Zawgyi
တောနက်ထဲမှ လူ
၎င်းက ရှေးဟောင်းတောရိုင်းကောင်တစ်ကောင်ဖြစ်ပြီး ပို၍ တိကျစွာပြောရလျှင် အတောင်ပံကျားတစ်ကောင်ဖြစ်ပေ၏။
လင်းဖန်အံ့အားသင့်နေသည်။ မီးနတ်ဆိုးခြင်္သေ့က ထိုတောရိုင်းကောင်၏ မျိုးစိတ်ခွဲတစ်ခုသာ ဖြစ်သည်။ ၎င်း၏အစွမ်းနှင့်ဆိုလျှင် အတောင်ပံကျားသည် တျန်အဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်၏။ မည်မျှအစွမ်းထက်လိုက်ပါသနည်း။
အတောင်ပံကျားတစ်ကောင်မှာ ရှေးဟောင်းတောရိုင်းကောင်တချို့၏သွေးများ ပါရှိနေကာ ၎င်း၏အစွမ်းက အံ့မခန်းကြီးမားလှသည်။
ထိုစဉ် လင်းဖန်သည် အတောင်ပံကျားကို တစ်ချက်ကြည့်လိုက်ရာ ထိုကျားသည်လည်း သူ့ကို ပြန်လည်စူးစိုက်ကြည့်နေ၏။ ၎င်း၏မျက်လုံးများတွင် အရိုင်းဆန်သည့် အရိပ်အယောင်များ ရှိနေပြီး သားကောင်များကို ကြည့်နေသည့်ပမာ ကြည့်နေသည်။
မီးတောက်ကဲ့သို့ အနီရောင်တောက်ပနေသော ပုံရိပ်ယောင်တစ်ခုကြောင့် လင်းဖန်ရုတ်ချည်း အံ့အားသင့်သွား၏။ သူက နောက်သို့ ဆုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လေထဲသို့ ဝဲပျံသွား၏။
“ ဝှစ်…..”
လေထဲတွင် သွေးများပြန့်ကျဲသွား၏။ လင်းဖန်၏အင်္ကျီများသည် စုတ်ပြဲနေပြီး သူ့ဝမ်းဗိုက်တွင် ကြီးမားသော ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။ ထိုတိုက်ခိုက်မှုက သူ၏အသားများကို စုတ်ပြဲသွားစေပြိး သွေးများဖြင့် ဖုံးလွှမ်းသွားစေသည်။
လင်းဖန်၏နောက်ကျောမှ ချွေးစေးများ စီးကျလာသည်။ အတောင်ပံကျား၏ အလစ်ဝင် တိုက်ခိုက်လာမှုကို သူရှောင်တိမ်းခြင်းပင် မပြုနိုင်ခဲ့ပေ။ သူသည် တောင်ပံကျားကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။
မည်မျှကြောက်စရာကောင်းလိုက်သနည်း။
လင်းဖန်သည် ကြီးမားသော အမှားကြီးတစ်ခုကို ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း နားလည်သွား၏။ တောင်ပံကျားကို မြင်သောအခါ သူစိတ်လှုပ်ရှားလွန်းသွားခဲ့ပြီး သတိထားရန်ကိုပင် မေ့လျော့သွားခဲ့သည်။ တောရိုင်းကောင်က တိုက်ခိုက်လိုက်သောအခါ သူမခုခံနိုင်တော့ဘဲ ဒဏ်ရာရသွားခဲ့၏။
“ ဂါး …….”
