#Zawgyi
အားလုံးစုံသောအခါဝယ်
ထိုစဉ် လင်းဖန်သည် တောရိုင်းနှစ်ကောင်၊ ကျင့်ကြံသူနှစ်ယောက်နှင့် တိုက်ခိုက်နေသည့်အတွက် အလုပ်ရှုပ်နေသည်ဖြစ်ရာ ကောင်းကင်ပြင်ရှိ လူများကို သတိထားရန် အချိန်မရှိချေ။
မီးတောက်များသည် လွန်စွာ တောက်ပလာပြီး ကျီဖန်နှင့် ကျားသစ်ဆီသို့ ပြေးဝင်သွားသည်။ ရုတ်တရက် တောင်ရိုင်းကောင်များက လင်းဖန်ကို ဝင်ရောက်တိုက်ခိုက်လိုက်ရာ လင်းဖန်သည် အေးစက်သောစွမ်းအင်တစ်ခုကို ထုတ်ဖော်လိုက်၏။
“ ကွဲထွက်သွားစမ်း ”
လင်းဖန်က ရေခဲတမျှ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ အားအနည်းဆုံးမီးနဂါးများထဲမှ တစ်ကောင်က ပျံ့ကျဲသွားကာ မီးတောက်ငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီး တောရိုင်းကောင်နှစ်ကောင်ကို စတင်တိုက်ခိုက်လိုက်သည်။
“ ဂါး ….”
တောရိုင်းကောင်နှစ်ကောင်ထံမှ နာကျင်စွာ အော်မြည်သံထွက်ပေါ်လာပြီး ၎င်းတို့၏သွေးဆာနေသော မျက်လုံးများက လင်းဖန်ကို စိုက်ကြည့်လာသည်။
“ လောင်ကျွမ်းလိုက်စမ်း ”
လင်းဖန်က ပြောလိုက်သည်။ ရုတ်တရက် အစွမ်းထက်သော မီးတောက်တစ်ခုက တောရိုင်းကောင်နှစ်ကောင်၏ ခန္ဓာကိုယ်များကို အရှိန်ပြင်းစွာ တောက်လောင်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ တောရိုင်းကောင်နှစ်ကောင်သည် မီးတောက်များ၏ ဝန်းရံခြင်းကို ခံနေရပြီး အသက်ရှင်လျက်လောင်ကျွမ်းခံနေရသည်။
“ ဂါး …. ဂါး….”
တောရိုင်းကောင်နှစ်ကောင်သည် ဒေါသတကြီး အော်မြည်နေကြ၏။ သူတို့ကိုယ်ကို လောင်ကျွမ်းလာသော မီးတောက်များကို ရပ်တန့်နိုင်စွမ်းမရှိကြချေ။
ကျီဖန်နှင့် ကျားသစ်၏ မျက်နှာအမူအရာများက ဆိုးရွားစွာ ပျက်သွားသည်။ သူတို့က သူတို့၏သက်ဆိုင်ရာ တောရိုင်းကောင်များဆီသို့ သွားလိုက်ရင်း သန့်စင်သောချီတချို့ကို ရေချီများအဖြစ်သို့ စုစည်းလိုက်သည်။
သို့ရာတွင် လင်းဖန်က ခရမ်းရောင်ရေကန်ကို တောရိုင်းကောင်များဆီသို့ ချက်ချင်းပစ်လွှတ်လိုက်ရာ ကျီဖန်နှင့် ကျားသစ်တို့ ရောက်လာသောအချိန်မှာ တောရိုင်းကောင်နှစ်ကောင်သည် ခရမ်းရောင်ရေကန်၏အောက်တွင် အစအနရှာမရအောင် ပျောက်ကွယ်သွားသည်။
