ခရမ်းရောင်ရေကန်
လူအုပ်ကြီးသည်လည်း အဘိုးအို၏ဗိုက်ကို ကြည့်လိုက်သည်။ သွေးများထွက်နေသော ကြက်ခြေခတ်အမှတ်အသားတစ်ခုကို သူတို့တွေ့မြင်လိုက်ရာ အံ့သြတုန်လှုပ်သွားလေ၏။
“ လင်းချီစုဆောင်းမှုအဆင့်ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ကို နာကျင်အောင်မလုပ်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ ?”
ထိုကဲ့သို့ လင်းဖန်ပြောလိုက်ခြင်းက သူလုပ်နိုင်မည်ဟု ယုံကြည့်ခဲ့သောကြောင့်ဖြစ်ပြီး သူ့အစွမ်းဖြင့် သက်သေပြခဲ့သည်။ လင်းချီစုဆောင်းမှုအဆင့်သာရှိသော သူ့အစွမ်းကို အားပြု၍ အဘိုးအိုကို ထိခိုက်အနာတရဖြစ်အောင်လုပ်ခဲ့သည်သာမက အမှန်တကယ်တော့ ပြင်းထန်စွာ ဒဏ်ရာရသွားစေရန် လုပ်လိုက်ခြင်းလည်း ဖြစ်၏။ လင်းဖန်က အဘိုးကြီးကို သတ်ဖြတ်နိုင်လုနီးပါးအခြေအနေထိ စွမ်းဆောင်နိုင်ခဲ့လေရာ လူအုပ်ကြီးမှာ သူတို့မြင်တွေ့နေရသည်ကို ယုံကြည်ရန် ခက်ခဲနေတော့သည်။
အဘိုးအိုက သူ၏ဗိုက်ကို ကြည့်လိုက်ရာ သွေးများထွက်နေသော ကြက်ခြေခတ်အမှတ်အသားတစ်ခုကို တွေ့မြင်သွား၏။ အဘိုးအို၏မျက်နှာက စကားလုံးဖြင့်ဖော်ပြရန်ခက်ခဲနိုင်လောက်အောင်ပင် အရုပ်ဆိုးသွားသည်။ သန့်စင်သောချီများထွက်ပေါ်လာပြီး သွေးများထွက်နေသည့် အနာမှာ ချက်ချင်းပတ်သွေးတိတ်သွားပြီး အနာကျက်သွား၏။ အဘိုးအိုက ခေါင်းကိုမော့လိုက်ပြီး လင်းဖန်အား ကြည့်လိုက်သည်။ သူ့မျက်လုံးများက အဆုံးစွန်ထိနာကျည်းမုန်းတီးခြင်းများနှင့် ပြည့်လာ၏။ လင်းဖန်ကိုမတွေ့ခင်အချိန်ထိ တစ်စုံတစ်ယောက်ကို အလွန်အမင်းသတ်ဖြတ်ချင်သည့်စိတ်မဖြစ်ပေါ်ခဲ့ပေ။
“ မင်းခန္ဓာကို မသေမရှင်နဲ့ တစ်စစီဖြစ်အောင်လုပ်ပစ်မယ် ”
အဘိုးအို၏အသံက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေသည်။
“ ဟမ့် ”
လင်းဖန်က အေးစက်စက်အသံပြုလိုက်၏။ သူက သူ့နေရာသူပြန်သွားပြီး သွမ့်ရှင်းရဲ့၏လက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။ ယခုအချိန်မှာ အဘိုးအို၏မျက်နှာက ဆိုးရွားစွာပြောင်းလဲနေပြီး
“ မင်းမတိုက်ဝံ့တော့ဘူးလား!”
ယခုအချိန်တွင် လင်းဖန်၏နောက်ရှိ တားမြစ်နယ်မြေ၏ဝင်ပေါက်နေရာရာမှာ ကြီးမားသောရုပ်တုကြီးတစ်ခုရှိလေ၏။ ၎င်းရုပ်တုကြီးက ရှေးအစဉ်အလာကို ပြုလုပ်သည့်အချိန်တည်းမှ ယခုအချိန်တိုင်အောင် ပွင့်နေဆဲပင်…
အဘိုးအို၏မျက်နှာအမူအရာကိုမြင်သောအခါ လင်းဖန်အေးစက်စက်ပြုံးလိုက်သည်။ ထို့နောက် အရိပ်ပမာလှုပ်ရှားသွားပြီး သွမ့်ရှင်းရဲ့၏လက်ကို ဆွဲကိုင်ကာ သူတို့နှစ်ယောက်လုံးချက်ချင်းပျောက်ကွယ်သွားလေ၏။ တားမြစ်နယ်မြေသို့ သူတို့နှစ်ယောက်လုံး ဝင်ရောက်သွားခြင်းဖြစ်ပေသည်။