တောရိုင်းကောင်သည် အနက်ရှိုင်းဆုံးငရဲမှ လာနေသည့်လေသံဖြင့် အော်လိုက်သည်။ ၎င်းကိုကြည့်ရသည်မျာအေးစက်ပြီး ကျားတစ်ကောင်နှင့်တူသည့်အပြင် တစ်ချိန်တည်းမှာ ဝံပုလွေတစ်ကောင်နှင့်လည်း တူနေရာ လင်းဖန်ကို သတိမလွတ်စေရန် ပြောကြားနေသည့်ပမာ ဖြစ်နေ၏။
“ ဝှစ် ”
မီးအရိပ်အယောင်တစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။ ဤတစ်ကြိမ်မှာ လင်းဖန်က လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ရှောင်တိမ်းလိုက်၏။ သို့ရာတွင် အတောင်ပံကျားသည် လင်းဖန်၏အနားသို့ ရောက်သောအခါ ၎င်း၏အတောင်ပံများကို လှစ်ခနဲဖွင့်လိုက်ပြီး ကြီးမားသော ကိုယ်ကြီးနှင့် လင်းဖန်ထံသို့ ပြေးဝင်သွားသည်။ ၎င်း၏တိုက်ခိုက်မှုတိုင်းက လုံးဝပြီးပြည့်စုံနေပြီး ရန်သူကို လွတ်လမ်းမရှိအောင် ပြုလုပ်နေ၏။ ထိုတောရိုင်းကောင်သည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး လူသားကျင့်ကြံသူများထက် အာရုံခံနိုင်စွမ်းပိုမိုမြင့်မားသည်။
လင်းဖန်အံ့သြမှင်တက်သွား၏။ သူမရှောင်တိမ်းနိုင်တော့ပေ။ အတောင်ပံကျား၏ အမြန်နှုန်းနှင့် တိကျသော အာရုံခံနိုင်စွမ်းတို့ကား ကြောက်စရာကောင်းလှသည်။ တောရိုင်းကောင်က မည်ကဲ့သို့ တိုက်ခိုက်လာနိုင်လဲဆိုတာကို လင်းဖန်သိနေသော်လည်း မရှောင်တိမ်းနိုင်ခဲ့ချေ။
လင်းဖန်၏ခန္ဓာကိုယ်မှ နေချီအချို့ထွက်ပေါ်လာပြီး အတောင်ပံကျားဆီသို့ ပြေးဝင်သွားသည်။ သို့ရာတွင် အတောင်ပံကျားသည် လျစ်လျူရှုကာ မီးတောက်များကိုကျော်ဖြတ်၍ ချက်ချင်းခုန်ဝင်လာ၏။ လင်းဖန်မှာ နောက်သို့ အလျင်အမြန်ဆုတ်ခွာလိုက်ရသည်။
“ ဘုန်း ”
တစ်စုံတစ်ခု ကျိုးပျက်သော အသံများ လေထဲတွင် ထွက်ပေါ်လာ၏။ လင်းဖန်၏ပါးစပ်မှ သွေးများထွက်ကျလာသည်။ သူ့ခန္ဓာကိုယ်သည် အရှိန်ဖြင့် လွင့်သွားပြီး များစွာသော သစ်ပင်များဖြင့် တိုက်မိသွား၏။
လင်းဖန်သည် မြေပြင်သို့ ခြေဆောင့်လိုက်ကာ နောက်သို့ လွင့်ပျံနေရာမှ ရပ်တန့်အောင် လုပ်လိုက်သည်။ ထို့နောက် သူ့ဆီသို့ တရွေ့ရွေ့လှမ်းလာနေသော အတောင်ပံကျားကို အထူးသတိထားလျက် စိုက်ကြည့်လိုက်၏။
ယခုအချိန်မှာ အတောင်ပံကျားက သူ့ထက်များစွာအစွမ်းထက်ကြောင်း လင်းဖန်၏စိတ်ထဲတွင် သေချာသွားသည်။ ၎င်းက ရွှမ်အဆင့်တောရိုင်းကောင်တစ်ကောင်ဖြစ်သော်လည်း ၎င်း၏အစွမ်းနှင့် အရှိန်က လင်းဖန်ထက် ကျော်လွန်နေသည်။ ၎င်း၏အံ့မခန်းအမြန်နှုန်းက လင်းဖန်ကို မျှော်လင့်ချက်ကင်းမဲ့သွားစေသည်။ ထိုကဲ့သို့ အမြန်နှုန်းမှာ သူလှုပ်ရှားခွင့်မရလိုက်ချေ။
