထိုအစောင့်မှာလည်း နကျောက်တုံးနှင့် လက်စွပ်တစ်ကွင်း ရှိနေပေသည်။
လင်းဖန်သည် ဤမျှနှင့် ရပ်တန့်မသွားပေ။ သူ့ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားသွားပြီး လူတစ်ယောက်၏ရှေ့မှာ ထွက်ပေါ်လာ၏။ လင်းဖန်က ထိုလူ၏ခန္ဓာကိုယ်ကို လျှပ်ပြက်သည့်အလား လက်သီးဖြင့်ထိုးလိုက်ရာ ထိုလူ၏အကာအကွယ်ကို ထိုးဖောက်ပြီး ဝင်ရောက်သွားသည်။ လင်းဖန်သည် လက်သီးတစ်ချက်တည်းဖြင့် ထိုလူ၏လက်စွပ်ကိုလည်း ရသွား၏။ ထိုလူ၏လက်စွပ်ထဲတွင် အလယ်အလတ်အဆင့် သန့်စင်ခြင်းကျောက်တုံးများ ရှိနေသည်။ အကယ်၍ လင်းဖန်သာ ထိုသို့မလုပ်လျှင် တခြားလူတစ်ယောက်က သူ့နည်းတူလုပ်ကာ ထိုလူကိုသတ်ပြီး သူ၏လက်စွပ်ကို လုယူသွားလိမ့်မည်။
တခဏအတွင်းမှာ လင်းဖန်သည် လက်စွပ်နှစ်ကွင်းထက်ပိုပြီး လုယူပြီးသွား၏။ ထို့နောက်သူက မြေပြင်သို့ ပြန်လည်ဆုတ်လိုက်သည်။ ယခုအချိန်မှာ မြေပြင်မှာ အစွမ်းထက်သော ကျင့်ကြံသူများ ရောက်ရှိနေ၏။ အကယ်၍ လင်းဖန်သာ နကျောက်တုံးများကို ဆက်လက်လုယူနေလျှင် လူအားလုံး၏ပစ်မှတ်ဖြစ်သွားလိမ့်မည်။
ယခုအချိန်တွင် လင်းဖန်သည် နေကိုးစင်းမြက်နှင့် သန့်စင်သောကျောက်တုံးများစွာကို ရရှိသွားပြီဖြစ်၏။
“ ကောင်လေး…ရမ်းကားလှချည်လား။ အံ့သြစရာကောင်းအောင် လောဘကြီးဝံ့နေတယ် ”
လင်းဖန်က စကားပြောလိုက်သူကို ကြည့်လိုက်ရာ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်နေသည်။ သူပြုံးလိုက်သော်လည်း စကားပြန်မပြောချေ။
လင်းဖန်သည် လူအားလုံး၏ပစ်မှတ်မပစ်ချင်သည့်အတွက် လျှို့ဝှက်စွာ နေလိုက်ခြင်းဖြစ်သည်။
“ မိန်းကလေးဖန်…ဘယ်လိုလုပ် မင်းက တစ်ခုမှ မရတာလဲ ”
သက်လတ်ပိုင်းအရွယ်လူက ဖန်ထင်းကို ကြည့်ကာ မထူးခြားသည့်လေသံဖြင့် ပြောကြားလိုက်၏။ သူတို့ကိုကြည့်ရသည်မှာ တိုင်ပင်ထားကြပုံပေါ်သည်။
ဖန်ထင်း၏မျက်လုံးများက တလက်လက်တောက်ပလာပြီး လင်းဖန်ကို ရက်စက်ကြမ်းကြုတ်လိုသော အကြည့်များဖြင့် ကြည့်လိုက်ရာ လင်းဖန်အံ့သြမှင်တက်သွား၏။
“ ဦးလေးလီ..တကယ်လို့ သူ့လက်ထဲမှာ သန့်စင်တဲ့ကျောက်တုံးတွေအပြင် ဘာအဖိုးတန်ပစ္စည်းရှိလဲဆိုတာ ကျွန်မပြောပြရင် အဲ့ဒီပစ္စည်းရတဲ့အခါ ကျွန်မကို ခွဲဝေပေးနိုင်မလား ”
