အပိုင်း ( ၃၉၀ )

340 38 0
                                    

Zawgyi

အတောင်ပံကျားကို သိမ်းသွင်းခြင်း

မြေပြင်မှာ ဝပ်နေသော အတောင်ပံကျားသည် တျန်အဆင့်တောရိုင်းကောင်ပြောတာကို ကြားသောအခါ ခေါင်းထောင်သွားသည်။
တျန်အဆင့်တောရိုင်းကောင်က လူသားအစစ်အဖြစ်သို့ ရောက်ရှိသွားလျှင် အတောင်ပံကျားကိုလည်း သတ်လိမ့်မည်။ ဤအရာက အချိန်အပိုင်းအခြားတစ်ခုသာ ကြာလိမ့်မည်။
သို့ရာတွင် အတောင်ပံကျားက ဘာလုပ်နိုင်မှာလဲ။
အတောင်ပံကျားက ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်ဖြစ်နေသော်လည်း ၎င်း၏အစွမ်းက တျန်အဆင့်တောရိုင်းကောင်ထက်နိမ့်ကျနေရာ မည်သည့်အရာများကို ပြုလုပ်နိုင်ပါမည်လဲ။
၎င်း၏မျက်လုံးများက တလက်လက်တောက်ပနေပြီး တျန်အဆင့်တောရိုင်းကောင်ပြောသည်ကို မကြားသည့်အလား မြေပြင်မှာ ဝပ်ဆင်း၍သာ ဆက်နေလေ၏။
လင်းဖန်သည် အတောင်ပံကျားကို အာရုံစိုက်ခြင်းမရှိချေ။ တျန်အဆင့်တောရိုင်းကောင်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေသည်။
တျန်အဆင့်တောရိုင်းကောင်က ပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးသွားသည်နှင့် သူ့ကိုသတ်လိမ့်မည်ဖြစ်ကြောင်း ပြောခဲ့ပေသည်။
“ ဧည့်သည်လေး…ဒီအသုံးမဝင်တဲ့အကြောင်းတွေကို မပြောနဲ့တော့။ အခု မင်းက ဒီမှာရှိနေတော့ ကျုပ်ရဲ့ဧည့်သည်ပဲ။ ငါးဆယ်ကီလိုမီတာအတွင်းမှာ နေနိုင်တယ်။ ဒီအချိန်တွေအတွင်းမှာ ငါတို့စကားပြောနိုင်တယ်။ ဒီကောင်လေးနဲ့လည်း မင်းဆော့နိုင်တယ်။ ဒီကောင်လေးက မင်းကို တောင်တန်းပတ်လည်ကို လိုက်ပြနိုင်တယ်။ ပြီးတော့ တျန်အဆင့်တောရိုင်းကောင်ကနေ လူသားအဖြစ် ပြောင်းလဲတာကို မင်းကိုယ်တိုင် တွေ့ရနိုင်တယ် ”
တျန်အဆင့်တောရိုင်းကောင်က လင်းဖန်နှင့် ကျား၏ ခံစားချက်များကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ ထိုသို့မဟုတ်လျှင် သူ့အနေဖြင့် သူတို့ကိုသတ်လိမ့်မည်ဟု ပြောမည်မဟုတ်ချေ။
“ ငါးဆယ်ကီလိုမီတာ …”
လင်းဖန်တီးတိုးရေရွတ်လိုက်၏။
“ ဟုတ်တယ်…ငါးဆယ်ကီလိုမီတာ။ အဲ့ဒါ မင်းရဲ့အိမ်အသစ်ပဲ။ တကယ်လို့ အဲ့ဒါရဲ့အပြင်ဘက်ကို ရောက်သွားရင်တော့ ဧည့်သည်လေး မင်းကို ကျုပ်သတ်ရလိမ့်မယ် ”
တောရိုင်းကောင်က ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောကြားလိုက်သည်။
လင်းဖန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် တျန်အဆင့်တောရိုင်းကောင်ကို ချန်ကာ အဆောက်အဦထဲမှ ထွက်ခွာသွားလေ၏။
တျန်အဆင့်တောရိုင်းကောင် အံ့သြမှင်တက်သွားသည်။ ထို့နောက် သူအေးစက်စက်ပြုံးလိုက်၏။ လင်းဖန်ကို သူဟန့်တားခြင်းမရှိချေ။ ဤနေရာသို့ လင်းဖန်ရောက်နေပြီဖြစ်ရာ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။
