Zawgyi
တောရိုင်းကောင်အသွင်ပြောင်းလဲခြင်း
ရွှမ်ချီအဆင့်တစ်ကျင့်ကြံသူနှင့် ရွှမ်ချီအဆင့်သုံးကျင့်ကြံသူကြားတွင် အဆင့်နှစ်ဆင့်ကွာခြား၏။ သန့်စင်သောချီပမာဏကွာခြားချက်က ပမာဏကြီးမားသည်။ သာမန်အားဖြင့် အဆင့်မြင့်သော ကျင့်ကြံသူက အဆင့်နိမ့်သော ကျင့်ကြံသူကို မျက်တောင်တစ်ချက်ခတ်အတွင်း သတ်နိုင်သည်။
သို့သော် လင်းဖန်က ရွှမ်ချီအဆင့်တစ်မှာရှိသော သူ၏အစွမ်းကို အားပြုကာ ရွှမ်ချီအဆင့်သုံးသို့ ရောက်နေသော ဒူရန်ကို ဒဏ်ရာရစေခဲ့သည်။ လင်းဖန်၏ဓားကွက်များသည် အံ့မခန်းအစွမ်းထက်လှပြီး ၎င်းဓားကွက်များကို ဒူရန်နားမလည်နိုင်ခဲ့ပေ။ လင်းဖန်သည် အစွမ်းကုန်သုံးကာ သူ့ထက်နှစ်ဆမြင့်မားသော ပြိုင်ဘက်ကို တိုက်ခိုက်မည်ဆိုလျှင် အမျိုးမျိုးသော ကျင့်စဉ်များ အသုံးပြုလျှင်ပင် လုံလောက်လိမ့်မည် မဟုတ်ချေ။ သူက ဓားနှင့်ပေါင်းစပ်ခြင်းနယ်ပယ်ကဲ့သို့ အလွန်ထူးခြားသည့် ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည့်အတွက်ကြောင့်သာ ဤကဲ့သို့ တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
လင်းဖန်သည် အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း ဓားနှင့်ပေါင်းစပ်ခြင်းနယ်ပယ်ကို နားလည်နေခဲ့၏။ ရွှီယွဲ့နိုင်ငံ၏သမိုင်းမှာ ဓားသခင်ဝူချင်းပင် အသက်ဆယ့်ရှစ်နှစ်အရွယ်မှာ စွမ်းအင်သုံးတိုက်ခိုက်ခြင်းများကိုသာ ပြုလုပ်နိုင်သည်။ ဓားနှင့်ပေါင်းစပ်သည့်နယ်ပယ်ကို အသက်နှစ်ဆယ့်တစ်နှစ် အရွယ်ရောက်မှသာ နားလည်ခဲ့၏။
လင်းဖန်သည် ဓားပညာနှင့်ပတ်သက်ပြီး အံ့မခန်းပါရမီရှင်တစ်ယောက်ဖြစ်သည်။ အရင်တုန်းက အကြင်နာမဲ့ဓားသခင် ဝူချင်းကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်၏။ သူနှင့်တူညီသော အချိန်ကာလမှာသာ မွေးဖွားခဲ့လျှင် လင်းဖန်ကို ဓားဘိုးအေကြီးဟု ခေါ်ဆိုရလိမ့်မည်။
အမှန်တကယ်တော့ ယွဲ့ချင်းရှန်နှင့် လူနည်းစုသာ လင်းဖန်၏ကျင့်စဉ်က မည်မျှအစွမ်းထက်လဲဆိုတာ သိကြသည်။ လင်းဖန်က ရွှမ်ချီအဆင့်သုံးကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်သော ပါရမီရှင်တစ်ယောက်ဆိုတာ သူတို့သာ သိကြ၏။
ဒူရန်က သူ၏လက်ဝါးရှိ ဒဏ်ရာကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုမော့လိုက်ပြီး သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် လင်းဖန်ကို ကြည့်လိုက်၏။
“ ဂါး ……”
ဒူရန်သည် ကောင်းကင်ကိုကြည့်ကာ အော်နေသည်။ သူ၏စိတ်ဝိညာဉ်က တဖြည်းဖြည်းကြီးမားလာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေးမီတာ၊ ငါးမီတာ စသဖြင့် ကြီးမားလာခဲ့၏။ သူသည် မျက်လုံးများကို မှိတ်ထားသော်လည်း သူ့မျက်လုံးနှစ်ခုကြားတွင် တိရစ္ဆာန်တစ်ကောင်၏မျက်လုံးတစ်ခုက ပွင့်နေသည်။
