အပိုင်း ( ၃၈၆ )

331 39 0
                                        

Zawgyi

ရှေးဟောင်းတောရိုင်းကောင်များ

မှော်ဝိညာဉ်သည် နဂါးခေါင်းများထဲမှ တစ်ခုဖြစ်လာခဲ့လေပြီ။
လင်းဖန်သည် တဒင်္ဂကြာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ထို့နောက် သူ၏မျက်နှာတွင် တောက်ပသော အပြုံးစတစ်စ ပေါ်ထွက်လာသည်။ ယခင်က သူသည် ကောင်းကင်စွယ်ဝိညာဉ်နှင့် ခရမ်းရောင်ဝိညာဉ်တို့ကို အားကိုးကာ ကြုံတွေ့ရသည့် တောရိုင်းကောင်များကို ရင်ဆိုင်ခဲ့သည်။
သို့ရာတွင် ယခုအခါ သူသာ မှော်ဝိညာဉ်ကို အသုံးပြုခဲ့လျှင် တောရိုင်းကောင်များကိုလည်း ထိန်းချုပ်လာနိုင်လိမ့်မည်။
“ တိုက်ဆိုက်လိုက်တာ။ ငါပျံသွားဖို့ တောရိုင်းကောင်တစ်ကောင် လိုနေတာနဲ့ အတော်ပဲ ”
လင်းဖန်သည် နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ရင်း ပြောလိုက်သည်။ သူသည် ရွှမ်ချီအစွမ်းနှင့် လေပေါ်ပျံနိုင်သော်လည်း ထိုသို့ပြုလုပ်နိုင်ရန် သန့်စင်သောချီများစွာ လိုအပ်၏။ အချိန်ကြာမြင့်စွာ သူမပျံသန်းနိုင်ပေ။ သူ၏သန့်စင်သောချီများ ပျောက်ကွယ်သွားလျှင် သူ၏အရှိန်နှုန်းသည်လည်း လျော့ကျသွားလိမ့်မည်။ အကယ်၍ သူ့မှာသာ ပျံသန်းနိုင်သော တောရိုင်းကောင်တစ်ကောင် ရှိနေခဲ့လျှင် ကောင်းကင်မှာ သူဆန္ဒရှိသည့်အတိုင်း ပျံသန်းနိုင်လိမ့်မည်။
“ ဝူကျိန်းကို ငါကျေးဇူးတင်ရမယ့်ပုံပဲ ”
လင်းဖန်သည် ရှေ့သို့ လျှောက်သွားလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။ လျှပ်တပြက်အတွင်း သူ့ခန္ဓာကိုယ်သည် လှစ်ခနဲလှုရှားသွားပြီး နဂါးကိုးကောင်တောင်တန်း၏ တောနက်ထဲသို့ ရောက်ရှိသွားလေသည်။ ဝူကျိန်းက ပြန်မရောက်သေးသည့်အတွက် ဝမ်ရှောက်ကျောင်းတော်များက မည်ကဲ့သို့ဖြစ်ပျက်လဲဆိုတာကို လာရှာနိုင်သည်။ သူသာ ဝူကျိန်းကို သတ်ထားမှန်း သူတို့တွေ့သွားလျှင် သူ့ကို သတ်ရန် ကြိုးစားလာလိမ့်မည်။
သို့ဖြစ်ရာ လင်းဖန်သည် မြေကြောရှိရာအရပ်သို့ မသွားတော့ပေ။ ထို့ပြင် သူက မထွက်ခွာမီ သူ၏ချီအကြွင်းအကျန်များကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ ဝမ်ရှောက်ကျောင်းတော်က တောရိုင်းကောင်များကို အမဲလိုက်ခြင်းနှင့် သိမ်းသွင်းခြင်းမှာ အလွန်တရာ တော်ရာ ချီများကို ကြည့်ကာ သူတို့လမ်းကြောင်းရှာနိုင်၏။
