အပိုင်း ( ၂၅၃ )

1.3K 151 0
                                        

နိုင်လိုမင်းထက် ပြုမူခြင်း….

ဒူဂူရှန်သည်လည်း တုန်ခါသွားရပြီး လင်းဖန်ကို အံ့အားတသင့်ကြည့်လိုက်၏။

“ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ဘယ်လိုလုပ် ဒီလောက်ကြီးသန်မာရတာလဲ?”
ဒူဂူရှန်မှာ သူ့မျက်လုံးကိုသူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ လင်းဖန်ကို တခါမှသူမမြင်ဘူးခဲ့ချေ။ ထို့အပြင် အသက်အရွယ်က လွန်စွာငယ်သေးသော်လည်း ထူထပ်သိပ်သည်းသည့်ပုံစံရှိသော စွမ်းအင်များကို ထုတ်လွှတ်နေ၏။

သင်တန်းကျောင်းမှာ ဤမျှအစွမ်းထက်သော ကျောင်းသားမရှိချေ။

ဒူဂူရှန်မှာ နှလုံးခုန်ရင်တုန်ဖြစ်နေစဉ်မှာပင် လင်းဖန်က မျက်တောင်တချက်ခတ်အတွင်း သူ့ရှေ့သို့ ရောက်လာသည်။

ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်းက လင်းဖန်၏ဓားစွမ်းရည်တွင်သာမက လျင်မြန်မှုစွမ်းရည်တွင်လည်း အကျိုးသက်ရောက်မှုရှိစေခဲ့သည်။ ကမ္ဘာမြေနှင့်တသားတည်း ပေါင်းစပ်သွားနိုင်ပြီဖြစ်သည့်အတွက် ကမ္ဘာမြေ၏စွမ်းအားများကို သူအသုံးပြုကာ ရွေ့လျားနိုင်လာသည်။

“ ဖြန်း!”

ဒူဂူရှန်၏ခန္ဓာကိုယ်ကြီးမှာ အဝေးသို့ လွင့်စဉ်သွား၏။ သူ့မျက်နှာတွင် အနီရောင်အမှတ်အသားတစ်ခုထွက်ပေါ်လာသည်။ ထိုအမှတ်အသားမှာ လက်ဝါးရာတစ်ခုဖြစ်ပေ၏။

လူအားလုံး တအံ့တသြဖြစ်သွားသည်။ မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်ပါသနည်း။ ဒူဂူရှန်ဆိုသည်မှာ လင်းချီစုဆောင်းမှုအဆင့်ရှစ်သို့ ရောက်နေသော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘုံသင်တန်းကျောင်းရှိ ထိပ်ဆုံးကျောင်းတော်သားများကြားတွင် အဆင့်လေးရှိသူဖြစ်သည်။ အံ့သြစရာကောင်းတာက သူခုခံချိန်ပင်မရလိုက်ဘဲ လင်းဖန်၏လက်ဝါးစာမိကာ လွင့်စဉ်သွားခြင်းပင်။
ယွမ်ရှီကို ပြောဆိုခဲ့သော မိန်းကလေးမှာ တအံ့တသြဖြစ်ကာ ပါးစပ်ကြီးပင် ပွင့်နေလေ၏။ သူမပုံစံက သာမန်မဟုတ်သည့် အရာတစ်ခုကို တွေ့မြင်လိုက်ရသည့်အလား ရှိနေသည်။

အလွန်တရာ အစွမ်းထက်ကာ အရှိန်အဝါကြီးမားသော ဒူဂူရှန်ကို လူငယ်လေးတစ်ယောက်က ပါးရိုက်လိုက်ပေသည်။ ထိုလူငယ် မည်သူဖြစ်လေသနည်း။

ယွမ်ရှီ၏ပုံစံက ပျော်ရွှင်မှုနှင့် အံ့အားသင့်နေမှုများ ရောပွမ်းလျက် ရှိနေသည်။ လင်းဖန်၏ပုံစံက ထီမထင်ဟန်ရှိလှပြီး လွန်စွာလွတ်လပ်ပေါ့ပါးစွာနေသည့် လူတစ်ယောက်အသွင် ဖြစ်နေလေသည်။

ဒူဂူရှန်ကို ပါးရိုက်လိုက်သောမြင်ကွင်းက ဟဲမိုအားတိုက်ခိုက်လိုက်တာကို မြင်နေရတာထက် ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းနေသည်။

“ ကောင်းတယ် ”

“ သူက တပ်မှူးကျောင်းတော်သားတွေထဲက တစ်ယောက်ဖြစ်ထိုက်ပါပေတယ်။ ခေါင်းဆောင်အမျိုးအစားကျောင်းတော်သားတွေကတော့ လေကြီးလေကျယ်စကားလုံးပဲ ပြောတတ်တယ်။ တချက်တောင် ခံနိုင်တာမဟုတ်ဘူး ”
လူအုပ်ထဲရှိ လူများက ပြောဆိုနေကြသည်။ ခန့်မှန်းထားသည့်အတိုင်း လူအများစုက ဒူဂူရှန်ဘက်မှ ရပ်တည်ခြင်းမရှိချေ။

ဒူဂူရှန်၏မျက်နှာသွင်ပြင်က ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ့ပုံစံက ဒဏ်ရာရထားသော တိရစ္ဆာန်တစ်ကောင်ပမာဖြစ်နေပြီး လင်းဖန်ကို ရေခဲတမျှအေးစက်စက်အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်၏။
“ မင်းဘယ်သူလဲ?”

“ ငါလား?”
လင်းဖန်က သူ့ကိုယ်သူလက်ညှိုးထိုးလိုက်ပြီး ချက်ချင်းပင် အေးစက်စက်ပြောလိုက်သည်။

PMG အတွဲ ( ၂ )Место, где живут истории. Откройте их для себя