ထို့ပြင် သူ၏ လျင်မြန်မှုစွမ်းရည်က နိမ့်ကျနေသေးကြောင်းကိုလည်း နားလည်သွားစေ၏။ သို့သော် ဤကဲ့သို့အရာများကြောင့် လင်းဖန်၏စိတ်ထဲမှာ အတောင်ပံကျားကို ယဉ်ပါးလာအောင် လုပ်ချင်သည့်စိတ်များ ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခရမ်းရောင်အလင်းများ ပြိုးပြိုးပျက်ပျက် လင်းလက်လာပြီး လင်းဖန်၏ ခရမ်းရောင်ဝိညာဉ် ထွက်ပေါ်လာသည်။ ၎င်းသည် မြောက်များစွာသော မြွေလေးများအဖြစ်သို့ ပြောင်းလဲသွားပြီး အတောင်ပံကျားဆီသို့ ပြေးသွားလေသည်။ အတောင်ပံကျားက မည်မျှအထိ အစွမ်းထက်လဲဆိုတာကို လင်းဖန်မြင်ချင်နေ၏။
အတောင်ကျားသည် လင်းဖန်ကို သူ၏အစာအလား စိုက်ကြည့်ကာ ဖြည်းညင်းစွာ လျှောက်လာသည်။ အခြေအနေက အတော်လေးဆိုးရွားနေပုံပေါ်၏။ ခရမ်းရောင်မြွေလေးများသည် ၎င်း၏ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
“ ဂါး….ဂါး ……”
၎င်း၏အတောင်ပံများထဲမှ မီးများစတင်ထွက်ပေါ်လာပြီး ခရမ်းရောင်မြွေများကို ဖျက်ဆီးလိုက်၏။ ထိုအရာများက အတောင်ပံကျားအတွက် အဟန့်အတားဖြစ်စေပုံမပေါ်ချေ။ ၎င်းက လင်းဖန်ဆီသို့ ဆာလောင်နေသော မျက်လုံးများဖြင့် ဆက်လက်ရွေ့လျားလာသည်။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ တောရိုင်းကောင်လဲ ”
ခရမ်းရောင်မြွေများသည် ဖျက်ဆီးခြင်းခံလိုက်ရသောအခါ အစွမ်းများ လျော့နည်းသွား၏။ များသောအားဖြင့် ကျင့်ကြံသူများသည် တောရိုင်းကောင်တစ်ကောင်၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သော်လည်း အတောင်ပံကျားမှာ အသုံးမဝင်ချေ။
“ မင်းက ငါ့အတွက်ပဲ ”
လင်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။ အတောင်ပံကျားက များစွာ အစွမ်းထက်လာလေလေ လင်းဖန်ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်သည်။
ထို့နောက် သူ၏ကောင်းကင်စွယ်ဝိညာဉ် ထွက်ပေါ်လာပြီး နဂါးခေါင်းတစ်လုံးစီမှ ကြောက်မက်ဖွယ်ကောင်းစွာ အော်မြည်နေကြသည်။ လင်းဖန်၏နောက်ရှိ နဂါးခေါင်းတစ်လုံးသည် တခြားခေါင်းခြောက်လုံးနှင့်မတူဘဲ အလွန်တရာ အေးစက်ကာ အရိုင်းဆန်နေသည်။ ၎င်းမှာ မှော်ဝိညာဉ်ဖြစ်နေ၏။
အတောင်ပံကျားသည် နဂါးကိုကြည့်ကာ အလွန်တရာ အံ့အားသင့်သွား၏။ ထို့နောက် ၎င်း၏ခြေထောက်များသည် ရှေ့သို့တိုးနေရာမှ ချက်ချင်းရပ်တန့်လိုက်ပြီး နောက်ပြန်ဆုတ်လေသည်။
“ ဂါး …”
နဂါးကောင်များသည် အော်မြည်နေကြ၏။ ထို့နောက် ခေါင်းခြောက်လုံးသည် အတောင်ပံကျားဆီသို့ လျှပ်ပြက်သည့်အလား စတင်ပြေးသွားကြပြီး ၎င်းတို့၏သွားတွေဖြင့် တောရိုင်းကောင်၏ ခန္ဓာကိုယ်ကို ကိုက်ထားကြ၏။
“ ဝေါင်း…..”