လင်းဖန်၏တွေးဆချက်မှာ မှန်ကန်သည်။ တန်ဝူယောက်နှင့် အခြားသူများသည် တိုက်ခိုက်ရာနေရာကို ရှာရန် ဝူကျိန်း၏ ချီလမ်းကြောင်းအတိုင်း လိုက်လာခဲ့ကြ၏။ ဝမ်ရှောက်ကျောင်းတော်နှင့်အခြားသူများသည် တိုက်ပွဲဖြစ်ရာနေရာသို့ ရောက်ရှိလာကြသည်။
များစွာသော အပျက်အစီးများနှင့် အက်ကွဲကြောင်းများကို မြင်တွေ့သောအခါ သူတို့အားလုံး မျက်မှောင်ကြုတ်သွား၏။ အဖျက်အဆီးစွမ်းအင်၊ သူတို့သည် ပြင်းထန်သော အဖျက်အဆီးစွမ်းအင်တစ်ခုကို အာရုံခံစားနေရဆဲပင်။ ထိုနေရာမှာ ရှိနေသော တချို့အရာများက ဖုန်မှန့်များအဖြစ်သို့ ပြောင်းလဲသွား၏။ ဤနေရာမှာ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံပေါ်သည်။
“ ဒါ ဝူကျိန်းရဲ့ချီတွေပဲ ”
တန်ဝူယောက်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ မည်မျှပျက်စီးနေသည့် မြေပြင်နည်း။ လင်းဖန်မှာ ဤကဲ့သို့ အဖျက်အဆီးများဖြစ်ပေါ်စေသည်အထိ အစွမ်းရှိနေတာလား။
ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များအားလုံးသည် အလွန်တရာ လေးနက်သွား၏။ ဝူကျိန်းနှင့် လင်းဖန်၏တိုက်ပွဲအဖြေအမှန်က ဘာလဲ။
များစွာသော သံသယများက သူတို့၏ရင်ထဲမှာ ဖြစ်ပေါ်နေသည်။ သူတို့၏မျက်လုံးကို မယုံနိုင်အောင် ဖြစ်နေ၏။ သူတို့သည် တိုက်ပွဲ၏အဖြေကို သိရရန် အမြန်ဆုံးလာရောက်ခဲ့သော်လည်း ဝူကျိန်းနှင့် လင်းဖန်က ပျောက်နေ၏။ ဝူကျိန်းသို့မဟုတ် လင်းဖန်ဖြစ်ဖြစ် မည်သူနိုင်သည်ဖြစ်စေ သူတို့နှစ်ယောက်၏ချီများ ဖျက်ထားသည်က လွန်စွာ ထူးဆန်းနေသည်။
“ ခေါင်းဆောင်... ဒီနေရာမှာ ကျိန်းရဲ့လအဆင့်နိမ့်ကျင့်စဉ်က လာတဲ့ ရေခဲချီတချို့နဲ့ နေချီတချို့ ရှိနေတယ် ”
တန်ဝူရှန်က ပြောလိုက်ရာ တန်ဝူုယောက်က ခေါင်းကို ညိတ်ပြလိုက်၏။ နေချီများသည် လင်းဖန်ပိုင်ဆိုင်တာဖြစ်နိုင်ပြီး လအဆင့်နိမ့်ကျင့်စဉ်က ဝူကျိန်းအသုံးပြုတာ သေချာသည်။ လင်းဖန်နှင့် ဝူကျိန်းတို့က ဤနေရာမှာ တိုက်ခိုက်တာ ဖြစ်နိုင်၏။ သို့သော် တခြားလူများ သို့မဟုတ် တောရိုင်းကောင်များသည်လည်း တိုက်ပွဲထဲမှာ ဝင်ပါနိုင်တာဖြစ်နိုင်သည်။
“ လင်းဖန် မသေဘူးလား ”
လူအုပ်ကြီးတွေးနေကြ၏။ ဝူကျိန်းက လင်းဖန်ကို မသတ်နိုင်တာ ဖြစ်နိုင်သည်။ ထိုသို့မဟုတ်လျှင် ဝူကျိန်းက သူ၏ချီများကို ဖျက်မည်မဟုတ်ဘဲ မြေကြောရှိရာသို့ ပြန်လာလိမ့်မည်။
လင်းဖန်ကို မတွေ့ရဘဲ ဝူကျိန်း၏ချီသည်လည်း ပျောက်ကွယ်နေရာ ဝူကျိန်းနေသွားသည်မှာ သေချာသည်။