အကယ်၍ လင်းဖန်သာ ထွက်ပြေးရန် ကြိုးစားလျှင် သေသွားရလိမ့်မည်။ အတောင်ပံကျားသည် လင်းဖန်ထက်များစွာ လျင်မြန်သူဖြစ်၏။ သို့သော် တျန်အဆင့်တောရိုင်းကောင်က အမြဲတမ်း ၎င်းကို ဖမ်းဆီးထားနိုင်ခဲ့ပြီး အစွမ်းပြထားလေရာ ယခင်ကထက် သူ့ကို ရို့ကျိုးလာခဲ့သည်။
လင်းဖန်သည် ခြေဦးတည့်ရာ လျှောက်သွားနေ၏။ ငါးဆယ်ကီလိုမီတာသည် ကျယ်ပြန့်သော နေရာတစ်ခုဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် သေးငယ်သောနေရာဖြစ်နေသည်။ ထိုနေရာသည် တားမြစ်နယ်မြေဖြစ်နေသည့်အလား တျန်အဆင့်တောရိုင်းကောင်နှင့် အတောင်ပံကျားအပြင် တခြားဘယ်သူမှ မရှိချေ။
တောရိုင်းကောင်များသည် လူသားများထက် အာရုံခံနိုင်စွမ်းမြင့်မားပြီး ၎င်းတို့၏နယ်နိမိတ်ကို သတ်မှတ်ထားကြသည်။ ဤကဲ့သို့ အံ့မခန်း အစွမ်းထက်သော တောရိုင်းကောင်ရှိနေသော နေရာသို့ တခြားတောရိုင်းကောင်များက မည်ကဲ့သို့ လာမည်နည်း။
တောရိုင်းကောင်များသည် ၎င်း၏နယ်မြေအတွင်းသို့ မည်ကဲ့သို့ဖြစ်စေ မဝင်ဝံ့ချေ။ ဤတောင်တန်းမှာ တျန်အဆင့်တောရိုင်းကောင်ကို တောဘုရင်အဖြစ် သတ်မှတ်ထားကြ၏။
လင်းဖန်သည် ရေတံခွန်တစ်ခုဘေးသို့ ရောက်ရှိလာပြီး ရေများ၏ဘေးတွင် မျက်လုံးများကို မှိတ်ကာ တရားထိုင်လိုက်သည်။ သူ၏စိတ်က တည်ငြိမ်သွားပြီး အပြင်ကမ္ဘာသည် သူနှင့်သက်ဆိုင်ခြင်းမရှိတော့ချေ။
လင်းဖန်သည် သုံးရက်ကြာ ထိုင်နေခဲ့၏။ သန့်စင်သောကျောက်တုံးများကို သူ၏ပတ်လည်တွင် ထားသည့်အချိန်ကလွဲပြီး ကျန်သည့်အချိန်အားလုံးမှာ သန့်စင်ခြင်းကျောက်တုံးများမှ ချီများကို စုပ်ယူခြင်းနှင့် ကျင့်ကြံခြင်းအပေါ်မှာ အာရုံစူးစိုက်ထား၏။
တောင်နံရံမှ စီးကျနေသော ရေတံခွန်၏ ထိပ်တွင် တောရိုင်းကောင်တစ်ကောင်နှင့် လူတစ်ယောက်ရှိနေသည်။ သူတို့က ရေတံခွန်အောက်မှာ မလှုပ်မယှက်ကျင့်ကြံနေသော လင်းဖန်ကို ကြည့်နေ၏။
သူတို့သည်ကား တျန်အဆင့်တောရိုင်းကောင်နှင့် အတောင်ပံကျားတို့ဖြစ်ပေသည်။
“ လူသားတွေက ကောင်းကင်နဲ့မြေကြီးရဲ့ ချီတွေကို စုပ်ယူသလို သန့်စင်တဲ့ကျောက်တုံးတွေကိုလည်း အားကိုးပြီး သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်တက်သွားအောင် လုပ်ကြတယ်။ တစ်ချိန်တည်းမှာ သူတို့ရဲ့နှလုံးသားကို အသုံးပြုပြီးတော့ သူတို့ရဲ့နားလည်နိုင်စွမ်းကိုလည်း တိုးတက်အောင် လုပ်ကြတယ် ”
