ညအချိန်အလည်လာခြင်း
“ အဲ့ဒါ ရွှမ်ချီအဆင့်ကျင့်ကြံသူပဲ ”
ရုတ်တရက်ထွက်ပေါ်လာသော အဖြူရောင်မိန်းမပျိုကို ကြည့်ကာ လူအုပ်ကြီးမှာ အံ့သြမှင်တက်သွား၏။ သူမ၏တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ရေခဲများက မီတာပေါင်းများစွာသို့ ရောက်ရှိနိုင်သည်။ သူမ၏အမြန်နှုန်းက အနက်ရောင်အရိပ်ထက် များစွာလျင်မြန်လှသည်။ သူမ၏တိုက်ခိုက်မှုပြီးနောက် လေထဲမှာ သွေးများဖြင့် ပြည့်သွားသည်။
ဤတိတ်ဆိတ်လှသော မိန်းမပျိုက လင်းဖန်၏ဘေးမှာ အမြဲရှိနေပြီး အမှန်တကယ်တော့ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်။ ပင်းယွမ်နှင့် လိန်ယွဲ့တို့က သူမကိုအရှက်ခွဲဝံ့နေသည်မှာ သေချင်နေပုံရချေသည်။ အကယ်၍ လိန်ယွဲ့သာ အသက်ရှင်လျက်နေနိုင်မည်ဆိုလျှင်သော်မှ ကံကောင်းသောကြောင့်သာ ဖြစ်မည်။
လင်းဖန်သို့တည်းမဟုတ် မိန်ချင်းဖြစ်စေ လိန်ယွဲ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
“ လိန်ယွဲ့ကို ကယ်သွားတဲ့လူက ဘယ်သူလဲ။ သူလည်းပဲ နှစ်ဖက်သွားဓားအသုံးပြုသူတစ်ယောက်ပဲ။ အံ့သြစရာကောင်းလိုက်တာ ”
လူအုပ်ကြီးမှာ အတန်ငယ်ဝေးသော နေရာသို့ ကြည့်ကာ တွေးလိုက်မိသည်။ ထိုလူက ဟောက်ယွဲ့ကျောင်းတော်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လားဆိုတာ သူမသိပေ။ မည်သည့်အတွက်ကြောင့် သူ့ကိုယ်သူထုတ်ဖော်ပြသခြင်းမပြုသနည်း။ သူ၏စစ်မှန်သောပုံစံပြရမှာကို ဘာကြောင့် ကြောက်ရွံ့နေရသနည်း။ ထို့ပြင် တစ်စက္ကန့်မျှပင် ရပ်နားခြင်းမပြုဘဲ လိန်ယွဲ့အား ကယ်တင်သွားခဲ့သည်။
လင်းဖန်က အဝေးသို့ ကြည့်ကာ တွေးနေမိ၏။ ထိုလူက ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လိန်ယွဲ့ကဲ့သို့ နှစ်ဖက်သွားဓားအသုံးပြုတစ်ယောက်ဖြစ်သည်။ သူ၏နှစ်ဖက်သွားဓားစွမ်းရည်က အလွန်ထက်မြက်သည်။ လိန်ယွဲ့၏ဆရာဖြစ်နိုင်မည်လား။
“ ဟောက်ယွဲ့ကျောင်းရဲ့ ပါရမီရှင်…။ ငါ့ရဲ့လမ်းမှာ နောက်တစ်ခါဝင်မရှုပ်တာ မင်းအတွက် အကောင်းဆုံးဖြစ်မယ် ”
လင်းဖန် အေးစက်စက်တွေးလိုက်သည်။ ထို့နောက် ချက်ချင်းပင် ပင်းယွမ်၏အလောင်းရှိရာသို့ လျှောက်သွားလိုက်ပြီး နကျောက်တုံးနှင့်လက်စွပ်ကို ရှာလိုက်သည်။