လူအားလုံးက တူညီသော အဖြေကို ကောက်ချက်ချမိ၏။ ချက်ချင်းပင် သူတို့၏နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ အထူးသဖြင့် ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များ အံ့သြတုန်လှုပ်နေ၏။ သူတို့သည်လည်း တခြားလူများကဲ့သို့ အဖြေကို ကောက်ချက်ချမိနေသည်။ ထိုအကြောင်းကို သူတို့တွေးပင်မတွေးဝံ့ကြတော့ချေ။ သို့သော် တိုက်ခိုက်သူနှစ်ယောက်၏ ချီများက မည်သည့်အတွက်ကြောင့် ပျောက်ကွယ်နေရသနည်း။
အကယ်၍ လင်းဖန်က ဝူကျိန်းကို သတ်ခဲ့ပြီး မထွက်သွားခင် ချီအကြွင်းအကျန်များကို ဖြတ်ပစ်ခဲ့လျှင် အခြေအနေက နားလည်ရန်လွယ်ကူသည်။ သို့သော် ဤကဲ့သို့အရာများ ဖြစ်လိမ့်မည်ဟု သူတို့မယုံကြည်ဝံ့ပေ။ အံ့သြတုန်လှုပ်စရာ ကောင်းလွန်းနေ၏။ အကယ်၍ လင်းဖန်သာ ဝူကျိန်းကို သတ်ခဲ့လျှင် သူကံကောင်းသောကြောင့်ဆိုတာ ထင်ရှားသည်။ သို့ရာတွင် သူ့မှာ ဝူကျိန်းကိုသတ်ရန် အစွမ်းရှိနိုင်မည်လား။
“ ရှေ့ကို ဆက်ပြီးရှာကြ ”
တန်ဝူယောက်သည် ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောလိုက်၏။ သူ့မျက်နှာက အိုနေ၏။ သူ၏အသံက တုန်ခါခြင်းမရှိသည့်တိုင် လူအုပ်ကြီးသည် သူအလွန်စိုးရိမ်သောကရောက်နေကြောင်း ခံစားမိနေသည်။
ဝူကျိန်းက လင်းဖန်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရတာ ဖြစ်မည်။ ထိုသို့မဟုတ်လျှင် သူ၏ချီများ မည်ကဲ့သို့ ပျောက်ကွယ်သွားမည်နည်း။
ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်များသည် တန်ဝူယောက်ပြောတာကို ကြားသောအခါ သူတို့၏နှလုံးခုန်နှုန်းများ မြန်ဆန်သွားသည်။ ချက်ချင်းပင် သူတို့သည် ခေါင်းညိတ်လိုက်ပြီး နဂါးကိုးကောင်တောင်တန်း၏ တောနက်အတွင်းသို့ ဆက်လက်တိုးဝင်သွားလေသည်။
ယွီမျိုးနွယ်စု၏ အဖွဲ့ဝင်အားလုံးကို ကြည့်ရသည်မှာ စဉ်းစားမရဖြစ်နေပုံပေါ်၏။ လင်းဖန်ကား အံ့အားသင့်စရာ အသက်ရှင်နေသေးသည်။ သူတို့က သာမန်သာ ယူဆထားခဲ့သော လူက သူတို့ကို အံ့သြတုန်လှုပ်သွားစေနိုင်သည့် အစွမ်းရှိနေတာလား။
ယွဲ့ချင်းရှန်၏ ဆံပင်ဖြူများက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ အတိတ်က အဖြစ်အပျက်များဆီသို့ သူလွင့်မျောနေ၏။ အရင်က လင်းဖန်၏အဖေ လင်းဟိုင်သည် လင်းဖန်ကဲ့သို့ စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ အသက်ကို အလောင်းအစားပြုရသည့် အန္တရာယ်များစွာကို ဖြတ်ကျော်ခဲ့၏။ သို့ရာတွင် အဆုံးသတ်မှာ သွမ့်မျိုးနွယ်စု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။