တျန်အဆင့်တောရိုင်းကောင်က လင်းဖန်ကိုကြည့်ကာ ပြောလိုက်၏။ သူက လူသားတစ်ယောက်ဖြစ်လာတော့မည်ဖြစ်သည့်အတွက် လူသားများ၏အမူအကျင့်နှင့် အလေ့အကျင့်များကို ရင်းနှီးအောင် လုပ်ရပေမည်။ ဤအရာက သူ၏ပြောင်းလဲခြင်းဖြစ်စဉ်မှာလည်း အောင်မြင်နိုင်သည့်အခွင့်အရေး တိုးပွားလာစေသည်။ လူသားတွေနှင့် ထိတွေ့ခြင်းက နီးကပ်သောဆက်ဆံရေးကို ဆိုလိုခြင်းမဟုတ်ပေ။ သူတို့၏အပြုအမူများကို နားလည်ထားလျှင် လုံလောက်သည်။
တျန်အဆင့်တောရိုင်းကောင်အတွက် အရေးကြီးဆုံးအရာမှာ လူသားတစ်ယောက်ဖြစ်ခြင်းက ဘာကိုဆိုလိုမှန်း နားလည်ရန်ဖြစ်သည်။
“ သူတို့က မြင့်မားတဲ့ပင်ကိုယ်စွမ်းရည်တွေနဲ့ လျင်မြန်အောင် ကျင့်ကြံနိုင်ကြတယ်။ သူတို့ကျင့်ကြံတာက တောရိုင်းကောင်တွေထက် အဆပေါင်းများစွာ မြန်တယ်။ တောရိုင်းကောင်တွေမှာတော့ အဆင့်တက်တာက နှေးလွန်းတယ် ”
တျန်အဆင့်တောရိုင်းကောင်သည် ချာခနဲလှည့်ကာ ထိုနေရာမှ တဖြည်းဖြည်းထွက်ခွာသွား၏။
အတောင်ပံကျားသည် ထွက်ခွာသွားသော တျန်အဆင့်တောရိုင်းကောင်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူထွက်သွားပြီဆိုတာ သေချာတော့မှ လင်းဖန်၏ရှေ့သို့ ချက်ချင်းခုန်ဆင်းလိုက်လေသည်။
ထို့နောက် ၎င်းက စဉ်းစားတွေးတောရင်း လင်းဖန်၏ပတ်လည်တွင် လျှောက်နေ၏။
“ အသုံးမကျတဲ့ကောင် ”
အတောင်ပံကျားသည် တွေးလိုက်ပြီး ရုတ်တရက် ရပ်တန့်ကာ လင်းဖန်၏ရှေ့မှာ ခေါင်းကိုငုံ့လျက် သန့်စင်သောကျောက်တုံးများကို ၎င်း၏လက်သည်းများဖြင့် ချိုးဖျက်ပစ်လိုက်သည်။
“ ဂျွတ် ”
သန့်စင်သောကျောက်တုံးများ ကွဲထွက်သွား၏။ အတောင်ပံကျားသည် တစ်စုံတစ်ခုကို အာရုံခံစားမိလိုက်သည့်အလား လင်းဖန်ကို စူးစိုက်ကြည့်လိုက်သည်။
“ မင်းသတိထားမိနေတယ်မလား ”
လင်းဖန်၏မျက်လုံးများ ချက်ချင်းပွင့်လာပြီးနောက် အတောင်ပံကျားကို မေးမြန်းလိုက်လေသည်။
အတောင်ပံကျားသည် လင်းဖန်ကို စူးစိုက်ကြည့်နေရာမှ ခေါင်းကိုအနည်းငယ်ညိတ်ပြလိုက်၏။ အမှန်တကယ်တော့ လင်းဖန်က ကျင့်ကြံနေခြင်းမဟုတ်ဘဲ လှည့်စားနေခြင်းသာ ဖြစ်သည်။ နောက်တစ်ဆင့်သို့ သူရောက်ရှိသွားသည်မှာ အနည်းငယ် ကြာနေလေပြီ။
“ မင်းက သတိထားမိနေပေမယ့် သူ့ကို မပြောဘူး။ ဘာလို့လည်းဆိုတော့ မင်းက သူ့ကို အထင်သေးနေပြီး သေစေချင်နေလို့ ဟုတ်တယ်မလား ”
လင်းဖန်က ပြုံး၍ ပြောလိုက်သည်။ ရှေးဟောင်းတောရိုင်းကောင်သည် ရက်စက်ကြမ်းကြုတ်ကာ မာနကြီး၏။ သို့ရာတွင် တျန်အဆင့်တောရိုင်းကောင်က သူ့ကို ကျိုးနွံသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် ပြုလုပ်ထားသည်။
အတောင်ပံကျားသည် ကျိုးနွံစွာပြုမူရပြီး ရင်းနှီးဖော်ရွေစွာနေရသည့်အပြင် တျန်အဆင့်တောရိုင်းကောင်ကို ပွေ့ဖက်ခြင်းပင် ပြုလုပ်ရလေရာ ဘယ်လိုလုပ်ဒေါသမထွက်ဘဲ ရှိမည်နည်း။
အတောင်ပံကျားက တျန်အဆင့်တောရိုင်းကောင်ကို မုန်းတီးနေလိမ့်မည်ဟု လင်းဖန်၏စိတ်ထဲတွင် သေချာယူဆထားသည်။