ကျီဖန်နှင့် ကျားသစ်တို့က လင်းဖန်ကို ရက်စက်သောအကြည့်များဖြင့် စူးစိုက်ကြည့်လိုက်၏။ သူတို့၏မျက်နှာများက သတ်ဖြတ်ချင်သော အငွေ့အသက်များဖြင့် ပြည့်လာသည်။ လင်းဖန်က သူတို့၏တောရိုင်းကောင်များကို သတ်ဖြတ်ပစ်ခဲ့သည်။ ရွှမ်အဆင့်တောရိုင်းကောင်ကို သိမ်းသွင်းနိုင်ရန်မှာ ကြီးမားသော ကံတရားရှိမှသာ ဖြစ်လိမ့်မည်။
ဆံပင်များဆွတ်ဆွတ်ဖြူနေသော အဘိုးအိုသ်ည တိုက်ပွဲကို တည်ငြိမ်စွာ ကြည့်နေသည်။ တောရိုင်းကောင်နှစ်ကောင်ကို မီးလောက်မြိုက်သောမြင်ကွင်းက အဘိုးအိုကို စိတ်ဝင်စားသွားစေသည်။ သူ့မြေးက အသက်ဆယ့်ရှစ်သာရှိသော်လည်း ဤကဲ့သို့ အံ့မခန်း အတိုက်အခိုက်စွမ်းအင်များ ရှိနေ၏။ တောရိုင်းကောင်နှစ်ကောင်နှင့် ပါရမီရှင်နှစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်းရှိနေရာ သူ့မိဘများထံမှ ပါရမီဆက်ခံရရှိခဲ့သည့်ပုံပေါ်သည်။
အဘိုးအိုသည် ထိုအကြောင်းကို တွေးမိသောအခါ သူ့နောက်နားရှိ လူငယ်ကို ကြည့်လိုက်၏။ လူငယ်၏မျက်ခုံးက ဖြောင့်တန်းနေသည်။
ယွဲ့တျန်မင်သည် ယွဲ့မျိုးနွယ်စု၏ အထူးချွန်ဆုံးလူငယ်တစ်ယောက်ဖြစ်သည်။ တလက်လက်တောက်ပနေသော ပါရမီရှင်တစ်ယောက်ဖြစ်၏။
ကံမကောင်းစွာပင် အတိတ်က ဖြစ်ခဲ့သည်များကို ပြောင်းလဲ၍ မရချေ။ ယွဲ့တျန်မင်နှင့် လင်းဖန်သာ မျိုးနွယ်စုအတွင်းမှာ အတူလေ့ကျင့်ခွင့်ရလျှင် သွမ့်ဝူသောက်နှင့် သွမ့်ဝူရတို့ကဲ့သို့ မျိုးနွယ်စု၏ ဂုဏ်ဆောင်များ ဖြစ်လာလိမ့်မည်။
ယခုအချိန်မှာ ယွဲ့တျန်ချိန်သည်လည်း လင်းဖန်ကို သတိထားမိသွား၏။ သူ့အသက်အရွယ်နှင့် လင်းဖန်မှာ ကြောက်စရာကောင်းအောင် အစွမ်းရှိရာ ဆယ့်ရှစ်နှစ်အရွယ်ရှိ လူငယ်များထက် များစွာ အစွမ်းထက်နေသည်။
“ မင်း သေချာပေါက် သေစေရမယ် ”
ကျီဖန်၏မျက်နှာက မည်းမှောင်နေလျက် လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။ သူ့ပုံစံက အဆိပ်ရှိသော သတ္တဝါတစ်ကောင်ပမာ ဖြစ်နေ၏။
“ ဝမ်ရှောက်မင်ကျောင်းတော်ရဲ့အဖွဲ့ဝင်တွေက တစ်နေ့တခြား အသုံးမဝင်လာပါလား ”
