Zawgyi
သနားကြင်နာသည်လား။
ဝမ်ရှောက်မင်ကျောင်းတော်သည် ရွှီယွဲ့နိုင်ငံတွင်းမှာ တည်ရှိ၏။ လော်ရှာေးကျာင်း၊ ဟောက်ယွဲ့ကျောင်းနှင့်အခြားကျောင်းများနည်းတူ ရပ်တည်နေခဲ့သော်လည်း ၎င်းကျောင်းတွေထက်များစွာ အစွမ်းထက်သည်။
သူတို့အစွမ်းထက်နေသည့်အကြောင်းရင်းတစ်ခုမှာ တောရိုင်းကောင်များကို သူတို့၏အစွမ်းနှင့် ပေါင်းစပ်ခြင်းဖြစ်သည်။ ဝမ်ရှောက်မင်ကျောင်းတော်သည် တောရိုင်းကောင်ဝိညာဉ်ရှိသူများကိုသာ လက်ခံပြီး ကျောင်းသားတိုင်းက ပါရမီရှိရန် လိုအပ်သည်။ တောရိုင်းကောင်ဝိညာဉ်ရှိသူများအတွက် ဝမ်ရှောက်မင်ကျောင်းတော်သည် နိဗ္ဗာန်ဘုံတစ်ခုဖြစ်ပြီး သူတို့၏စိတ်ဝိညာဉ်ကို များစွာအစွမ်းထက်အောင် ကူညီပေးသော အလွန်တရာ အစွမ်းထက်သည့် တောရိုင်းကောင်ကျင့်စဉ်များလည်း ရှိသည်။
ဝမ်ရှောက်ကျောင်းတော်၏ အဓိကကျောင်းသားများသည် တောရိုင်းကောင်များကို မည်ကဲ့သို့ သိမ်းသွင်းရမလဲဆိုတာကို သင်ကြားရပြီး ထိုစွမ်းရည်က သူတို့ကို တမူထူးခြားကာ အစွမ်းထက်သူများဖြစ်အောင် ပြုလုပ်ပေး၏။ ထို့အတွက်ကြောင့် ဝမ်ရှောက်မင်ကျောင်းသားများသည် တောရိုင်းကောင်များရှိရာ တောအုပ်တွေထဲသို့ သွားရခြင်းကို ကြိုက်နှစ်သက်ခြင်းဖြစ်သည်။ အကယ်၍ ကံကောင်းပြီး သူတို့နှင့်အတူ တောရိုင်းကောင်တစ်ကောင်ကို သူတို့သိမ်းသွင်းနိုင်လျှင် ထိုတောရိုင်းကောင်ကို စီးနိုင်စွမ်းရှိလာလိမ့်မည်။
တောရိုင်းကောင်များရှိရာ တောအုပ်များသည် သူတို့အတွက် လေ့ကျင့်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်၏။
သူတို့အားလုံး တောရိုင်းကောင်များကို ဖမ်းပြီးစီးလာသည့် အချိန်မှာ သူတို့ကို တွေ့ရခြင်းက လင်းဖန်အတွက် အလွန်ကံဆိုးသွားသည်။
လင်းဖန်က ကွမ်ရှီကို ရေခဲတမျှအေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်၏။ သူ့မှာ ရွေးချယ်စရာ နှစ်ခုရှိပြီး တစ်ခုက သူ့ပစ္စည်းများနှင့် သူ၏လက်စွပ်ကို ပေးကာ ထွက်သွားရန်ဖြစ်ပြီး တခြားတစ်ခုမှာ သေရန်ဖြစ်သည်။
“ နောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူးလား ”
လင်းဖန်က ကွမ်ရှီကို ကြည့်ကာ မထူးခြားသည့်လေသံဖြင့် ပြောကြားလိုက်၏။