အတောင်ပံကျားသည် အော်မြည်လိုက်၏။ ၎င်းကိုကြည့်ရသည်မှာ ယခင်ကထက် ပို၍ အရိုင်းဆန်လာသည်။ ၎င်း၏အပ်များသဖွယ် အမွှေးများသည်လည်း ထောင်မတ်သွားကြပြီး ချွန်ထက်သော ဓားသွားများသဖွယ် ပြောင်းလဲကာ နဂါးကို ထိုးဖောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ကိုယ်မှ ပူပြင်းသော မီးတောက်များ တောင်လောင်လာ၏။
“ ဝေါင်း ……”
အတောင်ပံကျားသည် ကောင်းကင်ကိုကြည့်ကာ ကျယ်လောင်စွာ အသံရှည်ဆွဲလိုက်သည်။ ၎င်း၏အသံသည် အတန်ငယ်ဝေးသောနေရာသို့တိုင် ပဲ့တင်သံများ ထွက်ပေါ်သွား၏။ ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မီးတောက်များကြောင့် နဂါးမှာ အနားသို့ပင် မကပ်နိုင်ဖြစ်နေသည်။
“ အာ …မကောင်းတော့ဘူး ”
လင်းဖန်တွေးလိုက်၏။ တောရိုင်းကောင်၏အော်သံက အလွန်တရာ အစွမ်းထက်သော တောရိုင်းကောင်များကို လာရောက်စေရန် ဆွဲဆောင်နိုင်သည်။
ရှေးဟောင်းတောရိုင်းကောင်များသည် ကြောက်စရာကောင်း၏။ ဤကဲ့သို့ ရင်ဆိုင်ရခက်ခဲသော တောရိုင်းကောင်တစ်ကောင်ကို လင်းဖန်မတွေ့ဖူးခဲ့ချေ။
ရွှမ်အဆင့်တောရိုင်းကောင်တိုင်းက ကြောက်မက်ဖွယ်ရာကောင်းသည့်ပုံပေါ်သည်။
နဂါး၏ ခုနစ်လုံးမြောက်ခေါင်းသည် တဝီဝီမြည်ကာ အတောင်ပံကျားဆီသို့ ရွေ့လျားလာသည်။ မှော်ဝိညာဉ်သည် အတောင်ပံကျား၏စိတ်ဝိညာဉ်ကို စုပ်ယူကာ ကြောက်စိတ်ဖြစ်ပေါ်နေအာင် ပြုလုပ်နေသည်။
၎င်း၏ကြီးမားသော မျက်လုံးများက တဖြည်းဖြည်းနာခံသည့်အသွင် ပြောင်းလဲလာသည်။ တောရိုင်းကောင်တစ်ကောင်ကို ဤကဲ့သို့ အလွယ်တကူဖြင့် ယဉ်ပါးအောင် ပြုလုပ်နိုင်ပါသလော။
“ ဝူ ….”
