Zawgyi
လေ
တောင်တန်း၏အတွင်းပိုင်းတွင် လူငယ်တစ်ယောက်သည် လေထဲမှာ ရပ်နေ၏။
ရေတံခွန်မှရေများသည် ထိုလူငယ်၏အပေါ်သို့ ကျဆင်းနေသော်လည်း ထိုလူငယ်သည် မားမားမတ်မတ်ရပ်နေလေသည်။
မီးကဲ့သို့ နီရဲသော သန့်စင်သည့်ချီများသည် ရေတံခွန်အောက်မှာ တဖိတ်ဖိတ်တောက်ပနေပြီး ရေတံခွန်နှင့် အနီးမှာရှိနေသော ကျောက်တုံးကြီးတစ်တုံးထက်တွင် တောရိုင်းကောင်တစ်ကောင်သည် ရေတံခွန်အတွင်းရှိ လူငယ်ကို ကြည့်နေ၏။
“ မြင့်တက်လိုက် ”
လူငယ်က နက်ရှိုင်းသောလေသံဖြင့် အော်ပြောလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကလေထဲသို့ မြင့်တက်သွားပြီး ရေတံခွန်၏ အမြင့်ဆုံးအပိုင်းကို ရောက်သွားသည်။ သူသည် ထိပ်ဆုံးသို့ ရောက်သောအခါ ရေတံခွန်အောက်သို့ ပြန်ဆင်းလိုက်၏။ ထို့နောက် ရေစီးအားကို ဆန့်ကျင်ကာ အပေါ်သို့ တဖန်ပြန်တက်လိုက်သည်။ ဤသို့ဖြင့် ထိုနည်းအတိုင်း သူက ဆက်တိုက်ပြုလုပ်နေခဲ့လေ၏။
အတန်ငယ်ကြာသောအခါ သူက ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာနေသော ရေတံခွန်မှ ရေများကို အာရုံခံလိုက်၏။
ထိုလူငယ်က လင်းဖန်ဖြစ်ပြီး ကြီးမားသော ကျောက်တုံးပေါ်ရှိ တောရိုင်းကောင်သည် အတောင်ပံကျားဖြစ်ပေသည်။
“ ဝေါင်း….”
အတောင်ပံကျားသည် ဟိန်းလိုက်ပြီး ၎င်း၏အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ပျံသန်းသွား၏။
လင်းဖန်သည် အတောင်ပံကျားကို အာရုံစိုက်ခြင်းမရှိဘဲ ရေတံခွန်အတွင်းရှိ လေထဲမှာ မတ်တတ်ရပ်နေသည်။ ကြောင်ထွက်ပြေးသွားပြီးနောက် လင်းဖန်သည် ထွက်မသွားသေးဘဲ တောင်တန်းအတွင်းမှာ အတော်ကြာလေ့ကျင့်ရန် ဆုံးဖြတ်ခဲ့၏။
သူသည် သူ၏အရှိန်ကို တိုးတက်ရန် နည်းလမ်းတစ်ခု ရှာဖွေခဲ့သည်။
လင်းဖန်သည် မကြာသေးခင်က တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများ၏အတွေ့အကြံမှ သူ၏လျင်မြန်ခြင်းက လုံလောက်ခြင်းမရှိသေးကြောင်း တွေ့ရှိခဲ့၏။ သူက နှေးကွေးသော်လည်း လူအများစုထက် အစွမ်းထက်နေသည်။ သို့ရာတွင် သူတို့ကို တိုက်ခိုက်ရာတွင် လုံလောက်သော လျင်မြန်ခြင်းမရှိလျှင် အစွမ်းထက်ခြင်းသည်လည်း အသုံးမဝင်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် လျင်မြန်သော်လည်း ပြိုင်ဘက်ကို တိုက်ခိုက်နိုင်အောင် လုံလောက်သော အစွမ်းထက်ခြင်းမရှိလျှင်လည်း အသုံးမဝင်ပေ။
ရေတံခွန်မှ ရေများက လင်းဖန်၏ခန္ဓာကိုယ်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းနေ၏။ ဤနည်းလမ်းက ရိုးရှင်းသော်လည်း ရလဒ်က မမှန်းဆနိုင်အောင် မြင့်မားသည်။
လင်းဖန်သည် ရေတံခွန်ထဲမှ ထွက်လိုက်ပြီး လေထဲမှာ ပျံသန်းလိုက်၏။ ရေများက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားခြင်းမရှိတော့သည့်အတွက် လင်းဖန်မှာ စိတ်လက်ပေါ့ပါးသည့်ပမာ ခံစားနေရသည်။ သူ၏လှုပ်ရှားမှုများက ပေါ့ပါးသွက်လက်နေ၏။