ဖန်ထင်းက သက်လတ်ပိုင်းအရွယ်လူကို ကြည့်ကာ မေးမြန်းလိုက်သည်။ လင်းဖန်၏မျက်နှာက ချက်ချင်းပင် အေးစက်တင်းမာသွားသည်။
“ အမ် ”
ဖန်ထင်း၏စကားကိုကြားသောအခါ ဦးလေးလီအံ့သြမှင်တက်သွား၏။ သူသည် ချက်ချင်းစိတ်ဝင်စားသွားပုံရပြီး “ တကယ်လို့ တကယ်ထိုက်တန်တဲ့ ရတနာဆိုရင်တော့ မင်းကို နည်းနည်းခွဲပေးနိုင်ပါတယ် ”
ဖန်ထင်းသည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်၏။ ဦးလေးလီပြောဆိုလိုက်သည့် အဓိပ္ပာယ်ကို ဖန်ထင်းကောင်းစွာ နားလည်သည်။ သို့သော် သူမတွင် ထိုအရာမှတစ်ပါး တခြားရွေးချယ်စရာ ရှိနိုင်ပါဦးမည်လော။ သူမအတွက် နေကိုးစင်းမြက်ရရန် အခွင့်အလမ်းတစ်ခုရှိသေးရန်သာ အရေးကြီးနေသည်။
“ သူ့မှာ ရတနာရှိတယ် ”
ဖန်ထင်းက လင်းဖန်ကို ညွှန်ပြလိုက်ရင်း ဆက်လက်ပြောကြားလိုက်၏။
“ စောစောက ဦးလေးလီမရောင်ခင် သူက သန့်စင်တဲ့ကျောက်တုံးတွေကို ကောက်နေတဲ့အပြင် နေကိုးစင်းမြက်ကိုလည်း စုဆောင်းနေခဲ့တယ်။ အဲ့ဒီနေကိုးစင်းမြက်တွေက သူ့လက်စွပ်ထဲမှာ ရှိတယ် ”
ဖန်ထင်းသည် စကားဆုံးသောအခါ ခေါင်းမှခြေဖျားသို့တိုင် အေးစက်သော အငွေ့အသက်ကို ခံစားလိုက်ရ၏။ သူမက ခေါင်းကို စောင်းငဲ့ပြီး လင်းဖန်အား ကြည့်လိုက်ရာ သူမကို အေးစက်စက်စိုက်ကြည့်နေတာကို တွေ့မြင်သွားပြီး အနည်းငယ် တုန်ခါသွားသည်။
ထို့ပြင် ဘေးပတ်လည်မှာ ရှိနေသော ကျင့်ကြံသူများသည်လည်း အလွန်စိတ်ဝင်စွားသွားပုံရ၏။ နေကိုးစင်းမြက်က အမှန်တကယ် အဖိုးတန်သော ရတနာတစ်ခု ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် လင်းဖန်၏လက်စွပ်ထဲမှာ ရတနာပေါင်းများစွာ ရှိနေခဲ့တာလား။
ထိုအစွမ်းထက်သော ကျင့်ကြံသူများသည် လင်းဖန်ကို ချက်ချင်းကြည့်လိုက်ရာ လင်းဖန်မှာ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရ၏။
လင်းဖန်က ဘေးပတ်လည်ရှိ လူများကို ကြည့်လိုက်ရာ လူခြောက်ယောက်ရှိနေပြီး သူတို့အားလုံး ရွှမ်ချီအဆင့်သို့ ရောက်ရှိနေကြသည်။
“ အားလုံးကို ကျုပ်ပြောချင်တာက ဒီမြေကြောကို ကျုပ်အရင်ဆုံးတွေ့ခဲ့တာ။ အဲ့ဒါကြောင့် တချို့ပစ္စည်းတွေကို ကျုပ်ယူပိုင်ခွင့်ရှိတယ်။ ခင်ဗျားတို့ခြောက်ယောက်အတွက်က ဒီနေရာကို ခင်ဗျားတို့စိတ်ကြိုက်ခွဲဝေယူခွင့်ရှိတယ်။ ကျုပ်ဝင်စွက်ဖက်မှာ မဟုတ်ဘူး ”
