စူးရှသော အလင်းရောင်
“ ပင်းဟဲတျန်း ”
ထိပ်ပြောင်နေသော ခေါင်းဆောင်သည်လည်း အတော်လေးအံ့အားသင့်သွားရ၏။
ပင်းဟဲတျန်းသည် နှင်းရေခဲတောင်ရွာ၏ အလွန်တရာအစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့အမည်က ဒေသတစ်ခုလုံးတွင် ထင်ရှားကျော်ကြားသည်။ ရွှမ်ချီအဆင့်သုံးသို့ ရောက်ရှိနေသူဖြစ်ပြီး နှင်းရေခဲတောင်ရွာ၏ခေါင်းဆောင်ဟန်ယွဲ့တျန်းလောက် အစွမ်းထက်သူဖြစ်သည်။ ယခုတစ်ကြိမ်တွင် ပင်းယွမ်ကြောင့် သူကိုယ်တိုင်ရောက်လာခဲ့ခြင်းဖြစ်၏။ ပင်းယွမ်သည် သူ၏တပည့်ရင်းတစ်ယောက်ဖြစ်ပြီး အလွန်တရာအစွမ်းထက်အောင် သူကိုယ်တိုင် လေ့ကျင့်ပေးခဲ့ရာ အသတ်ခံလိုက်ရသောအခါ မည်ကဲ့သို့ သူဒေါသမထွက်ဘဲရှိမည်နည်း။
“ အကြီးအကဲချုပ် ပင်း…ကျုပ်တို့နှစ်ယောက်စလုံးမှာ တူညီတဲ့အဆင့်အတန်းရှိတယ်လို့ ကျုပ်ယူဆမိပါတယ်။ အဲ့ဒီလောက်ကြီး မောက်မာဖို့မကောင်းပါဘူး ”
ထိပ်ပြောင်ခေါင်းဆောင်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်သည်။ ပင်းဟဲတျန်းက သူ့ကို ချက်ချင်းထွက်သွားရန်ပြောလိုက်သည်က သူ၏မျက်နှာကို ပျက်ယွင်းသွားရစေသည်။
“ မောက်မာဖို့မကောင်းဘူးတဲ့လား။ ငါ့ကို ဒီလိုပြောရအောင် ဘယ်သူက မင်းကို ခွင့်ပြုထားလို့လဲ ”
ပင်းဟဲတျန်းက ပြောလိုက်လေ၏။ သူ့အသံက အေးစက်နေပြီး သူ၏အကြည့်များက အထင်အမြင်သေးသည့်အရိပ်အယောင်များ ပါဝင်နေသည်။ ပင်းဟဲတျန်း၏အမြင်တွင် သိန်းငှက်ရဲတိုက်မှလူများသည် ခွေးများ၊ ကြက်များပမာ ဖြစ်သည်။ သူတို့က ရက်စက်ကြမ်းကြုတ်သူများဖြစ်၏။ ကောင်းကင်အဏ္ဏဝါမြို့မှာ အနည်းငယ်လွှမ်းမိုးမှုရှိသော်လည်း သူတို့ကို ပင်းဟဲတျန်းအထင်အမြင်သေးသည်။
“ ကျုပ်ဆိုရင်ရော… ”
ရက်စက်ကြမ်းကြုတ်သည့်အသံတစ်သံထွက်ပေါ်လာရာ ပင်းဟဲတျန်း၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။ ထိုစဉ်အလွန်တရာ ကြမ်းတမ်းသော စွမ်းအင်တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်လာရာ လူများမှာ ရိုးတွင်းချင်ဆီသို့တိုင် ကြောက်ရွံ့သွားမိသည်။
လူတစ်ယောက်က ကောင်းကင်ယံမှနေ၍ အလွန်လျင်မြန်စွာ ဆင်းသက်လာသည်။ ပြင်းထန်သောလက်သီးချက်တစ်ခုက ပင်းဟဲတျန်းထံသို့ ဖြောင့်တန်းစွာ တိုးဝင်လာ၏။
“ ထွက်သွားစမ်း ”
ပင်းဟဲတျန်းက ဒေါသတကြီးအော်ပြောလိုက်သည်။ နှင်းခဲများကျဆင်းလာပြီး ရေခဲအဖြစ်သို့ အသွင်ပြောင်းကာ လက်သီးချက်ဆီသို့ ပြေးဝင်သွားလေ၏။
“ ဘုန်း ”
ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။ ကောင်းကင်ယံမှ နှင်းများအဆက်မပြတ်ကျဆင်းလာသလို လေပြင်းများလည်း တိုက်ခတ်သွား၏။
“ အေးလိုက်တာ ”
အတန်ငယ်ဝေးသော နေရာမှ ကြည့်နေသောလူများမှာ သူတို့၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော အအေးဓာတ်ကြောင့် တုန်ယင်သွားရသည်။ ထိုအအေးဓာတ်တွင် ပြင်းထန်ရက်စက်သည့်ချီများ သိပ်သည်းစွာ ပါဝင်နေ၏။