ကြည်လင်ပြတ်သားသော အသံသော တစ်သံထွက်ပေါ်လာရာ ကျီဖန်အံ့သြမှင်တက်သွား၏။ ထို့နောက် ခေါင်းကိုမော့လိုက်ပြီး အသံလာရာသို့ ကြည့်လိုက်ရာ ကောင်းကင်ပြင်ရှိ လူအုပ်စုကို တွေ့မြင်သွားပြီး မျက်မှောင်ကြုတ်သွားသည်။
ယွဲ့မျိုးနွယ်စုသည် နဂါးကိုးကောင်တောင်တန်းမှာ တည်ရှိပြီး သူတို့ရောက်လာခဲ့လေပြီ။ ထို့အပြင် မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ရောက်လာခဲ့ခြင်းဖြစ်၏။
ကျီဖန်သည် ဝမ်ရှောက်မင်ကျောင်းတော်အား အရှက်ခွဲသည်ကို ကြားသောအခါ သူ့ပါးစပ်က တွန့်ကွေးသွားသည်။ သို့ရာတွင် သူအတိုက်အခိုက်မပြုရဲချေ။ ယွဲ့မျိုးနွယ်စု၏ခေါင်းဆောင်ကို ဝမ်ရှောက်ကျောင်းတော်၏ခေါင်းဆောင်ပင် လေးစားသည်။
လင်းဖန်သည်လည်း ခေါင်းမော့ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ ထိုလူများကို မြင်သောအခါ သူ့နှလုံးသားထဲတွင် ရင်းနှီးသော ခံစားချက်လေးတစ်ခု ရိုက်ခတ်လာပြီး အလွန်စိတ်ဝင်စားသွားသည်။ ထို့အပြင် သူတို့ထဲမှ အများစုက သူ့ကို စူးစိုက်ကြည့်နေကြောင်း သူသတိထားမိလိုက်သည်။
“ အဘိုး…ဒီမြေကြောကို ကျွန်တော်တို့ အရင်ဆုံးတွေ့တာဖြစ်လို့ ဒါကို ဝမ်ရှောက်ကျောင်းတော် ပိုင်ပါတယ်။ ယွဲ့မျိုးနွယ်စုက ဝင်ရောက်မနှောင့်ယှက်ဖို့ ကျွန်တော်မျှော်လင့်တယ် ”
ကျီဖန်က ပြောလိုက်သည်။ ယွဲ့မျိုးနွယ်စု၏လူများကို မြင်လိုက်သောအခါ မြေကြောကို သူတို့ထံမှ လုယူချင်နေမည်လားဟု အရင်ဆုံးတွေးလိုက်၏။
“ တကယ်လို့ ငါထင်တာမမှားရင် ဒါကို မင်းအရင်ဆုံး ရှာတွေ့ခဲ့တာ မဟုတ်ဘူး ”
အဘိုးအိုသည် လင်းဖန်နှင့် အခြားသူများ၏ တိုက်ပွဲကို မြင်သောအခါ ဖြစ်စဉ်ကို ကောင်းစွာဆန်းစစ်မိသည်။ လင်းဖန်နှင့် အခြားသူများက မြေကြောကို အရင်ဆုံးတွေ့ခဲ့ပြီး ဝမ်ရှောက်မင်ကျောင်းတော်မှ လူများရောက်လာကာ သူတို့ထံမှ လုယူနေခြင်းသာ ဖြစ်မည်။ ယခုအချိန်မှာ သူတို့တိုက်ခိုက်နေခြင်းက ဤအချက်ကို ဖော်ပြနေ၏။
“ အဘိုး…သူတို့က ဘယ်လိုလုပ် ဝမ်ရှောက်မင်ကျောင်းကို ယှဉ်ပြိုင်နိုင်မှာလဲ။ ဒီမြေကြောကို သူတို့မကာကွယ်နိုင်တဲ့အပြင် အဲ့ဒါကို ထိန်းသိမ်းနိုင်တဲ့ အစွမ်းလည်း မရှိဘူး ”
ကျီဖန်က ပြောလိုက်သည်။ သူ့စကားလုံးများက အဆိပ်အတောက်များပမာ ဖြစ်နေ၏။