လင်းဖန်က လူများကို ပြောလိုက်သည်။ သူက အကြိုသဘောတူညီချက်တစ်ခုပြောလိုက်သော်လည်း ဘယ်သူမှပစ္စည်းများကို အပြေးအလွှားသွားရောက်ယူငင်ခြင်း မရှိချေ။ ဤကဲ့သို့ ကြီးမားသော နေရာမှာ သူတို့ကို ခွဲဝေပေးရန် အတွက် လုံလောက်သော သန့်စင်သည့် ကျောက်တုံးများ ရှိ၏။ သို့သော် ပို၍အစွမ်းထက်သော ကျင့်ကြံသူများလာနိုင်သေးရာ သူတို့ခြောက်ယောက်အတွက် ဤနေရာကို ခြောက်ကွက်အညီအမျှပိုင်းလိုက်ခြင်းက လုံးဝမဖြစ်နိုင်ပေ။
သူတို့ခြောက်ယောက်က ခွဲယူရာတွင် မပြေလည်မှုများရှိလာနိုင်သည် သို့မဟုတ် အသစ်ရောက်လာသူများရှိလာခဲ့လျှင် ထိုလူများကို မယှဉ်နိုင်ဘဲ ထွက်သွားရမည့်သူများလည်း ရှိလာနိုင်၏။
“ အဖိုးတန်ဆုံးရတနာတွေကို ကောက်ယူပြီး အဝေးထွက်သွားမယ်ဆိုတော့ မင်းက တော်တော်ဉာဏ်နည်းလွန်းတာပေါ့ ”
ဦးလေးလီက အေးစက်စက်ပြုံးလိုက်ရင်း
“ မင်းထွက်သွားနိုင်တယ်။ ဒါပေမယ့် မင်းလက်စွပ်ထဲမှာ ရှိနေတဲ့အရာတွေအားလုံးက အခုငါအပိုင်ပဲ။ သန့်စင်တဲ့ကျောက်တုံးတွေ၊ နေကိုးစင်းမြက်တွေ။ အဲ့ဒါတွေအားလုံးကို ငါယူရမယ် ”
“ ဟုတ်တယ်။ မင်းပစ္စည်းတွေချန်ထားပြီး ထွက်သွား ”
အနက်ရောင်ဝတ်ရုံနှင့်တစ်ယောက်က ပြောလိုက်၏။ လင်းဖန်က စကားပြောခြင်းဖြင့် အခွင့်အရေးတစ်ခုရရန် ကြိုးစားခဲ့သော်လည်း သူတို့က အလုပ်မဖြစ်ပေ။ အတ္တသမားများ ဖြစ်နေကြ၏။ သူတို့ကို သူ့ပစ္စည်းများ မပေးချင်ပေ။
“ မြေကြောကို ကျုပ်အရင်ဆုံးတွေ့ခဲ့တာ။ အဲ့ဒါကို လိုချင်တယ်လို့တောင် ကျုပ်မပြောခဲ့ဘူး။ ပစ္စည်းနည်းနည်းပဲ ကျုပ်ကောက်ယူခဲ့တယ်။ ဒါက ကျုပ်ရပိုင်ခွင့်ပဲလေ ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။
“ မင်းကို ထွက်သွားလို့ပြောနေတာက မင်းကို မျက်နှာသာပေးနေတာပဲ။ ဒါကို ရောင့်ကားတက်လာသေးတယ် ”
ဦးလေးလီက ရေခဲတမျှ အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။ လင်းဖန်က အစွမ်းနိမ့်သော ကျင့်ကြံသူတစ်ယောက်ဟု သူယုံကြည်နေသည့်အတွက် အထင်သေးစွာ ဆက်ဆံလိုက်ခြင်းဖြစ်သည်။
လင်းဖန်က သူ၏ပစ္စည်းများကို သူတို့အား ဘယ်တော့မှ ခွဲဝေပေးချင်သူမဟုတ်ပေ။