“ ငါတို့က လူနည်းနည်းပဲရှိတယ်။ ငါတို့ယူသွားတဲ့ သန့်စင်တဲ့ကျောက်တုံးတွေက ဒီမြေကြောမှာရှိနေတဲ့အရာနဲ့ယှဉ်လိုက်ရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲရှိတယ်။ ပြီးတော့ ဒီမြေကြောကို ငါအရင်ဆုံးရှာတွေ့ခဲ့တာ။ မင်းရဲ့တောင်းဆိုချက်က နည်းနည်းများနေတယ်လို့ မထင်ဘူးလား ”
“ များနေတယ်လား ”
ကွမ်ရှီပြန်မပြောရသေးခင်မှာပင် ဝမ်ရှောက်မင်ကျောင်းမှ တခြားတစ်ယောက်က အေးစက်စက်ပြုံးကာ ပြောလိုက်၏။
“ မြေကြောကို မင်းတွေ့ခဲ့တယ်ဆိုပေမယ့် အဲ့ဒါက မင်းအတွက် ကံကောင်းတာ မဟုတ်ဘူး။ ကံဆိုးတာ။ အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုဖြစ်ပေမယ့် မင်းက မထိန်းသိမ်းနိုင်ဘူးလေ ”
“ တကယ်လို့ မင်းကို ငါတို့က အေးအေးဆေးဆေး ထွက်ခွာခွင့်ပေးလိုက်ရင် ကျောင်းတော်က ငါတို့ကို မေးခွန်းထုတ်လာရင် ဘယ်လိုပြန်ပြောရမလဲ။ ငါတို့က သာမန်လူနည်းနည်းလေးကို ရင်မဆိုင်ရဲဘူးလို့ ပြောရမှာလား။ မြေကြောကို ငါတို့တွေ့လို့ အကုန်လုံးကို ငါတို့ပိုင်ရမယ်။ နည်းနည်းလေးတောင် မစွန့်ပစ်နိုင်ဘူး။ ဖြစ်တဲ့ကိစ္စကို ကျောင်းတော်ကပဲ ဆုံးဖြတ်လိမ့်မယ် ”
“ အကိုရှီပြောတာမှန်တယ်။ နောက်ထပ်ရွေးချယ်စရာ မရှိဘူး။ မြေကြောကို မင်းတို့တွေ့တာက ကံဆိုးတာပဲ။ မင်းတို့ရဲ့ ပစ္စည်းတွေချန်ထားခဲ့ရင်တော့ ထွက်ခွာခွင့်ပေးလိုက်မယ်။ ဒီလိုမှမဟုတ်ရင် ငါတို့က သတ်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ လောဘတကြီး လာတောင်းဆိုမနေနဲ့ ”
ကွမ်ရှီက ပြောလိုက်လေ၏။
“ မင်းက အဲ့ဒီလိုဆိုမှတော့ ငါ့ကို ထွက်သွားဖို့ပြောတဲ့အတွက် မင်းကို ငါက ကျေးဇူးမတင်သင့်ဘူးပေါ့ ”
လင်းဖန်က သရော်လှောင်ပြောင်လိုက်သည်။ သူ့ကို ပစ္စည်းတွေထားပြီး ထွက်သွားခွင့်ပေးလိုက်ခြင်းကို အံ့သြစရာကောင်းသည့်အရာတစ်ခုကို လုပ်လိုက်သည့်ပမာ အကြင်နာတရားရှိသည်ဟု ထင်နေ၏။
လင်းဖန်၏သရော်စကားကို ကွမ်ရှီကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ မင်းဘာတွေးနေလဲ ငါဂရုမစိုက်ဘူး။ ဒီအခြေအနေအတိုင်းပဲ လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူး ”
