သူ့ကိုသတ်
ကောင်းကင်အဏ္ဏဝါမြို့က ချက်ချင်း တည်ငြိမ်သွားသော်လည်း မုန်တိုင်းမလာခင် လေပြည်တိုက်ခတ်လာသည့်အနေအထားတစ်ခု ဖြစ်နေ၏။
ယခုအချိန်မှာ လူအားလုံးက ခေါင်းတလားနှင့်လူများကို စောင့်ကြည့်နေသည်။ အကယ်၍ သူတို့သာ ကမ်းလှမ်းချက်ကို လက်မခံလျှင် လူအုပ်ကြီးက သူတို့ကို သတ်ပစ်လိမ့်မည် ဖြစ်သည်။
သူတို့က အလွန်တရာအစွမ်းထက်သောလူများ ဖြစ်သော်လည်း အရှိန်အဝါကြီးမားသည့် အုပ်စုအားလုံး၏အလယ်မှာ ဘယ်သူမှ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။
သုံးရက်မြောက် ညအချိန်တွင် အခြေအနေက ပေါက်ကွဲထွက်လုနီးပါး အခြေအနေသို့ ရောက်ရှိနေ၏။ ရှေးဟောင်းမြို့ကြီး၏ လမ်းမကြီးက ခြောက်ကပ်နေပြီး အလွန်တရာနည်းပါးလှသော လူနည်းစုကိုသာ တွေ့မြင်နိုင်သည်။မြို့ရိုးအနီးမှာ လူပေါင်းများစွာ စောင့်ဆိုင်းနေကြ၏။
ထိုလူအုပ်စု၏ အလယ်တွင် လူတစ်ယောက်ရှိနေသည်။ ထိုလူသည် နက်မှောင်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခေါင်းမှခြေဖျားသို့တိုင် ဖုံးလွှမ်းထား၏။
ထိုလူ၏မျက်လုံးများသည် အိပ်ပျော်နေသည့်အလား တင်းကြပ်စွာ ပိတ်ထားသည်။ သို့ရာတွင် ထိုလူသည် သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသော အရာအားလုံးကို ရှင်းလင်းစွာသိနေပြီး သဲတစ်မှုန်မျှပင် သူ့အာရုံမှ လွတ်မြောက်သွားခြင်း မရှိချေ။
ကမ္ဘာမြေနှင့် ပေါင်းစပ်ခြင်းအဆင့်ကို အသုံးချထားသဖြင့် အရာအားလုံးကို ပြတ်သားစွာ သူမြင်နေ၏။ မြို့ရိုးပတ်လည်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးက သူ၏ကမ္ဘာတစ်ခုအလား ဖြစ်နေသည်။
ထိုလူကား လင်းဖန်ဖြစ်ပြီး လျှို့ဝှက်စွာဖြင့် လိုက်ပါလာခြင်း ဖြစ်သည်။
လင်းဖန်၏စိတ်ထဲမှာ လူများစွာ ပေါ်ပေါက်လာသည်။ သူတို့က မြို့ရိုးဂိတ်သို့ လာနေကြပြီး သူတို့နှင့်အတူ လူများတဖြည်းဖြည်းများပြားစွာ လိုက်ပါလာ၏။ အလွန်အစွမ်းထက်သောကျင့်ကြံသူ အနည်းငယ်လည်း ရှိသည်။ သူတို့က မြို့ရိုးဂိတ်အနီးသို့ ရောက်သောအခါ အလွန်တရာ တိုးတိတ်ညင်သာစွာဖြင့် လျှောက်သွားလေ၏။ သူတို့ကို သတိထားရန်မှာ ခက်ခဲသောလည်း ကမ္ဘာမြေနှင့်ပေါင်းစပ်ထားသော လင်းဖန်၏အမြင်မှ လွတ်မြောက်သွားခြင်း မရှိပေ။ လှုပ်ရှားမှုတိုင်းကို လင်းဖန်သတိထားမိနေသည်။