အတောင်ပံကျား၏ မျက်လုံးများတွင် မုန်းတီးခြင်းများဖြင့် ပြည့်နေသည်။ ၎င်းက ကြောက်စရာကောင်းသော သွေးမျိုးဆက်ရှိသည့် ရှေးဟောင်းတောရိုင်းကောင်ဖြစ်ပြီး တျန်အဆင့်တောရိုင်းကောင်က သာမန်တောရိုင်းကောင်သာ ဖြစ်သည်။ သို့သော် တျန်အဆင့်တောရိုင်းကောင်က နှစ်ပါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့ရပြီဖြစ်၍ အံ့မခန်းအစွမ်းထက်ကာ အတောင်ပံကျားကို ဖမ်းဆီးပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ပြုလုပ်ခဲ့သည်။ အတောင်ပံကျား၏နှလုံးသားထဲ၏ ရင်ထဲမှ အမုန်းတရားများကို ဘယ်သူနားလည်နိုင်မလဲ။ ဘယ်လောက်အထိ ဒေါသထွက်နေမလဲဆိုတာ ဘယ်သူသိနိုင်မလဲ။ သို့သော်လည်း ဒေါသထွက်နေမည်ဆိုလျှင်သော်မှ အသုံးမဝင်မချေ။
“ သူ့ကို မင်းမုန်းနေပေမယ့် မင်းမပြောရဲဘူး။ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို မင်းလုပ်နေရတယ်။ မင်းလွတ်လပ်ချင်နေပေမယ့် ချည်နှောင်ခံထားရတယ်။ ထွက်ခွာနိုင်မယ့်အခွင့်အလမ်းတွေကို မင်းဆက်တိုက်ရှာနေတယ်။ ဒါမှမဟုတ် သူ့ကို သတ်နိုင်မယ့် အခွင့်အရေးတွေပေါ့ ”
လင်းဖန်က အလွန်တရာ နူးညံ့သည့်လေသံဖြင့် အတောင်ပံကျား၏ ဒေါသကို ဆွပေးလိုက်သည်။ အတောင်ပံကျား၏အသွင်က ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး လင်းဖန်ကို စူးစိုက်ကြည့်လာ၏။
လင်းဖန်၏စကားလုံးများက နှလုံးသားကို အပ်ကလေးများဖြင့် ဆွနေသည့်ပမာ တောရိုင်းကောင်အား ခံစားသွားရစေသည်။
“ မင်းဒေါသထွက်လို့မရဘူး။ မင်းက ရှေးဟောင်းတောရိုင်းကောင်ဖြစ်တဲ့ အတောင်ပံကျားပဲ။ ဒါပေမယ့် မင်းမသေခင်အချိန်ထိ ကျိုးနွံပြီးတော့ နေသွားရလိမ့်မယ်။ မကြာခင်မှာ သူ့ရဲ့ပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးသွားတော့မယ်။ ဒီကြားထဲမှာတော့ မင်းကို သူက သတ်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့ရဲပြောင်းလဲခြင်းဖြစ်စဉ်ပြီးတဲ့ရက်က မင်းအတွက် နောက်ဆုံးနေ့ပဲ။ တကယ့်တောရိုင်းကောင်တစ်ကောင်လို မင်းဘယ်တော့မှ နေရမှာ မဟုတ်တော့ဘူး ”
အတောင်ပံကျားသည် လင်းဖန်၏စကားကို ကြားသောအခါ ၎င်း၏ပါးစပ်ကို အနည်းငယ်ဟလိုက်သည်။ ၎င်း၏ချွန်ထက်သောသွားများက လင်းဖန်ကို အပိုင်းပိုင်းဖြစ်သွားအောင် လုပ်ပစ်တော့မည့်ပုံ ပေါ်၏။
“ ဘာလို့ ဒေါသထွက်နေတာလဲ။ မင်းမသေချင်ဘူးဆိုရင် အဖြေတစ်ခုတော့ရှိတယ် ”
လင်းဖန်သည် ပြောလိုက်သည်။ ထို့နောက် အတောင်ပံကျား၏အသွင်အပြင်ကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်၏။
“ သူ့ကို မင်းသတ်ရမယ်။ အဲ့ဒါက မင်းလွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ ”
“ ဂါး …..”