“ အတောင်ပံကျားက တော်တော်သောင်းကျန်းတဲ့ကောင်ပဲ ”
လင်းဖန်သည် ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး အတောင်ပံကျားကို ရှာကာ ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က လှစ်ခနဲလှုပ်ရှားသွားပြီး ပျံသန်းသွား၏။
အတန်ငယ်ကြာပြီးနောက် လင်းဖန်သည် တောနက်ထဲမှ တစ်နေရာသို့ ရောက်သွားသည်။ များစွာသော သစ်ပင်ရှည်များက တောနက်အတွင်းသို့ နေရောင်များ ထိုးဖောက်ဝင်ရောက်မလာစေရန် ဟန့်တားထား၏။ လေထုထဲတွင် အလွယ်ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော သားရဲချီများသည်လည်း တောအုပ်၏လေထဲတွင် ပြည့်လာ၏။
“ အတောင်ပံကျားက တခြားတောရိုင်းကောင်နဲ့ တိုက်ခိုက်နေတာပဲ …”
လင်းဖန်အံ့သြမှင်တက်သွား၏။ ထို့နောက် ချီများထွက်ပေါ်လာနေသော နေရာသို့ သူပျံသန်းသွားလိုက်သည်။ ထိုနေရာသို့ ရောက်သောအခါ နေရာတစ်ခုလုံးတွင် အဖျက်အဆီးများက ဖုံးလွှမ်းနေသည်ကို မြင်တွေ့လိုက်ရ၏။ သစ်ပင်များသည်လည်း ကျိုးပျက်ကာ လေထဲသို့ လွင့်ပျံနေသည်။
တောရိုင်းကောင်နှစ်ကောင်သည် လေထဲမှာ တစ်ကောင်ကိုတစ်ကောင် ရင်ဆိုင်နေကြ၏။
လင်းဖန်သည် သစ်ပင်ထိပ်ဖျားသို့ တက်သွားပြီး တောရိုင်းကောင်နှစ်ကောင်ကို ကြည့်လိုက်သည်။ တစ်ကောင်မှာ အတောင်ပံကျားဖြစ်ပြီး တခြားတစ်ကောင်က ကြီးမားသော အတောင်ပံများနှင့် လင်းနို့တစ်ကောင်ဖြစ်သည်။
ကြီးမားသော အတောင်ပံနှင့် လင်းနို့သည် အလွန်လျင်မြန်ပြီး ၎င်းက သူ၏အဓိကစွမ်းရည်တစ်ခုဖြစ်သည်။ ၎င်းနှင့်အဆင့်တူတောရိုင်းကောင်များထဲတွင် ၎င်းကို လျင်မြန်ခြင်းအရာတွင် ယှဉ်ပြိုင်နိုင်သည့်တောရိုင်းကောင်ကား ရှားပါး၏။
လင်းဖန်သည် လင်းနို့ကို ကြည့်နေ၏။ လင်းနို့၏ပုံစံက အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ရှိသည်။ ၎င်း၏ပါးစပ်မှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် ချွန်ထက်နေသောသွားများ တိုးထွက်နေသည်။ လင်းနို့အတွက် လျင်မြန်ခြင်းအပြင် ချွန်ထက်သော သွားများသည်လည်း ၎င်း၏အဓိကစွမ်းရည်တစ်ခုဖြစ်သည်။ ၎င်း၏သွားများက တောရိုင်းကောင်များ၏အသားများကို ထိုးဖောက်နိုင်စွမ်းရှိပြီး ထိုပေါက်သွားသောနေရာမှ သွေးများကို ၎င်းကစုပ်ယူလေ့ရှိသည်။
“ အတောင်ပံကျားက တခြားအကောင်တွေကို ရန်စ,ရတာ သဘောကျတဲ့ပုံပဲ …”
လင်းဖန်သည် သက်ပြင်းကိုချကာ တီးတိုးရေရွတ်လိုက်၏။ ကြီးမားသော အတောင်ပံနှင့် လင်းနို့သည် ရှေးဟောင်းတောရိုင်းကောင်မဟုတ်သော်လည်း ၎င်း၏လျင်မြန်ခြင်းနှင့်ဆိုလျှင် အဆင့်တူထဲမှ မည်သည့်တောရိုင်းကောင်ကိုမှ ကြောက်ရွံ့နေရန် မလိုအပ်ပေ။ ထို့ပြင် တခြားတောရိုင်းကောင်များက ၎င်းကဲ့သို့ မမြန်ရာ မည်ကဲ့သို့ ၎င်းကို တိုက်ခိုက်နိုင်မည်နည်း။
“ ဂီးးးးး….. ဂီးးးးးး…….”