“ သူတို့မှာ အစွမ်းမရှိလို့ မင်းတို့က လုယူနိုင်တယ်လို့ ထင်နေတာလား။ သူတို့က မြေကြောကို အရင်ဆုံးရှာတွေ့ခဲ့ပေမယ့် မင်းတို့က အင်အားသုံးပြီး သူတို့ဆီက လုယူနေတယ်။ တစ်နည်းပြောရရင် အင်အားကြီးတဲ့သူက မြေကြောကို ပိုင်မယ့်သူပဲ။ အဲ့ဒီလိုဆိုရင် လုပ်ရတာ လွယ်သွားပြီ ”
အဘိုးအိုက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက လူတစ်ယောက်ကို အော်ခေါ်လိုက်၏။
“ တျန်မင် ”
ဝူတျန်မင်သည် အဘိုးအိုခေါ်တာကို ကြားသောအခါ ရှေ့သို့ တက်လိုက်၏။ သူ့ပုံစံက ခန့်ညားထည်ဝါလှပြီး သူရဲကောင်းတစ်ယောက်ပမာ ထင်ရသည်။
“ တျန်မင်၊ ယွဲ့တျန်မင် ”
ကျီဖန် မျက်မှောင်ကြုတ်သွား၏။ ယွဲ့တျန်မင်သည် ယွဲ့မျိုးနွယ်စု၏ အထူးချွန်ဆုံးသူတစ်ယောက်ဖြစ်ပြီး အဆင့်မြင့်အရာရှိများထဲတွင် သွမ့်ဝူသောက်၏နောက် အဆင့်နှစ်နေရာမှာ ရပ်တည်နေသူဖြစ်သည်။ သူသည် ဆယ့်ခြောက်နှစ်တည်းက နာမည်ကျော်နေခဲ့ပြီး ရွှီယွဲ့နိုင်ငံမှာ ထွက်ကာ တခြားနေရာတွင် သွားရောက်လေ့ကျင့်နေသည်ဟု ပြောကြသည်။ သို့သော်လည်း သူ့ကို ဘယ်သူမှ အထင်မသေးရဲကြချေ။
“ ဝမ်ရှောက်ကျောင်းတော်…တကယ်လို့ မင်းတို့ထဲက တစ်ယောက်သာ ငါ့တိုက်ကွက်ကို အသက်မသေဘဲ ခုခံနိုင်ရင် မြေကြောကို မင်းတို့ယူနိုင်တယ် ”
ယွဲ့တျန်မင်က ကျီဖန်ကို ကြည့်၍ ပြောလိုက်ရာ လူအုပ်ကြီးကို မျက်မှောင်ကြုတ်သွားစေ၏။
အကယ်၍ သူတို့ထဲမှ တစ်ယောက်သာ ယွဲ့တျန်မင်၏တိုက်ကွက်ကို အသက်မသေဘဲ ခုခံနိုင်ခဲ့လျှင် မြေကြောက်ကို သူတို့၏ဝမ်ရှောက်ကျောင်းတော် ပိုင်ရမည်လား။
ကျိဖန်နှင့်အခြားသူများမှာ စကားမပြောနိုင်အောင် ဆွံ့အသွား၏။ မည်သူလုပ်ရဲသလဲ။
ယွဲ့တျန်မင်သည် အဆင့်မြင့်အရာရှိရှစ်ယောက်ထဲမှာ အဆင့်နှစ်နေရာရှိသူဖြစ်၏။ သွမ့်ဝူသောက်အပြင် ဘယ်သူက ယွဲ့တျန်မင်၏ တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်ပါမည်နည်း။
ဘယ်သူမှ အသက်နှင့်ရင်းပြီး အလောင်းအစား မလုပ်ရဲချေ။ သူတို့မသေရင်တောင် သူတို့၏ကျောင်းကို စိတ်စွမ်းအင်ချိုးဖျက်ခြင်းခံလိုက်ရပြီး ပြန်သွားရနိုင်သည်။ မြေကြောက ဝမ်ရှောင်ကျောင်းအတွက်သာ ဖြစ်လိမ့်မည်ဖြစ်ပြီး သူတို့က နောက်ထပ်အသုံးပြုခွင့်ရလိမ့်မည် မဟုတ်တော့ချေ။