ယွဲ့ချင်းရှန်သည် လင်းဖန်ကို ကြည့်လိုက်သည့်အချိန်တိုင်း လင်းဟိုင်ကို မြင်နေ၏။ သူတို့နှစ်ယောက်က အလွန်ဆင်တူသည်။
…………
လင်းဖန်ကား သူမည်မျှ လျှောက်သွားခဲ့လဲကိုပင် မသိတော့ပေ။ သူရောက်နေသော နေရာသည် နဂါးကိုးကောင်တောင်တန်း၏ အလွန်နက်ရှိုင်းသောနေရာဖြစ်ကြောင်းကိုသာ သိသည်။
လင်းဖန်သည် အထူးသတိထားလျက် ရှေ့သို့ ဆက်လက်သွားလာနေ၏။ သူသည် ကမ္ဘာမြေနှင့် ပေါင်းစပ်သည့်အဆင့်ကို အသုံးပြုထားသည့်အတွက်ကြောင့် သူ၏ခေါင်းက ကြည်လင်ကာ ကောင်းစွာအလုပ်လုပ်နေသည်။ သူ့ပတ်လည်မှာ ရှိနေသည့်အရာအားလုံးကို သူသိနေပြီး လှုပ်ရှားမှုတိုင်းကို အာရုံခံနိုင်နေ၏။ သူသည် တောနက်ထဲသို့ ဝင်ရောက်လာသည်ဖြစ်သောကြောင့် တောရိုင်းကောင်များကို တွေ့ခဲ့ရသည်။ အချို့တောရိုင်းကောင်များသည် အလွန်ကြောက်စရာကောင်းပြီး ၎င်းအကောင်များအနားသို့ သူမကပ်ဝံ့ချေ။ တခြားလမ်းမှသွားကာ ၎င်းတို့ကို ရှောင်တိမ်းခဲ့ရ၏။
တောရိုင်းကောင်များနှင့် ပြည့်နေသော နေရာသည် ကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံတစ်ခုဖြစ်သည့်အပြင် ငရဲလည်း ဖြစ်နိုင်၏။ အံ့မခန်းအခွင့်အရေးများ ရှိသော်လည်း အန္တရာယ်က နေရာတိုင်းမှ ဝင်ရောက်လာနိုင်သည်။ သို့ဖြစ်ရာ ဤကဲ့သို့ နေရာမျိုးကို ဘယ်သူမှ အရမ်းကာရော မဝင်ရောက်ဝံ့ချေ။ လင်းဖန်သာ ကမ္ဘာမြေနှင့်ပေါင်းစပ်ခြင်းအဆင့်ကို အသုံးမပြုလျှင် ဤကဲ့သို့ အစွမ်းထက်သော တောရိုင်းကောင်များရှိရာသို့ သူမလာဝံ့ပေ။
“ မျက်လုံးသုံးလုံး မိစ္ဆာဝံပုလွေ ”
ထိုစဉ်လင်းဖန်သည် သွေးဆာနေသည့်အရောင်များ လက်နေသော မျက်လုံးသုံးလုံးကို သတိထားမိလိုက်၏။ ၎င်းဝံပုလွေ၏ခေါင်းမှာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ရှိသော မျက်လုံးသုံးလုံး ရှိနေသည်။
မျက်လုံးသုံးလုံး မိစ္ဆာဝံပုလွေသည် အလွန်တရာ ရှားပါးသော တောရိုင်းကောင်တစ်ကောင်ဖြစ်ပြီး အံ့မခန်းသန်မာ၏။ ၎င်း၏သုံးလုံးမြောက်မျက်လုံးက လှည့်ဖျားတတ်ပြီး ရန်သူကို ရှုပ်ထွေးအောင် ပြုလုပ်နိုင်သည်။ သို့ရာတွင် လင်းဖန်သည် တောနက်ထဲမှာ မျက်လုံးသုံးလုံး ဝံပုလွေများစွာကို မြင်တွေ့နေရ၏။