လေထဲတွင် စူးရှသောအသံများ ပျံ့လွင့်လာ၏။ လင်းနို့သည် အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။
မည်မျှမြန်ဆန်လိုက်သနည်း။ လင်းဖန်၏မျက်လုံးများပင် လင်းနို့၏လျင်မြန်မှုကို အမီမလိုက်နိုင်ချေ။
ယေဘုယျပြောရလျှင် တောရိုင်းကောင်တစ်ကောင် သို့မဟုတ် လူတစ်ယောက်က အလွန်လျင်မြန်လာလျှင် တိုးဝင်လာသော တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ကြ၏။ ဥပမာအနေဖြင့် လေထဲသို့ လင်းဖန်ပျံလိုက်သောအခါ သူ၏ခန္ဓာကိုယ်ကို တိုက်ခတ်လာသည့် လေများကို အမြဲတမ်းခံစားနေရသည်။ သို့ရာတွင် လင်းနို့သည် အလွန်တရာ လျင်မြန်စွာ လှုပ်ရှားနေသော်လည်း မည်သည့်လေများကိုမှ လင်းဖန်အာရုံမခံမိချေ။ လင်းနို့သည် အလွန်လျင်မြန်ပြီး ပေါ့ပါးကာ လေနှင့်အတူ လွင့်မျောနေခြင်းဖြစ်သည်။ လင်းဖန်အံ့အားသင့်သွား၏။
“ ဝေါင်း….”
အတောင်ပံကျားသည်လည်း လှုပ်ရှားလိုက်သည်။ ၎င်းသည် အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ လင်းနို့၏နောက်သို့ လိုက်ပါနေသည်။ ၎င်းသည်လည်း အလွန်လျင်မြန်၏။ ၎င်း၏ချွန်ထက်သော လက်သည်းများက လေထဲမှာ တလက်လက်တောက်ပနေသည်။
လင်းနို့သည် အတောင်ပံကျားကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ အတောင်ပံကျားနှင့် တိုက်မိနိုင်သည့်အခါမျိုးတွင် အထက်မြင့်မြင့်သို့ လျင်မြန်စွာ ပျံသန်းလေ၏။
အတောင်ပံကျားသည် ၎င်း၏ခေါင်းကိုမော့ထားပြီး ပါးစပ်ကို ဖွင့်လိုက်သည်။ ထို့နောက် လင်းနို့ဆီသို့ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏အတောင်ပံများက လေထဲသို့ တဖန်မြင့်တက်သွားပြီး လင်းနို့၏နောက်သို့ လိုက်လေ၏။
“ အတောင်ပံကျားက အရမ်းမြန်တယ်ဆိုရင်တောင် လျင်မြန်တာက သူ့ရဲ့အဓိကအစွမ်းမဟုတ်ဘူး။ သူပျံလိုက်တဲ့အချိန်မှာ လေနဲ့အလိုက်သင့်မမျောသွားဘူး။ ဒါပေမယ့် သူ့ရဲ့အံမခန်းအစွမ်းကြောင့်သာ လေရဲ့ခုခံနိုင်အားကို လျစ်လျူရှနိုင်ပြီးတော့ ဒီလိုကြောက်မက်ဖွယ် အမြန်နှုန်းကို ရသွားစေတာပဲ ”
လင်းဖန်သည် တိုက်ပွဲမှာ အမှန်တကယ် စိတ်ဝင်စားခြင်းမရှိဘဲ တောရိုင်းကောင်နှစ်ကောင်၏ လျင်မြန်ခြင်းမှာသာ သူအာရုံရောက်နေ၏။