အကယ်၍ ထိုတိုက်ကွက်ကို မခုခံနိုင်ခဲ့လျှင်လည်း သူတို့သေသွားရလိမ့်မည်။
ဤကဲ့သို့ ကြီးမားသော အန္တရာယ်ကို မည်သူက စွန့်စားရဲမည်နည်း။ သေခြင်းသို့မဟုတ် စိတ်စွမ်းအင်ချိုးဖျက်ခံရခြင်း။
လင်းဖန်သည်လည်း ယွဲ့တျန်မင်ကို ကြည့်နေသည်။ ယွဲ့တျန်မင်က ထူးချွန်သော်လည်း ယွဲ့တျန်ချိန်ကဲ့သို့ မောက်မာဝင့်ကြွားခြင်းမရှိချေ။ ယွဲ့တျန်မင်က အမှန်တကယ် အံ့မခန်းထူးချွန်သော ပါရမီရှင်တစ်ယောက်ဖြစ်၏။ အရှိန်အဝါကို အသုံးပြုပြီး ထင်ရာစိုင်းနေသော ယွဲ့တျန်ချိန်ကဲ့သို့ လူမျိုးနှင့် မည်သို့မျှ မသက်ဆိုင်ချေ။
“ မင်းတို့က မလုပ်ရဲဘူးဆိုမှတော့ သန့်စင်တဲ့ချီတွေနဲ့တွင်းက မင်းတို့အပိုင်လို့ ပြောဖို့ ကြိုးစားမနေနဲ့ ”
အဘိုးအိုက ကျီဖန်နှင့် တခြားသူများငြိမ်သက်သွားသည်ကို မြင်သောအခါ မထူးခြားသည့်လေသံဖြင့် ပြောလိုက်၏။ ကျီဖန်နှင့် တခြားသူများ၏ ပါးစပ်များသည် တလှုပ်လှုပ်ဖြစ်သွားသော်လည်း စကားတစ်လုံးမှ ထွက်ကျလာခြင်း မရှိပေ။
“ ယွဲ့မျိုးနွယ်စုခေါင်းဆောင်…ခင်ဗျားက ဝမ်ရှောက်မင်ကျောင်းတော်ရဲ့ မျိုးဆက်သစ်တွေကို ပြင်းပြင်းထန်ထန်ဆက်ဆံနေတယ်လို့ မထင်ဘူးလား ”
ထိုစဉ် အတန်ငယ်ဝေးသောနေရာမှ အသံတစ်သံထွက်ပေါ်လာ၏။ လူအုပ်ကြီးသည် ချာခနဲလှည့်ကြည့်လိုက်ရာ တုန်ခါသွားသည်။ ထိုလူက သူတို့ဆီမရောက်သေးသည့်အပြင် မြင်လည်း မမြင်ရသေးချေ။
နောက်ဆုံးတွင် အတန်ငယ်ဝေးသော နေရာရှိ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေပွေတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးက အသွင်ပြောင်းသွား၏။
ကောင်းကင်ယံတွင် ကြောက်စရာကောင်းသော တောရိုင်းကောင်ကို သူတို့အရင်ဆုံး မြင်လိုက်ရသည်။ ၎င်းအကောင်သည် ထူးခြားပြီး သွေးဆာနေသည့်အသွင်ရှိ၏။ ၎င်း၏အတောင်ပံများက လေထဲတွင် တဖျပ်ဖျပ်ခတ်နေရာ လေပွေများဖြစ်ပေါ်နေသည်။
ထိုတောရိုင်းကောင်၏ ကျောတွင် လူနှစ်ယောက်လိုက်ပါလာ၏။ တစ်ယောက်က ခန့်ညားသည့်အသွင်ရှိသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်၏။
သူ့ဘေးတွင် အေးစက်စက်အသွင်ရှိသည့် လူတစ်ယောက်ရှိနေ၏။