“ မျက်လုံးသုံးလုံး ဝံပုလွေတွေမှာ အတောင်ပံမရှိတာ ဆိုးတယ်။ ဒီလိုမှမဟုတ်ရင် ဒီကောင်ကို ငါယဉ်ပါးအောင် လုပ်တယ် ”
လင်းဖန်တွေးလိုက်သည်။ ထိုစဉ် မျက်လုံးသုံးလုံးဝံပုလွေသည် တစ်စုံတစ်ခုကို သတိထားမိသည့်အလား ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်၏။
“ ဒီအကောင်ရဲ့ အာရုံခံနိုင်စွမ်းက အရမ်းထက်တာပဲ ”
လင်းဖန်၏ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး ဝံပုလွေကို မကြည့်တော့ပေ။ တခဏမျှကြာသောအခါ နောက်ဆုံးတွင် ဝံပုလွေသည် ထွက်ခွာသွား၏။
လင်းဖန်ပြုံးလိုက်ပြီး ရှေ့သို့ ဆက်လက်လျှောက်သွားလိုက်သည်။ သို့သော် အနည်းငယ်လျှောက်ပြီးသောအခါ သူ ကပျာကယာ ရပ်တန့်လိုက်၏။
“ မဖြစ်နိုင်ဘူး ”
လင်းဖန် မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ လူတစ်ယောက်က သူ့နောက်မှ လျှို့ဝှက်လိုက်ပါနေ၏။ သူ့ကို စောင့်ကြည့်နေသည့်ပမာ လင်းဖန်ခံစားမိနေသည်။
“ ဘယ်လိုဖြစ်နိုင်မှာလဲ … ငါ့အာရုံတွေက ဘယ်လိုလုပ်မှားနိုင်မှာလဲ ”
လင်းဖန်မျက်မှောင်ကြုတ်သွား၏။ သူသည် ကမ္ဘာမြေနှင့် ပေါင်းစပ်ခြင်းအဆင့်ကို အသုံးပြုလိုက်သည့်အခါ သူ၏အာရုံများက အလွန်တိကျလာသည်။ ထို့နောက် အတန်ငယ်ဝေးသောနေရာထိ အာရုံခံလိုက်သောအခါ မြက်ပင်များနှင့် သစ်ပင်များကိုသာ ခံစားလိုက်ရ၏။
“ ဘာမှမရှိဘူးလား ”
လင်းဖန်အံ့သြသွားသည်။ သူ၏အာရုံများသည် အလွန်တရာ တိုးတက်နေခဲ့၏။ ကမ္ဘာမြေနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ခံစားချက်များသည် မမှားနိုင်ပေ။ သို့ရာတွင် ထပ်မံ၍ ကြိုးစားပြီးအာရုံခံလိုက်သောအခါ မြက်ပင်များနှင့် လေပြေများ တိုက်ခတ်နေသည်ကလွဲပြီး ဘာမှမတွေ့ရချေ။ သူ့ကို စောင့်ကြည့်နေသည့်လူတစ်ယောက်ကိုမှ မတွေ့ရချေ။ ထို့ပြင် အကြည့်ခံနေရသည့် ခံစားချက်သည်လည်း ပျောက်ကွယ်သွား၏။ အလွန်တရာ ထူးဆန်းလှပေစွ။
လင်းဖန်၏မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်လည်ဖြစ်သွားသည်။ သူသည် ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်ပြီး ဘာမှမဖြစ်သည့်အလား ရှေ့သို့ ဆက်လက်လျှောက်သွား၏။ ယခင်ကထက် ပိုမိုသတိထားလျက် သူသွားလာလိုက်သည်။
စောင့်ကြည့်ခံနေရသည့်ခံစားချက်က လင်းဖန်၏နှလုံးသားထဲသို့ ထပ်မံရိုက်ခတ်လာ၏။ သူမျက်မှောင်ကြုတ်သွားပြီး ရပ်တန့်လိုက်ကာ ဘေးပတ်လည်ကို ဖြည်းညင်းစွာ ကြည့်လိုက်သည်။