အတောင်ပံကျားက အံ့မခန်းအစွမ်းထက်သောကြောင့် လေပေါ်မှာ အလွန်လျင်မြန်စွာဖြင့် အခက်အခဲမရှိပျံသန်းနိုင်သည်။ တခြားဘက်ရှိ လင်းနို့က လျင်မြန်ခြင်းမှာ ကျွမ်းကျင်နေသူဖြစ်သောကြောင့် လေနှင့် အလိုက်သင့်မျောပါနိုင်သည်။
“ လျင်မြန်ခြင်းဆိုတာကလည်း ကျင့်ကြံခြင်းအပေါ်မှာ မူတည်တယ်။ ငါ့ကျင့်ကြံခြင်းအဆင့်မြင့်လာရင် ငါ့ရဲ့လျင်မြန်ခြင်းလည်း တိုးတက်လာမှာပဲ။ ဒါပေမယ့် အမြင့်ဆုံးထိ လျင်မြန်ခြင်းကိုတော့ ငါမရောက်နိုင်သေးဘူး။ ငါ့ကို လွတ်လွတ်လပ်လပ် ပျံသန်းလို့မရနိုင်အောင် ဟန့်တားထားတာက လေရဲ့ခုခံအားပဲ။ တကယ်လို့ ငါသာလေနဲ့အတူ အလိုက်သင့်မျောပါနိုင်ရင် အမြင့်ဆုံးပျံသန်းနိုင်လိမ့်မယ် ”
လင်းဖန်သည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား တွေးလိုက်၏။ ထိုအရာက ရိုးရှင်းလှသည်။ လင်းဖန်သည် ရွှမ်ချီအဆင့်နှစ်သို့ ရောက်ရှိသွား၍ ပိုမိုလျင်မြန်သွားသော်လည်း သူ၏အမြင့်ဆုံးအဆင့်ထိ လျင်မြန်ချင်လျှင် သူကြိုးစားရန် လိုအပ်သည်။
လင်းဖန်သည် အသစ်တမျိုးမျိုးကို နားလည်သွားသည်။ သူ့စိတ်ထဲမှာ ထိုအရာက ပိုမိုရှင်းလင်းလာသည်ဟု ခံစားလာရ၏။
လင်းဖန်၏အစွမ်းက လျင်မြန်ခြင်းမဟုတ်ပေ။ ထိုအရာက သူ၏နားလည်နိုင်စွမ်းသာ ဖြစ်သည်။ လင်းဖန်မှာ မြင့်မြတ်သော စိတ်ဝိညာဉ်က ထောက်ပံ့ပေးနေသည့် အလွန်တရာ အစွမ်းထက်သော သက်စောင့်ဝိညာဉ်ရှိနေသည့်အတွက်ကြောင့်သာ အခြားသူများထက် နားလည်နိုင်စွမ်းမြင့်မားခြင်းဖြစ်သည်။
လင်းဖန်ထက်ကျင့်ကြံခြင်းအဆင့်မြင့်သော ကျင့်ကြံသူများစွာ ရှိသည်။ သို့ရာတွင် သူတို့က လင်းဖန်နှင့်တိုက်ခိုက်လျှင် နိုင်မည်ဟု တရားသေ မပြောနိုင်ချေ။
နားလည်နိုင်စွမ်းက ကျင့်ကြံရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေ၏။ အကယ်၍ တူညီသော ကျင့်ကြံခြင်းအဆင့်မှာရှိသည့် ဓားပညာရှင်နှစ်ယောက် တိုက်ခိုက်ကြလျှင် ဓားလမ်းစဉ်မှာနက်ရှိုင်းစွာနားလည်ထားသူက ကျန်လူကို အလွယ်တကူ အနိုင်ရလိမ့်မည်။
“ ငါမှားနေပြီ …”
လင်းဖန်အံ့အားသင့်သွား၏။ သူ့မျက်လုံးများက တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး ဉာဏ်အလင်းပွင့်လိုက်သည့်အလား တလက်လက်တောက်ပလာသည်။
စောစောက သူတွေးနေခဲ့သည့် အရာအားလုံးက မှန်ကန်သော်လည်း အပေါ်ယံသာ နားလည်ခြင်းဖြစ်သည်။
