အပိုင်း ( ၂၂၆ )

1.3K 128 0
                                        

လင်းဖန်၏ဓားစွမ်းရည်

လင်းဖန်က လင်းဟောက်ကျဲ၏လက်ကို တစ်ချက်တည်းဖြင့် ဖြတ်ခဲ့သည်။

ထို့အပြင် သူက ဓားကိုအသုံးပြုခဲ့ခြင်းမရှိဘဲ သူ့လက်ကိုသာ လေထဲသို့ ဝှေ့ယမ်းလိုက်ခြင်းဖြစ်၏။ လက်မှထွက်ပေါ်လာသော တောက်ပသောအလင်းရောင်အောက်တွင် ရွှေရောင်မိုးစက်တိုက်ကွက်က ရယ်စရာဖြစ်သွားခဲ့သည်။

“ ရွှေရောင်မိုးစက်ဓားသခင် ” ဟူသောအမည်ကလည်း ဟာသတစ်ခုဖြစ်သွားရ၏။

လင်းဖန်ပြောခဲ့သလိုပင် လင်းဟောက်ကျဲက ဓားကိုင်ရန်မသင့်သည့်လူတစ်ယောက်သာဖြစ်ပြီး သူဓားဖြင့်တိုက်ခိုက်ခြင်းက ဓားအသုံးပြုသူတွေကို စော်ကားလိုက်သလိုရှိနေပေသည်။ လင်းဟောက်ကျဲက အရည်အချင်းရှိခြင်းနှင့် အလှမ်းကွာလွန်းနေ၏။ အထူးသဖြင့် လင်းဖန်နှင့်ဆိုလျှင်….

ကျစ်ယီက လင်းဖန်ကို အသုံးမကျသောလူတစ်ယောက်အဖြစ် ယူဆပြီး လင်းဟောက်ကျဲကို လူကောင်းတစ်ယောက်အဖြစ်ထင်ခဲ့ခြင်းက လွန်စွာရယ်စရာကောင်းလှသည်။ လူအများထဲမှ ထင်ပေါ်ကျော်ကြားသူတစ်ယောက်ဖြစ်လာလိမ့်မည်ဟု သူမတွေးကာ သူမ၏သန့်ရှင်းသောခန္ဓာကိုယ်ကို သူ့အားပေးခဲ့ရာ အရှက်ခွဲခံရခြင်းနှင့်သာ ကြုံလိုက်ရသည်။ လင်းဖန်၏အကြံပေးချက်ကို လုံးဝလျစ်လျူရှုခဲ့၏။

“ ဟားး….ဟား…ဟား..”
ထိုစဉ် ကျစ်ယီကထူးဆန်းစွာရယ်မောလိုက်သည်။ ယခုအချိန်တွင် လင်းဟောက်ကျဲကား လက်တစ်ဖက်ကို ဆုံးရှုံးထားသည့်အတွက် အလွန်တရာသနားစရာကောင်းနေ၏။ သွမ့်ရှင်းရဲ့ကို ကာကွယ်ပေးနေသော လင်းဖန်ကား သူရဲကောင်းဆန်နေပြီး အရာရာကို ထီမထင်ဟန်ဖြင့် ရင်ဆိုင်သွားမည့်ပုံပေါ်နေသည်။