“ မင်းကြင်နာတယ်ဆိုတာကို ငါဂရုမစိုက်ဘူး။ မင်းအမြင်တွေကို မရွေးချယ်ဘူး။ မင်းဘယ်လောက်အစွမ်းထက်လဲ ကြည့်ကြတာပေါ့ ”
လင်းဖန်က စကားဆုံးသည်နှင့် ရေခဲတမျှ အေးစက်သော စွမ်းအင်များကို ထုတ်ဖော်လိုက်၏။
“ ဟုတ်တယ်။ ငါတို့အတူတူ တိုက်ခိုက်နိုင်တယ်။ ငါတို့က ငါးယောက်။ ငါတို့ကို သတ်မယ်ဆိုရင်တောင် အနည်းဆုံး သူတို့ထဲက တစ်ဝက်တော့ သေလိမ့်မယ် ”
လင်းဖန်၏ဘေးမှာ ရှိနေသော ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
“ ငါတို့ထဲက တစ်ဝက်ကိုလား။ ဒီတစ်ကြိမ်မှာ ကျောင်းတော်ရဲ့ အဓိက ကျောင်းသားတွေပဲ လာတာကို မင်မသိတဲ့ပုံပဲ ”
လူတစ်ယောက်က လှောင်ပြောင်လိုက်၏။ ဝမ်ရှောက်မင်ကျောင်းတော်၏ ကျောင်းသားတိုင်းက သူတို့၏ချီများကို ချက်ချင်းထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေခွင်းသံများ ထွက်ပေါ်လာသည်။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ ”
လင်းဖန်နှင့်အခြားသူများ တအံ့တသြဖြစ်သွား၏။ ထိုလူများတွင် ရွှမ်ချီအဆင့်ကျင့်ကြံသူခြောက်ယောက်နှင့် လင်းချီအဆင့်ရှစ်ယောက်ပါဝင်သည်။ ထို့ပြင် သူတို့စီးလာသော တောရိုင်းကောင်များသည်လည်း သူတို့နှင့်အဆင့်တူ ဖြစ်၏။ သို့ဖြစ်ရာ ရွှမ်ချီအဆင့်ကျင့်ကြံသူခြောက်ယောက်နှင့် ရွှမ်အဆင့်တောရိုင်းကောင် ခြောက်ကောင်။ ထိုအထဲတွင် အလွန်အစွမ်းထက်သော ကျင့်ကြံသူနှစ်ယောက်လည်း ရှိ၏။ သူတို့က ရွှမ်ချီအဆင့်နှစ်သို့ ရောက်ရှိနေတာ ဖြစ်နိုင်သည်။
သူတို့အားလုံးက လွန်စွာ ကြောက်စရာကောင်းပြီး ဝမ်ရှောက်မင်ကျောင်းတော်၏ အဓိကကျောင်းတော်သားများ ဖြစ်ကြသည်။
ရွှမ်ချီအဆင့်ကျင့်ကြံသူခြောက်ယောက်သည် ရွှမ်အဆင့်တောရိုင်းကောင် ခြောက်ကောင်ကို စီးလျက် လင်းဖန်နှင့် တခြားသူများရှိရာသို့ ပြေးဝင်လာကြ၏။ လင်းချီအဆင့်ကျင့်ကြံသူများက နောက်သို့ ဆုတ်ကာ ပြပွဲတစ်ခုကို ကြည့်နေရသည့်အလား အေးစက်စက်ပြုံးနေကြသည်။
လင်းဖန်နှင့် အခြားသူများအတွက် သေဆုံးခြင်းသာ ကျရောက်လာလိမ့်မည်။ အစက ဝမ်ရှောက်မင်ကျောင်းတော်သည် သူတို့ကို အခွင့်အရေးတစ်ခု ပေးခဲ့သော်လည်း သူတို့က လက်မခံမခဲ့ပေ။ သူတို့သေဆုံးခြင်းအတွက် သူတို့ကိုယ်သူတို့သာ အပြစ်တင်ရလိမ့်မည်။
“ ခင်ဗျားတို့ လေးယောက်က တစ်ယောက်ကိုတစ်ယောက်ကူညီပြီး အတူတူတိုက်ခိုက်ကြ။ သူတို့ကို သတ်ဖြတ်ဖို့ ကျုပ်တို့ အခွင့်အရေးမပေးနိုင်ဘူး ”
လင်းဖန်က အသံကို နှိမ့်၍ ပြောလိုက်၏။ သူတို့လေးယောက်သည် တစ်ယောက်ကိုတစ်ယောက် တဖြည်းဖြည်းနီးကပ်သွားကြသည်။ အကယ်၍ သူတို့သာ ကွဲသွားလျှင် လူသုံးယောက် တောရိုင်းကောင်သုံးကောင်က သူတို့ထဲမှ တစ်ယောက်ကို တခဏလေးအတွင်း သတ်ဖြတ်သွားလိမ့်မည်။
“ မင်းကရော ဘယ်လိုလုပ်မှာလဲ ”
တစ်ယောက်က လင်းဖန်ကို မေးလိုက်၏။
“ ကျုပ်ကို သတ်နိုင်လောက်အောင် သူတို့မှာ အစွမ်းမရှိဘူး ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်ရာ တခြားသူများကို အံ့သြမှင်တက်သွားစေ၏။ ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်စဉ်က လင်းဖန်အစွမ်းကုန်မသုံးတာဖြစ်နိုင်သည်။ သူတို့အားလုံး လင်းဖန်ကို လေးစားသွားကြ၏။ သူက အလွန်အစွမ်းထက်ပေသည်။
“ ကျုပ်အချိန်မဖြုန်းတော့ဘူး။ တကယ်လို့ ကျုပ်မှာ အခွင့်အရေးရခဲ့ရင် ခင်ဗျားတို့ကို ကူညီပေးမယ် ”
လင်းဖန်က တခြားသူများကို ပြောလိုက်၏။ ယခုအချိန်မှာ အခြေအနေက တစ်ယောက်ကိုတစ်ယောက် ကူညီရန် အရေးကြီးနေသည်။
“ ကောင်းပြီ။ အဲ့ဒါဆိုရင် ကောင်းကောင်းဂရုစိုက်ကွာ ”
လူလေးယောက်က လေးနက်တည်ကြည်ကာ လေးစားသည့်လေသံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လင်းဖန်ပြောသည်ကို သူတို့မယုံကြည်နိုင်ပေ။ သူက မည်ကဲ့သို့ သူတို့ကို ကူညီနိုင်မည်နည်း။ လင်းဖန်က အစွမ်းထက်သော်လည်း ကြောက်စရာကောင်းသော ဝမ်ရှောက်မင်ကျောင်းသားများကို ရင်ဆိုင်နေရခြင်းဖြစ်ရာ သူ့ကိုယ်သူ ယုံကြည်မှုရစေရန် လိမ်ပြောနေခြင်းသာ ဖြစ်ရမည်။
“ ရယ်စရာ ကောင်းလိုက်တာ ”
ဝမ်ရှောက်ကျောင်းသားတစ်ယောက်က လင်းဖန်နှင့်တခြားသူများ၏ စကားကို ကြားသောအခါ အရှက်မရှိ ရယ်မောလိုက်သည်။ လင်းဖန်က အမှန်တကယ်သေချင်နေသည်။ သူသည် လွတ်မြောက်နိုင်မည့်အခွင့်အရေးပင် ရနိုင်မည်ဟု တွေးထင်နေ၏။
“ ကွမ်ရှီ…အခြေအနေတစ်ခုလုံးကို ဆက်ထိန်းထား။ ငါတို့ငါးယောက်က ဒီငါးယောက်ကို တိုက်ခိုက်လိုက်မယ်။ ပြိုင်ဘက်ကို ရွေးပြီး ဘယ်သူအရင်ဆုံးသတ်နိုင်မလဲ ကြည့်ကြတာပေါ့ ”
ဝမ်းဗိုက်တွင် မြေအင်းကွက်များ ရှိနေသော လူငယ်တစ်ယောက်က ပြောလိုက်သည်။ လူအားလုံးသည် ထိုအကြံကို စိတ်ဝင်စားသည့်အသွင်ဖြင့် ခေါင်းညိတ်သဘောတူလိုက်ကြ၏။
“ မြွေပွေး…မင်းအရင်ဆုံးရွေးလိုက် ”
“ ဒီကောင့်ကို ငါတိုက်မယ်။ ကျန်တဲ့လေးယောက်က မင်းတို့အတွက်ပဲ ”
ရက်စက်ကြမ်းကြုတ်သော မျက်လုံးများနှင့် မြွေပွေးက လင်းဖန်ကို ညွှန်ပြကာ ပြောလိုက်သည်။
“ ဒီကောင်နဲ့ ငါတိုက်မယ်။ ဒီကောင့်ကို ငါရွေးတယ် …. ”
ကျန်သောလူလေးယောက်က သူတို့၏ပြိုင်ဘက်များကို တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်ကြသည်။
လင်းဖန်က မြွေပွေးကို ကြည့်ကာ သူထုတ်လွှတ်နေသော ချီများအရ ရွှမ်ချီအဆင့်တစ်သို့ ရောက်ရှိနေသူဖြစ်ကြောင်းသိသွား၏။ သူစီးနေသော အစိမ်းရောင်မြွေပါ ပေါင်းစပ်လျှင် ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်ကို တစ်ချိန်တည်း သူတိုက်ခိုက်ရသည့်ပမာ ဖြစ်သွားလိမ့်မည်။
“ ညီအစ်ကိုတို့…ပြိုင်ဘက်ကို ဘယ်သူအရင်ဆုံးသတ်နိုင်လဲ သိရအောင် ပြိုင်ပွဲကို စလိုက်ကြစို့ ”
သားရဲမျက်လုံးများနှင့် မြွေပွေးက ပြောလိုက်၏။ ထို့နောက်သူက လင်းဖန်ဆီသို့ သူ၏မြွေနှင့်အတူ ပြေးသွားလေသည်။ သူ့ပုံစံက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်သူတစ်ယောက်နှင့် ဆင်တူ၏။
“ ရွှီ….. ရွှီ…….”
မြွေက တရွှီရွှီအသံပေးကာ အရည်ပျော်ကျသွားစေနိုင်သည့် အနက်ရောင်အခိုးအငွေ့များကို မှုတ်ထုတ်နေသည်။
“ ရှောင်လိုက် ”
လင်းဖန်က လေထဲသို့ လျင်မြန်စွာ ခုန်ရှောင်လိုက်၏။ တခြားလူလေးယောက်သည်လည်း လေထဲသို့ ခုန်လိုက်ကြသည်။
“ မင်းဘယ်သွားတာလဲ ”
မြွေပွေးက ပြုံးလိုက်ရင်း သူ၏မြွေကို လေထဲသို့ စေလွှတ်လိုက်သည်။ မြွေက လင်းဖန်ကို ၎င်း၏အမြီးနှင့်ရစ်ပတ်ရန် ကြိုးစားနေ၏။
လင်းဖန်က မြွေ၏အမြီးကို မရှောင်တိမ်းဘဲ သူ့ခန္ဓာကိုယ်မှ စူးရှသော ဓားစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ သူ၏လက်ထဲတွင် သန့်စင်သောချီဖြင့် ပြုလုပ်ထားသော ဓားတစ်လက်ပေါ်ထွက်လာ၏။
လင်းဖန်၏ဓားက မြွေအမြီးကို ချက်ချင်းပိုင်းဖြတ်လိုက်ရာ အညိုရောင်သွေးများ ထွက်လာပြီး မြွေ၏မျက်လုံများးတွင် ကြောက်စရာကောင်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်က စတင်၍ တွန့်လိမ်သွားသည်။
“ သေစမ်းကွာ ”
မြွေပွေးက အော်ပြောလိုက်၏။ ထိုအခြင်းအရာကို မြင်သောအခါ သူ့သည် အရှိန်ကို မြှင့်တင်လိုက်ပြီး လင်းဖန်ဆီသို့ ပြေးဝင်သွားသည်။
လင်းဖန်၏ခန္ဓာကိုယ်မှ သန့်စင်သောနေချီများ ထွက်ပေါ်လာပြီး ပူပြင်းသောချီများကို ထုတ်ဖော်လိုက်၏။ နေက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေရာ မီးတောက်များကို ပို၍ပြင်းထန်အောင် ပြုလုပ်ပေးနေသည့်ပမာ ဖြစ်နေသည်။
“ အမ် ”
မြွေပွေးအတော်လေး အံ့အားသင့်သွား၏။ ယခုအချိန်မှာ သူသည် မီးတောက်များကို ထိပ်တိုက်တွေ့လိုက်ရ၍ တစ်ကိုယ်လုံးလောင်ကျွမ်းနေသည့်ပမာ ခံစားလိုက်ရ၏။ ရုတ်တရက် ခရမ်းရောင်အကောင်လေးများက သူ့ခန္ဓာကိုယ်ကို ချည်နှောင်ရန် ပြေးဝင်လာသည်ကို သူတွေ့မြင်လိုက်ရလေ၏။
“ သေစမ်းကွာ ”
မြွေပွေး၏မျက်နှာမှာ မည်းမှောင်နေလျက် အော်ပြောလိုက်သည်။ ဤနေရာမှာ ကြာကြာသူမရပ်နိုင်တော့ပေ။ သူ၏ပြေးအားအရှိန်က အံ့မခန်းဖြစ်သော်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေ၏။
လင်းဖန်၏ရှေ့သို့ ရောက်သောအခါ အဖျက်အဆီးစွမ်းအင်များဖြင့် ပြည့်နေသော အနက်ရောင်မီးတစ်ခုကို သူတွေ့မြင်လိုက်ရသည်။ အနက်ရောင်မီးတောက်နှင့် ထိတွေ့မိလိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး အရှိန်ပြင်းစွာ တုန်ခါလာပြီး နောက်သို့ လွင့်စဉ်သွား၏။
မည်မျှကြောက်စရာကောင်းလိုက်သည့် အနက်ရောင်မီးပေနည်း။ ထိုမီးကို ထိတွေ့မိသောအခါ သူ၏အသားများ လောင်ကျွမ်းတော့မည်ကဲ့သို့ သူခံစားလာရ၏။
“ မင်းက အခုထွက်သွားချင်တာလား ”
လင်းဖန်က ပြုံး၍ လှောင်ပြောင်လိုက်သည်။ သူ့ပတ်လည်တွင် ခရမ်းရောင်အလင်းများ ဝန်းရံနေ၏။ ထို့ပြင် လင်းဖန်က သူ့လက်ကို မြှောက်လိုက်ရာ အံ့မခန်းတောက်ပသော ဓားအလင်းရောင်က ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ ထိုဓားမှာ တောက်ပလွန်းနေသည့်အတွက် လူအုပ်ကြီးမှာ မကြည့်ရဲ့ကြချေ။
“ အိုး မဟုတ်ဘူး….”