တောရိုင်းကောင်သည် ခေါင်းကို မော့လိုက်ပြီး ကောင်းကင်ကိုကြည့်ကာ အူလိုက်၏။ ၎င်း၏အစာဖြစ်သော လူသားတစ်ယောက်က ၎င်းကို ထိန်းချုပ်ရန်ကြိုးစားနေရာ မည်ကဲ့သို့ ဒေါသမထွက်ဘဲ ရှိမည်နည်း။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြောက်စရာကောင်းသော အလင်းရောင်များ လက်သွားပြီး အတောင်ပံကျားသည် အတောင်ပံများကို ပြန့်ကားအောင် လုပ်လိုက်ပြီး နဂါး၏ခေါင်းများကို ကျော်ဖြတ်ကာ လင်းဖန်ဆီသို့ ချက်ချင်းပြေးဝင်ရန် ကြိုးစားလိုက်သည်။
“ ဘုန်း ”
နဂါးသည် အတောင်ပံကျားကို ဟန့်တားရန်ကြိုးစားလိုက်သော်လည်း အတောင်ပံကျား၏အစွမ်းကို မထိန်းချုပ်နိုင်ချေ။ ထိုအခြင်းအရာကို လင်းဖန်မြင်သောအခါ စကားမပြောနိုင်အောင် အံ့သြမှင်တက်သွားပြီး သူ၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ဤအတောင်ပံကျားကား အံ့မခန်းအစွမ်းထက်လွန်းနေ၏။
လင်းဖန်သည် သူ၏စိတ်ဝိညာဉ်ကို ပြန်လည်ခေါ်ယူလိုက်ပြီး လေထဲသို့ ခုန်လိုက်သည်။ အတောင်ပံကျားသည် ၎င်း၏အတောင်ပံများကို ဖြန့်ကားလိုက်ပြီး ကြယ်ကြွေသည့်အလား လှုပ်ရှားသွားသည်။
လင်းဖန်သည် သူ၏ကောင်းကင်စွယ်ဝိညာဉ်နှင့် မှော်ဝိညာဉ်အစွမ်းပေါင်းစပ်ခဲ့သော်လည်း အတောင်ပံကျားကို မဟန့်တားနိုင်ခဲ့ချေ။ အတောင်ပံကျား၏ အစွမ်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
“ ကောင်လေး…မင်းကို ဘယ်သူက ဒေါသထွက်အောင် လုပ်နေတာလဲ ”
ထိုစဉ် လေထုကိုဖြတ်၍ အသံတစ်သံထွက်ပေါ်လာရာ လင်းဖန်အံ့အားသင့်သွားသည်။ စောစောက သူသည် အတောင်ပံကျားအပေါ်မှာ အာရုံရောက်နေခဲ့၍ လူတစ်ယောက်ရှိနေတာကို သူသတိမထားမိခဲ့ပေ။
လင်းဖန်သည် အသံထွက်ပေါ်လာရာသို့ ကြည့်လိုက်ရာ သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာနေသော သက်လတ်ပိုင်းအရွယ်လူကို တွေ့မြင်သွား၏။ ထိုလူသည် ပြုံးနေသော်လည်း သူ၏အပြုံးက ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။
အတောင်ပံကျားသည် ထိုလူကိုမြင်သောအခါ ခေါင်းငုံ့သွားပြီး ချက်ချင်းပင် ထိုလူဆီသို့ လျှောက်သွားလေ၏။
အတောင်ပံကျားသည် ထိုလူ၏ရှေ့သို့ ရောက်သောအခါ အပြစ်ကိုဝန်ခံသည့်အလား ၎င်း၏ခြေလက်များကို ဝပ်ဆင်းလိုက်လေသည်။
“ ကောင်လေး…မင်းနောက်ထပ် ထွက်ပြေးပြန်ပြီ ”
သက်လတ်ပိုင်းအရွယ်လူသည် ခေါင်းကိုခါယမ်းကာ ပြုံး၍ ပြောလိုက်၏။ အတောင်ပံကျားမှာ ၎င်း၏ခေါင်းကို ပို၍ပင် နိမ့်သွားသည်။
ထို့နောက် သက်လတ်ပိုင်းအရွယ်လူသည် အတောင်ပံကျားကို နူးညံ့ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ သူ၏လေသံက နူးညံ့နေပြီး မိတ်ဆွေတစ်ယောက်ကို ပြောနေသည့်အလား ကြင်နာရိပ်များ ပြည့်လွှမ်းနေသည်။