လင်းဖန်က အမှန်တကယ်တော့ လူအများကြားရှိနေသည့် နဂါးတစ်ကောင်သာဖြစ်ပေ၏။ ကျစ်ယီက သူ့ကို ထပ်ခါထပ်ခါ အရှက်ခွဲခဲ့သော်လည်း စိတ်ရှည်သည်းခံနေခဲ့သည်။ သူမကို ဂရုမစိုက်ခြင်းကြောင့်ဖြစ်သည့်အပြင် သူမနှင့်ဖက်ပြိုင်ပြောလျှင် အကျိုးမရှိတာကို သိသောကြောင့်လည်း ဘယ်သောအခါမှ ခက်ထန်တင်းမာသွားခြင်းမရှိပေ။ လင်းဖန်ကား အမှန်တကယ်အံ့သြစရာကောင်းသောလူတစ်ယောက်ဖြစ်ပေ၏။
ကျစ်လင်းသည်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိနေသည့် လင်းဖန်ကို တွေ့နေရ၏။ စင်္ကြံလမ်းပေါ်မှာရပ်နေသော လင်းဖန်က ထီမထင်ဟန်ရှိနေသည်။ လင်းဟောက်ကျဲ၏လက်ကို တုန့်ဆိုင်းခြင်းမရှိ ဖြတ်တောက်ခဲ့၏။ ဤလူငယ်က လမ်းပေါ်မှ သူတို့တွေ့ခဲ့သော လူငယ်လေလား။ ဥယျာဉ်ကို တံမြက်စည်းလှည်းပေးရသည့် လူငယ်လော။ တဲလေးအတွင်းမှာ မီးမွှေးနေခဲ့သော သူရဲဘောကြောင်သည့်လူငယ်လား..လမ်းခရီးတစ်လျှောက်လုံး ဆိုးရွားစွာဆက်ဆံခြင်းခံခဲ့ရသော လူငယ်လား..

သူတို့မထွက်ခွာခင် ပြောခဲ့သော သူတို့အဖေ၏စကားကို ကျစ်ယီနှင့်ကျစ်လင်းတို့ နားလည်လာသည်။ ကျစ်နန်က သူတို့ကို ကျစ်အုပ်စိုးသူနယ်မြေရောက်သည်အထိ ဘေးကင်းစေရန် လင်းဖန်အား ပြောကြားခဲ့၏။ သူ့တာဝန်က သူတို့ကို ကာကွယ်ရန်ဖြစ်သည်။ တချိန်တည်းမှာပင် သူတို့ကို လင်းဖန်နှင့်နီးကပ်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် သူတို့အား အံ့သြဖွယ်ကောင်းသောအခွင့်အရေးတစ်ရပ်ကို ပေးအပ်ခဲ့၏။ ကျစ်ယီက လင်းဖန်ကို အထင်အမြင်သေးစွာ ဆက်ဆံခဲ့ပြီး အသုံးမကျသူတစ်ယောက်ဟု ရယ်မောပြောဆိုခဲ့ပြီး သူမ၏အပျိုစင်ဘဝကို လင်းဟောက်ကျဲထံ ရူးမိုက်စွာ ပုံအပ်ခဲ့သည်။ ကျစ်လင်းသည်လည်း လင်းဖန်ကို လေးစားခြင်းမရှိဆက်ဆံခဲ့၏။

“ ဓားကိုင်ခွင့်မပြုဘူး ”
လင်းဟောက်ကျဲက နေရာမှာပင် မလှုပ်မယှက်ရပ်နေသည်။ သူ့လက်မှသွေးများစီးကျနေပြီး သွေးဆုတ်ဖြူရော်သည့်အသွင်ရှိနေ၏။ ရွှေရောင်မိုးရေစက်ဓားသခင် လင်းဟောက်ကျဲကို ဓားမကိုင်သင့်ဘူး..ဓားကိုင်ခြင်းက ဓားအသုံးပြုသူတွေကို အရှက်ခွဲနေသလိုဘဲ ဟု တစ်စုံတစ်ယောက်ကပြောခြင်းသည် ဤအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပေသည်။

“ ဓားတစ်လက်က စူးရှချွန်ထက်နေရမယ်။ ဓားကိုင်တဲ့လူကလည်း ခိုင်မာပြတ်သားတဲ့လူဖြစ်ရမယ်။ မင်းမှာအဲ့ဒီလို အရည်အချင်းတွေမရှိဘူး။ မင်းရဲ့ဓားပညာက အလှပြနေသလိုသာဖြစ်နေပြီး အကွက်မရှိဘူး။ မင်းဟာ ဓားကိုင်ဖို့ မသင့်တော်ဘူး။ မင်းကိုယ်မင်း ဓားသမားတစ်ယောက်လို့ ထင်နေတာက ဓားပညာကို တကယ်လေ့ကျင့်နေတဲ့သူတွေအတွက် စော်ကားခံလိုက်ရသလိုပဲ ”

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora