သွေးနီတပ်ဖွဲ့၏ခေါင်းဆောင်
အင်ပါယာမြို့တော်ရှိ အလွန်တရာကျယ်ပြန့်လှသော မိုးပြာရောင်ကျောက်သားဖြင့် ပြုလုပ်ထားသည့် စတုရန်းပုံစံ မြေကွက်လပ်တစ်ခုမှာ….
၎င်းနေရာက အင်ပါယာမြို့တော်ရှိ လူစည်းကားသည့်နေရာမှာ ရှိလေ၏။ ထိုနေရာသို့ ဦးတည်သွားနေကြသော လူများကား များပြားလှသည်။
ထိုမြေကွက်လပ်၏အလယ်တွင် အနီရောင်တောက်ပနေသောလှေကားထစ်များနှင့် အဖြူရောင်စင်မြင့် တစ်ခုရှိ၏။ ထိုအနီရောင်လှေကားထစ်များကား သတ္တုနှင့် ပြုလုပ်ထားသည့်အတွက် တလက်လက်တောက်ပသောအရောင်များ ဖြစ်ပေါ်နေပေသည်။
ထိုစင်မြင့်ထက်မှာ ထိပ်၌ ကြက်ခြေခတ်ပုံစံရှိသော ထောက်တိုင်ကြီးတစ်ခု ရှိ၏။ ထိုကြက်ခြေခတ်နေရာမှ သံကြိုးများ တွဲလောင်းကျနေသည်။ အလွန်တရာချွန်ထက်လှသော ချိတ်ကြီးနှစ်ခု ရှိလေရာ ကြည့်နေသူများကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်၏။ ထိုချိတ်များက ကြက်ခြေခတ်ပုံစံနေရာမှာ လူတစ်ယောက်၏လက်များကို ချည်နှောင်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။
ထိုစင်က ကားစင်ဖြစ်ပြီး အင်ပါယာမျိုးနွယ်စုကို ဒေါသထွက်အောင် ပြုလုပ်သော ဂုဏ်အရှိန်အဝါကြီးမားသည့် လူများကို သတ်ရန်ပြုလုပ်ထားခြင်းဖြစ်၏။ သို့ဖြစ်ရာ လူအားလုံးအနေဖြင့် ကွပ်မျက်ခြင်းကို ကြည့်ရှုနိုင်ပေသည်။
ရာဇဝတ်သားကို သတ်ဖြတ်ပြီးနောက် အလောင်းအား ချိတ်များနှင့် လက်တွေကို ချည်နှောင်လျက် ကြက်ခြေခတ်ပုံစံနေရာမှာ ချည်နှောင်ထားလိမ့်မည်။ ထို့နောက် အလောင်းကို လူအားလုံးအားသတိပေးသည့်သဘောဖြင့် ရက်သတ္တပတ်ကြာသည်အထိ ထိုနေရာမှာ ဆက်လက်၍ တွဲလောင်းချည်ထားမည်ဖြစ်သည်။ ဤအရာက လူအားလုံးကို အင်ပါယာမျိုးနွယ်စုအား အပြစ်ပြုမိလျှင် မည်ကဲ့သို့ အပြစ်ဒဏ်ခံရမည်လဲဆိုတာ သိသွားစေ၏။
ယခုအခါ ကားစင်၏ပတ်လည်မှာ လူပေါင်းများစွာ ရောက်ရှိနေသည်။ ကြီးမားကျယ်ပြန့်သော စတုန်ရန်းပုံမြေကွက်လက်ပင် လုံးဝပြည့်နေလေ၏။
သို့သော်လည်း ကားစင်၏အနီးပတ်လည်တွင် ရှိနေသူများမှာ ရွှီယွဲ့တပ်သားများဖြစ်လေရာ ဘယ်သူမှ စင်အနားသို့ မတိုးကပ်နိုင်ပေ။
“ ဂုဏ်သိက္ခာကြီးမားလှတဲ့အပြင် ခန့်ညားတည်ကြည်တဲ့ ဗိုလ်ချုပ်လျန်ချန်းလန်ကို ဒီနေ့ ဒီနေရာမှာ အဆုံးသတ်ရလိမ့်မယ်လို့ ငါဘယ်တော့မှ မတွေးထားခဲ့ဘူး ”
လူအုပ်ထဲရှိ လူအချို့က အချင်းချင်းပြောကာ သက်ပြင်းချလိုက်ကြသည်။ သူတို့က စင်ထက်ရှိ လူတစ်ယောက်ကို ကြည့်နေ၏။ ထိုလူကား လျန်ချန်းလန်ဖြစ်နေပေသည်။ ယခုအခါ လျန်ချန်းလန်ကို လက်ဝါးကပ်တိုင်မှာ ချည်နှောင်ထားခဲ့ပြီဖြစ်သည်။ သူ့ကို ရာဇဝတ်ကောင်အဖြစ်သတ်မှတ်ပြီး သတ်ဖြတ်တော့မည်ဆိုတာတောင်မှ သူ့ပုံစံက အောက်ကျို့တောင်းပန်နေမည့်ပုံစံမရှိသလို မာနကြီးနေခြင်းလည်း မရှိပေ။
လျန်ချန်းလန်၏စိတ်ထဲတွင် နောင်တရသည့်စိတ်များဖြစ်ပေါ်မနေဘဲ ဘယ်သူ့ကိုမှအပြစ်တင်နေခြင်းလည်း မရှိချေ။
လူအုပ်ကြီး၏ရှေ့ဆုံးမှာ ရှိနေသော လှပသည့်မျက်လုံးလေးနှစ်လုံးက ကားစင်ထက်ရှိ လျန်ချန်းလန်ကို ကြည့်နေလေသည်။ မျက်လုံးလေးများမှ မျက်ရည်များကျလာနေပြီး နီစွေးသောပါးပြင်ထက်သို့ လိမ့်ဆင်းနေပေ၏။