အတောင်ပံကျားသည် တိုးတိတ်စွာ မာန်ဖီလိုက်၏။ အမှန်တကယ်တော့ လင်းဖန်ပြောသည့်အရာများကို သူသိသည်။ သို့သော် တျန်အဆင့်တောရိုင်းကောင်ကို သူသတ်နိုင်ပါမည်လော။
အကယ်၍ သူသာ တျန်အဆင့်တောရိုင်းကောင်ကို သတ်ဖြတ်နိုင်ခဲ့လျှင် စောစောတည်းက လုပ်ခဲ့ပြီးပြီဖြစ်၏။
“ ငါတို့နှစ်ယောက်ပေါင်းပြီး လုပ်ဖို့လိုတယ် ” လင်းဖန်က ပြောလိုက်ပြီး ဆက်လက်၍
“ အခုသူဘယ်လောက်အစွမ်းထက်လဲ ငါ့ကို ပြောပြပေးကွာ။ ပြီးတော့ သူ့ရဲ့ပြောင်းလဲခြင်းဖြစ်စဉ်အတွင်းမှာ သူဘယ်လောက်အစွမ်းရှိလဲ ”
လင်းဖန်၏စိတ်ဝိညာဉ် ထွက်ပေါ်လာပြီး နဂါးခေါင်းတစ်လုံးက အတောင်ပံကျားဆီသို့ သွားနေ၏။ ၎င်းကား မှော်ဝိညာဉ်ဖြစ်သည်။
“ ဂါး……”
ကျား၏ခန္ဓာကိုယ်မှ သားရဲဆန်သော အလင်းရောင်များ ထွက်ပေါ်လာ၏။ ကျားသည်နောက်သို့ဆုတ်သွားကာ မာန်ဖီလျက် လင်းဖန်ကို ကြည့်လိုက်သည်။ ၎င်း၏မျက်လုံးများတွင် မုန်းတီးခြင်းများဖြင့် ပြည့်နေပြီး လင်းဖန်ကို ဝါးမြိုပစ်နိုင်သည့်ပုံပေါ်၏။ လင်းဖန်၏ မှော်ဝိညာဉ်သည် အတောင်ပံကျားကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
“ သူ့ကို မင်းမသတ်နိုင်ဘူး။ မင်းလုပ်နိုင်မယ့်အရာက သူသေတာကို စောင့်ကြည့်နေရုံလောက်ပဲ။ ငါတို့နှစ်ယောက်သာ အတူတူတိုက်ခိုက်ရင် မျှော်လင့်ချက်ရှိတယ်။ မင်းသိတဲ့အရာတွေအားလုံး ငါသိဖို့လိုတယ်။ အဲ့ဒါကြောင့် မင်းကို အချိန်ခဏလောက် ထိန်းချုပ်ခွင့်ပြုပေးကွာ။ ငါတို့နှစ်ယောက်သာ အတူတူမတိုက်ခိုက်ဘူးဆိုရင် လွတ်မြောက်နိုင်မှာမဟုတ်ပဲ နှစ်ယောက်လုံးသေရလိမ့်မယ် ”
လင်းဖန်က အေးစက်စွာစိုက်ကြည့်နေသော အတောင်ပံကျားကို ကြည့်ကာ ယုံကြည်မှုရစေရန် ကြိုးစားလိုက်၏။
“ သူနဲ့ရင်ဆိုင်ဖို့ ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်။ မင်းက ငါ့ကိုယုံကြည်ရင် ငါတို့နိုင်မယ်။ မင်းက မယုံဘူးဆိုရင် ငါတို့အားလုံး ဆုံးရှုံးသွားလိမ့်မယ်။ ဒါက တစ်သက်မှာ တစ်ကြိမ်ပဲ ရမယ့် အခွင့်အရေးပဲ။ ဒီလိုမှမဟုတ်ရင် တိုတောင်းတဲ့သက်တမ်းအတွင်းမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို မင်းနေသွားရလိမ့်မယ်။ ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်က ကျိုးနွံတတ်တဲ့အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ်နဲ့ ဆိုးဆိုးဝါးဝါး သေသွားရမှာကို မင်းလိုချင်လား ”
အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် သေသွားခြင်း……
ထိုစကားလုံးများက တောရိုင်းကောင်၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်း၏မျက်လုံးများက ပို၍ပင် အေးစက်လာ၏။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြစ်ရခြင်းက ရှေးဟောင်းတောရိုင်းကောင်အတွက် အရှက်ရခြင်းမဟုတ်လော။

PMG အတွဲ ( ၂ )Nơi câu chuyện tồn tại. Hãy khám phá bây giờ