ကွမ်ရှီသည် လင်းဖန်၏စိတ်ဝိညာဉ်ကြောင့် မြွေပွေး အခက်အခဲဖြစ်နေစဉ် တလက်လက်တောက်ပသော ဓားအလင်းရောင်ကို မြင်သောအခါ မျက်နှာဆိုးရွားစွာ ပျက်သွားသည်။ ချက်ချင်းပင် နေကဲ့သို့ တလက်လက်တောက်ပနေသော ဓားက အပေါ်မှ တဖြည်းဖြည်းကျဆင်းလာ၏။ ဓားမှထွက်ပေါ်နေသော အလင်းရောင်ကြောင့် သူ၏မျက်လုံးကို မှိတ်ထားလိုက်ရသည်။
“ မဟုတ်ဘူး။ အခြေအနေမကောင်းတော့ဘူး ”
ကွမ်ရှီသည် ဆိုးရွားသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။ သူမျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကောင်းကင်ယံမှ ပြုတ်ကျလာသော မြွေပွေးကို တွေ့မြင်သွားသည်။ မြွေပွေး၏တောရိုင်းကောင်သည်လည်း ထိန်းချုပ်မှုကင်းမဲ့ကာ တိုက်ပွဲနှင့်လွတ်ရာသို့ ပျံသန်းသွားလေ၏။
“ မင်းလုပ်ကြည့်စမ်း ”
လင်းဖန်လုပ်နေတာကို မြင်သောအခါ ကွမ်ရှီက ဒေါသတကြီး အော်ပြောလိုက်၏။ သူ၏မီးနတ်ဆိုးခြင်္သေ့သည် လင်းဖန်ဆီသို့ တဟုန်ထိုးပြေးသွားလေသည်။
အံအားသင့်စရာကောင်းအောင် လင်းဖန်က နောက်ထပ်ကျောင်းသားတစ်ယောက်ဖြစ်သော တိုက်ခိုက်နေဆဲဖြစ်သည့် ရှုန်ရှီကို သွားရောက်တိုက်ခိုက်လိုက်၏။
“ အစ်ကို ရှုန်ရှီ…သတိထား ”
ကွမ်ရှီက အော်ပြောလိုက်သည်။ ထိုစဉ် ရှုန်ရှီသည် လင်းဖန်နှင့်အတူ ရှိခဲ့သော ရွှမ်ချီအဆင့်ကျင့်ကြံသူကို သူ၏အံ့မခန်းကြီးမားသော လက်ဖြင့် တိုက်ခိုက်ရန် ပြင်နေသည်။ အကယ်၍ ထိုလက်သာ ရွှမ်ချီအဆင့်ကျင့်ကြံသူဆီသို့ ရောက်ရှိသွားလျှင် ထိုအစွမ်းထက်ကျင့်ကြံသူ၏ခေါင်းမှာ အပိုင်းပိုင်း ကွဲထွက်သွားလိမ့်မည်။
သို့သော် ထိုစဉ်မှာ ကောင်းကင်ယံမှ အလွန်ပူပြင်းသော ဓားတစ်လက် ကျဆင်းလာ၏။
ထိုဓားက အလွန်တောက်ပနေသည်။ လင်းဖန်က သန့်စင်သောနေ၏ချီကို ထုတ်ဖော်လိုက်ခြင်းဖြစ်ရာ ရှုန်ရှီသည်လည်း မျက်လုံးမှိတ်သွားရ၏။
“ အား…… ငါ့လက် …….”
နာကျင်စွာအော်သံက လေထဲတွင် ပျံ့လွင့်လာသည်။ သူ၏လက်က တောင်တွေကို ပြိုလဲသွားစေနိုင်ပြီး ပင်လယ်တွေကို မှောက်ပစ်နိုင်မည်ဖြစ်သော်လည်း ပူပြင်းသော ဓားတစ်လက်က ချက်ချင်း ဖြတ်တောက်သွားခဲ့၏။
သို့သော်လည်း ဓားက ထိုနေရာမှာပင် ရပ်တန့်ခြင်းမရှိဘဲ ကြယ်ကြွေသည့်အလား ဆက်လက်တိုးဝင်လာရာ လေထဲသို့ သွေးများပန်းထွက်လာပြီး ရှုန်ရှီ၏လည်ပင်းကို ပိုင်းဖြတ်သွားလေသည်။ ရွှမ်ချီအဆင့်ကျင့်ကြံသူနောက်တစ်ယောက်ကား သေဆုံးသွားရလေပြီ။
တိုက်ပွဲက စတင်ရုံမျှသာ ရှိသေးသော်လည်း ဝမ်ရှောက်မင်ကျောင်းတော်၏ ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်ကား လင်းဖန်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