လင်းဖန်သည် သူ၏နေရာမှာပင် ရပ်ကာ မျက်မှောင်ကြုတ်နေ၏။ အံ့သြစရာကောင်းလောက်အောင် ဤကဲ့သို့ ခေါင်သည့်တောနက်တွင်းမှာပင် လူများရှိနေခဲ့ပေသည်။ ထို့ပြင် ထိုလူသည် အတောင်ပံကျား၏ သခင်တစ်ယောက်လည်း ဖြစ်နေခဲ့၏။
အံ့သြစရာ ကောင်းလွန်းပေစွ။ လင်းဖန်မှာ အလွန်တရာ စိတ်ရှုပ်ထွေးသွားပုံရသည်။ သက်လတ်ပိုင်းအရွယ်လူ၏ မျက်လုံးများထဲမှ နွေးထွေးသည့်အရိပ်အယောင်များမှ ရည်ရွယ်ချက်ကို သူကောင်းစွာနားမလည်နိုင်အောင် ဖြစ်နေသည်။ သက်လတ်ပိုင်းအရွယ်လူက မည်သည့်အတွက်ကြောင့် နဂါးကိုးကောင်တောင်တန်း၏ တောနက်ပိုင်းမှာ ရှိနေရလဲဆိုတာ သူလုံးဝစဉ်းစားမရချေ။
ထို့အပြင် သက်လတ်ပိုင်းအရွယ်လူသည် ဤနေရာမှာ အမြဲတမ်းနေသည့်ပုံပေါ်ပြီး လင်းဖန်က သူ၏နေအိမ်ကို ကျူးကျော်နေသည့်သဘော သက်ရောက်နေသည်။
“ ကောင်လေး…နောက်ထပ်အဝေးကိုထွက်ပြေးပြီး ဒုက္ခမရှာနဲ့တော့ ”
သက်လတ်ပိုင်းအရွယ်လူက ပြောလိုက်၏။ ချက်ချင်းပင် လင်းဖန်ကို ခေါင်းမော့ကြည့်လိုက်ပြီး ရင်းနှီးစွာ ပြုံးပြလိုက်သည်။ ထိုလူ၏ပုံစံက ပေါင်းသင်းရလွယ်ကူသော လူတစ်ယောက်နှင့် ဆင်တူသည်။
“ မိတ်ဆွေလေး…တောအုပ်အပြင်ဘက်ကနေ လာတာလား ”
သက်လတ်ပိုင်းအရွယ်လူက မထူးခြားသည့်လေသံဖြင့်မေးမြန်းလိုက်ရာ လင်းဖန်က ခေါင်းညိတ်ပြလိုက်၏။
“ ကျုပ်ကောင်လေးကို မင်းသဘောကျနေတာလား ”
သက်လတ်ပိုင်းအရွယ်လူက မေးလိုက်ပြီး ဆက်လက်၍
“ မိတ်ဆွေလေးက အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ နဂါးကိုးကောင်တောင်တန်းရဲ့အကြောင်းကို သိချင်ရင် ကျုပ်နဲ့အတူ လိုက်ခဲ့နိုင်တယ်။ ဒါပေမယ့် ဒီကောင်လေးက ကျုပ်ရဲ့အကောင်းဆုံးအဖော်ဖြစ်နေတော့ ကျုပ်ဘေးကနေ ထွက်သွားမှာ မဟုတ်ဘူး ”
“ မစဉ်းစားပဲ ကျုပ်လုပ်ခဲ့မိတယ်။ ခင်ဗျားကောင်လေးမှန်း မသိခဲ့ဘူးဗျာ ”
လင်းဖန်က ခေါင်းကိုခါယမ်းပြလိုက်ရင်း ပြောလိုက်၏။
“ ကိစ္စမရှိဘူး။ မင်းကို နဂါးကိုးကောင်တောင်တန်းပတ်လည်ကို ကျုပ်လိုက်ပြပေးမယ်လေ ”
သက်လတ်ပိုင်းအရွယ်လူက ခေါင်းကို ခါယမ်းလိုက်ရင်း ပြုံး၍ ပြောလိုက်၏။ အံ့သြစရာကောင်းလောက်အောင်ပင် ထိုလူကား လင်းဖန်အပေါ် ဗွေယူခြင်းမရှိချေ။ သူ၏စိတ်ကို လင်းဖန်မခန့်မှန်းနိုင်တော့ပေ။
အမှန်တကယ်တော့ ထိုလူမှာ မည်သည့်စိတ်ဝိညာဉ်ရှိလဲ သို့မဟုတ် မည်မျှအစွမ်းထက်လဲဆိုတာကို သူမသိချေ။ သို့ရာတွင် သူ၏အိမ်မွေးတိရစ္ဆာန်က အတောင်ပံကျားတစ်ကောင်ဖြစ်ရာ သူ့မှာ အံ့မခန်းမြင့်မားသော အစွမ်းရှိမည်မှာ