“ ထွက်လာခဲ့ ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။ လင်းဖန်နှင့်မနီးမဝေးနေရာရှိ မြေပြင်သည် တုန်ခါလာပြီး များမကြာမီ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ လင်းဖန်သည် ထိုပုံရိပ်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။
၎င်းက တောရိုင်းကောင်တစ်ကောင် ဖြစ်နေပြီး အလွန်တရာ ခန့်ညားထည်ဝါပြီး အစွမ်းထက်သည်။ ၎င်းမှာ မီးတောက်ပမာ နီရဲသော အမွှေးများရှိပြီး ချွန်ထက်သော အပ်ကလေးများသဖွယ် ဆင်တူ၏။ ၎င်း၏ကျောတွင် အတောင်ပံတစ်စုံရှိနေပြီး တဖျပ်ဖျပ်ခတ်နေသည်။ ထိုတောရိုင်းကောင်ကိုကြည့်ရသည်မှာ အလွန်အန္တရာယ်ရှိသည့်ပုံ ပေါ်၏။
ထိုတောရိုင်းကောင်သည် မီးနတ်ဆိုးခြင်္သေ့နှင့်ဆင်တူသော်လည်း မီးနတ်ဆိုးခြင်္သေ့ထက် များစွာခန့်ညားထည်ဝါကာ အထင်ကြီးလေးစားစရာ ကောင်းသည်။
လင်းဖန်သည် မျက်မှောင်ကြုတ်ကာ တောရိုင်းကောင်များနှင့် ပတ်သက်သည့်အကြောင်းများကို စဉ်းစားလိုက်၏။
မီးနတ်ဆိုးခြင်္သေ့ကို လူများ လေးစားကြောက်ရွံ့ကြသည့်အကြောင်းမှာ အချက်နှစ်ချက်ကြောင့်ဖြစ်သည်။ ၎င်း၏အံ့မခန်းအစွမ်းအပြင် ရှေးဟောင်းတောရိုင်းကောင်၏သွေးများ ပါရှိနေသောကြောင့်ဖြစ်၏။ ၎င်းအကောင်များက ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်၏ မျိုးစိတ်ခွဲများဖြစ်သည်။
ကောလာဟလများအရ ထိုရှေးဟောင်းတောရိုင်းကောင်များသည် မျိုးတုန်းပျောက်ကွယ်သွားခြင်းမရှိသေးပေ။ သို့ရာတွင် မည်သည့်နေရာတွင် နေထိုင်ကြောင်းကို ဘယ်သူမှ မသိကြပေ။ တစ်ကောင်ကိုမြင်တွေ့နိုင်ရန်ပင် အလွန်ခက်ခဲ၏။
ရှေးဟောင်းတောရိုင်းကောင်များသည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမား၏။ ၎င်း၏အမွှေးများသည် အပ်ကလေးများဖြင့်ပြုလုပ်ထားသည့် သံချပ်ကာအင်္ကျီတစ်ခုပမာ ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်က မီးတောက်ပမာ နီရဲကာ နွားထီးတစ်ကောင်၏ခန္ဓာကိုယ်နှင့် ဆင်တူသည်။ ၎င်း၏ကျောတွင် မီးချီများ ပါဝင်ပုံရသည့် မီးတောက်ကဲ့သို့ နီရဲသော ခန့်ညားထည်ဝါသည့် အတောင်ပံတစ်စုံရှိ၏။ ၎င်းကိုကြည့်ရသည်မှာ ကြီးမားသည့်အန္တရာယ်တစ်ခုအလား ထင်ရသည်။
ထို့ပြင် ၎င်းက လင်းဖန်၏ရှေ့မှာ ရှားပါးစွာ ထွက်ပေါ်လာခဲ့လေသည်။

PMG အတွဲ ( ၂ )Donde viven las historias. Descúbrelo ahora