နောင်တရခြင်းနှင့် ပူဆွေးဝမ်းနည်းရခြင်း
“ ကဲ ..အားလုံးပဲ စင်ပေါ်ကို တက်လာပြီး ကျုပ်ကို သတ်ကြပါ။ ဘာကိုစောင့်နေကြတာလဲ ”
လင်းဖန်က လူအုပ်ကြီးကို ကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်ရာ လင်းမျိုးနွယ်စုမှလူများမှာ တုန်ခါသွား၏။ မည်သည့်အတွက်ကြောင့် သူတို့လုပ်ရဲတော့မည်နည်း။
ဤမျှတောင့်တင်းသော တပ်ဖွဲ့အတွက် လင်းမျိုးနွယ်စုအဖွဲ့ဝင်အားလုံးကို သုတ်သင်ရန်မှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်သည်။ သို့ဖြစ်ရာ လင်းဖန်ကို မည်သည့်အတွက်ကြောင့် အတူတကွတိုက်ခိုက်ရဲပါတော့မည်နည်း။
“ မျိုးနွယ်စုစောင့် အကြီးအကဲ…အစတုန်းကတော့ ကျုပ်ကို ဝိုင်းတိုက်ခိုက်ဖို့ အကုန်လုံးကို အမိန့်ပေးခဲ့တယ်လေ။ အခုတော့ ဘာကြောင့် ရပ်နေတာလဲ။ ဒါဘာသဘောလဲ ”
လင်းဖန်က ပြုံးလျက် သရော်လိုက်၏။ မျိုးနွယ်စုစောင့်အကြီးအကဲ၏မျက်နှာမှာ တင်းမာခက်ထန်သွားသည်။ သူ့နှုတ်ခမ်းက တဆတ်ဆတ်တုန်ယင်လာသော်လည်း စကားတစ်လုံးမှထွက်ပေါ်လာခြင်း မရှိချေ။ ယခုအချိန်မှာ အားလုံး၏အသက်တွေက လင်းဖန်၏လက်ထဲမှာ ရှိနေသည်။
“ မျိုးနွယ်စုစောင့်အကြီးအကဲ..ခင်ဗျားက အင်မတန်အစွမ်းထက်ပါပေတယ်။ ကျုပ်အဖေကို အလစ်ဝင်တိုက်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ကျုပ်နဲ့ ကျုပ်အဖေကို လင်းမျိုးနွယ်စုကနေ မောင်းထုတ်ခဲ့တယ်။ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ…ဘယ်လောက်တောင် ရဲဝံ့လိုက်သလဲ။ အခု ခင်ဗျားမှာ ကျုပ်ကို တိုက်ခိုက်ဖို့ နောက်ထပ်အခွင့်အရေး ရှိနေပြီလေ ”
လင်းရုန် ငြိမ်သက်နေတာကို လင်းဖန်မြင်သောအခါ ဆက်လက်ပြောဆိုလိုက်၏။ အရင်တုန်းက သူ့အဖေက အံ့မခန်းထူးချွန်ထက်မြက်သည့် စွမ်းရည်များကို ပြသခဲ့ကာ ဘယ်သူမှမတိုက်ခိုက်ရဲအောင် ဆောင်ရွက်ခဲ့သော်လည်း လင်းရုန်က ကိုယ်တိုင်ဝင်တိုက်ခိုက်ကာ ဒဏ်ရာရစေခဲ့သည်။ ထို့ပြင် သူတို့ကို လင်းမျိုးနွယ်စုမှပင် ထုတ်ပယ်ခဲ့ရာ လင်းဖန်အနေဖြင့် မည်သည့်အတွက်ကြောင့် လင်းရုန်ကို မေ့နိုင်ပါမည်နည်း။