ကျင့်ကြံသူတစ်ယောက် သို့မဟုတ် တောရိုင်းကောင်ဖြစ်စေ သူတို့အောင်မြင်နိုင်သော အတိုင်းအတာဟူ၍ သတ်မှတ်ထားခြင်းမရှိချေ။
“ ကျင့်ကြံသူတွေနဲ့ တောရိုင်းကောင်တွေ ရွေ့လျားတဲ့အခါ လေခုခံအားက အနှောင့်အယှက်တစ်ခုပဲ။ အဲ့ဒါကြောင့် သူတို့ရဲ့လျင်မြန်ခြင်းတွေက နှေးသွားတယ်။ ဒါပေမယ့် လေနဲအတူ ရွေ့လျားနိုင်မယ်ဆိုရင် ငါ့ရဲ့အမြန်နှုန်းက ငါအမြင့်ဆုံး ပျံသန်းနေခဲ့တာထက် ပိုပြီး မြန်ဆန်သွားလိမ့်မယ် ” L
လင်းဖန်သည် ရေတံခွန်အောက်မှာ လေ့ကျင့်ခဲ့သည်ကို ချက်ချင်းသတိရသွားသည်။ ထိုစဉ်က ရေစီးကြောင်းကို ဆန့်ကျင်၍ သူရွေ့လျားသည့်အခါ အလွန်နှေးကွေးနေခဲ့၏။ သို့ရာတွင် ရေစီးကြောင်းအတိုင်း စီးဆင်းလိုက်သောအခါ သူများစွာ မြန်ဆန်လာခဲ့သည်။ ထိုသို့သူမြန်လာခဲ့ရခြင်းမှာ ရေစီးကြောင်း၏ အကူအညီကြောင့်ဖြစ်သည်။
ကျင့်ကြံသူများနှင့် တောရိုင်းကောင်များ ရွေ့လျားသည့်အခါ လေက ရေတံခွန်ရှိရေကဲ့သို့ သူတို့၏လှုပ်ရှားမှုတွေကို ကြီးစွာသော သက်ရောက်မှုဖြစ်စေသည်။
သို့ရာတွင် လူတစ်ယောက်က လေကိုအသုံးချခြင်းမပြုဘဲ ရွေ့လျားနေခဲ့လျှင်…..
“ လေ…လေနဲ့အတူ ရွေ့လျားနိုင်ဖို့ အရေးကြီးတယ် …”
လင်းဖန်၏မျက်လုံးတွေထဲရှိ အလင်းရောင်က တဖြည်းဖြည်း ပိုမိုတောက်ပလာသည်။ ဓားများမှာ အားတွေရှိသည်။ လေမှာလည်း အားများရှိသည်။ စွမ်းအင်သုံးတိုက်ခိုက်ခြင်းများကို သူအသုံးပြုခဲ့စဉ်က ဘေးပတ်လည်ရှိ အားတွေကို ဘယ်လိုယူသုံးစွဲရမလဲဆိုတာ သူနားလည်အောင် လုပ်ခဲ့ရသည်။
သူသာ လေအားကိုသာ နားလည်သဘောပေါက်လျှင် သူ၏လျင်မြန်ခြင်းသည်လည်း တိုးတက်သွားမည်မှာ သေချာ၏။
လင်းဖန်သည် ထိုအကြောင်းကို တွေးပြီးနောက် မျက်လုံးကို မှိတ်လိုက်၏။ သူသည် သူ့ပတ်လည်ရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ တွေ့နေရသော်လည်း အာရုံစူးစိုက်ထားခြင်းမရှိတော့ပေ။
သူ၏စိတ်က နဂါးကိုးကောင်တောင်တန်း၊ အတောင်ပံကျားနှင့် လင်းနို့တို့၏ တိုက်ပွဲ စသည်တို့အပေါ်မှာ ရှိမနေတော့ဘဲ သူ့ခန္ဓာကိုယ်ကို လာရောက်တိုက်ခတ်နေသည့် လေအပေါ်မှာသာ အာရုံဝင်စားနေသည်။
ယခုအချိန် လင်းဖန်၏ကမ္ဘာမှာ တစ်ခုတည်းသာ ရှိသောအရာကား….လေ။