လင်းဖန်သည် ဒုတိယလူကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ ယွမ်ဟိုင်ကျောင်းတော်ချေမှုန်းခံလိုက်ရစဉ်က ထိုလူကို သူမြင်တွေ့ခဲ့ဖူးသည်။ ထိုလူက ဝမ်ရှောက်ကျောင်းတော်၏ ဒုတိယခေါင်းဆောင် တန်ဝူရှန်းဖြစ်သည်။
ဝမ်ရိန်ရန်၏ဆရာမဖြစ်သော အဘွားအိုသည် သူမ၏အသက်ကိုရင်းနှီးကာ လင်းဖန်နှင့် ကာကွယ်စောင့်ရှောက်သူပေ လွတ်မြောက်ရန် အတွက် တောရိုင်းကိုသတ်ကာ သူ့အသက်ကိုယ်သူ စတေးခဲ့သည်။
ထိုလူက ဝမ်ရှောက်ကျောင်းတော်၏ ဒုတိယခေါင်းဆောင် တန်ဝူရှန်းဆိုတာ သံသယဖြစ်စရာ မရှိပေ။ ထိုတောရိုင်းကောင်ထက်ရှိ သက်လတ်ပိုင်းအရွယ်လူက ခေါင်းဆောင်ဖြစ်လိမ့်မည်။
ဓားတောင်ကိုးလုံး ပြိုကျသွားပြီး မိစ္ဆာဓားပျောက်ကွယ်သွားခဲ့၏။ ယခုဝမ်ရှောက်ကျောင်းအဖွဲ့ဝင်များနှင့် ယွဲ့မျိုးနွယ်စုမှ လူများ ဤနေရာသို့ လာရောက်စုဝေးနေကြသည်။
“ ငါသာ မင်းရဲ့တပည့်တွေကို အနိုင်ကျင့်ချင်ရင် သူတို့အသက်ရှင်နေနိုင်ပါဦးမလား ”
ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုက ရောက်ရှိလာသော လူကို မကြည့်ဘဲ မေးလိုက်သည်။ ဤလူများသည် နှေးနှေးနှင့် မြန်မြန်ရောက်လာတော့မည်ဖြစ်ကြောင်း သူခန့်မှန်းမိပြီးသားဖြစ်၏။
လူအများစုအတွက် မြေကြောက အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သော်လည်း သူ့အမြင်တွင် မိစ္ဆာဓားနှင့်ယှဉ်လျှင် သာမန်မျှသာ ဖြစ်သည်။ မိစ္ဆာဓားက ဘယ်သူနှင့်ပေါင်းစပ်သွားလဲဆိုတာ အဘိုးအိုအမှန်တကယ် သိချင်နေ၏။
အဘိုးအို၏စကားကို ဘယ်သူမှ ဆန့်ကျင်ခြင်းမပြုပေ။ အကယ်၍ ယွဲ့မျိုးနွယ်စုခေါင်းဆောင်သာ လူငယ်များကို သတ်ချင်လျှင် အလွန်လွယ်ကူသည်။ သူတို့ကို အထင်သေးစကားပြောရုံမျှသာဖြစ်ပြီး ဘာမှမလုပ်ခဲ့ပေ။
“ ဟမ့်…။ ဝူချင်း..ဘာလို့ ယွဲ့တျန်မင်ကို တိုက်ခိုက်မကြည့်တာလဲ။ သူက အဆင့်မြင့်အရာရှိတွေထဲမှာ အဆင့်နှစ်ရှိတဲ့သူပဲ။ နာမည်နဲ့ ဂုဏ်သတင်း လိုက်ဖက်ညီလား ကြည့်ကြတာပေါ့ ”
ဝမ်ရှောက်ကျောင်းတော်၏ ခေါင်းဆောင်က ပြောလိုက်သည်။ ဝူချင်းသည် အဆင့်မြင့်အရာရှိထဲတွင် အဆင့်သုံးနေရာမှာဖြစ်ကာ သွမ့်ဝူရအထက်မှာ ရှိ၏။