တခဏအတွင်းမှာ ဒူရန်နှင့် သူ၏ကြံ့ဝိညာဉ်တို့သည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားပြီး ဒူရန်သည် အလွန်ထူးဆန်းသော တောရိုင်းကောင်အဖြစ်သို့ ပြောင်းလဲသွား၏။
လူများတအံ့တသြဖြစ်နေရဆုံးမှာ ဒူရန်၏လက်များနှင့် ခြေထောက်များပါ လုံးဝပြောင်းလဲသွားခြင်းဖြစ်သည်။ သူ့ပုံစံက အမှောင်နတ်ဆိုးတောရိုင်းကောင်တစ်ကောင်အလား ဖြစ်နေသည်။ စောစော သူ၏ဝိညာဉ်ကို အသုံးပြု၍ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးခဲ့သော်လည်း ယခုအခါ သူ့ခန္ဓာကိုယ်က အမှန်တကယ် ပြောင်းလဲသွား၏။
“ တောရိုင်းကောင်အသွင်ပြောင်းလဲခြင်း ”
လူအုပ်ကြီးမှာ သူတို့၏မျက်လုံးများကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ဝမ်ရှောက်ကျောင်းတော်မှာ တောရိုင်းကောင်ဝိညာဉ်နှင့် ပေါင်းစပ်နိုင်သော ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုရှိသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့၏။ ကြည့်ရသည်မှာထိုကောလာဟလများ မှန်ကန်ပုံရသည်။ ယခုအချိန်မှာ ဒူရန်သည် မျက်လုံးတစ်လုံးသာရှိသော ကြံ့တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လင်းဖန်သည်လည်း ဒူရန်ကို စူးစိုက်ကြည့်နေ၏။ ဒူရန်သည် ခြေလက်များကို မြေပြင်မှာထားကာ ခေါင်းကိုမော့လျက် လျှောက်လာသည်ကို လင်းဖန်တွေ့လိုက်ရသည်။ သူ၏ခေါင်းက လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းဖြစ်နေ၏။ ၎င်း၏အသွင်က လင်းဖန်ကို အပိုင်းပိုင်းဖြတ်ပစ်ချင်နေသည့်ပုံပေါ်သည်။
“ တောရိုင်းကောင်အသွင်ပြောင်းလဲခြင်းလား ”
လင်းဖန်ရေရွတ်လိုက်၏။ လင်းဖန်သည် အနည်းငယ်ခါယမ်းလိုက်ရာ လျှပ်တပြက်အတွင်း သူ၏ခရမ်းရောင်ဝိညာဉ်သည် ခရမ်းရောင်သွေးများ ဆူပွက်လာသည့်အလား အော်မြည်လာသည်။ လင်းဖန်၏ရှေ့တွင် အံ့မခန်းတောက်ပေသော ခရမ်းရောင်များသည် ပုံစံတစ်ခုအဖြစ်သို့ စုစည်းလာ၏။
“ ဂါး ……”
အော်မြည်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွား၏။ လူအုပ်ကြီးသည် ခရမ်းရောင်အလင်းများက အသက်ရှိနေသည့်အသွင်ရှိသော နဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတာကို တွေ့မြင်လိုက်ရ၏။
“ ငါမှားနေတာလား။ ဒါက တောရိုင်းကောင်ဝိညာဉ်လား ”
ယွဲ့ချင်းရှန် မျက်မှောင်ကြုတ်သွားသည်။ ခရမ်းရောင်စွမ်းအင်များက ထူးဆန်လှပြီး အစစ်အမှန် တောရိုင်းကောင်အဖြစ်သို့ ပြောင်းလဲနိုင်ပုံပေါ်သည်။
“ တကယ်လို့ ဒါက တောရိုင်းကောင်ဝိညာဉ်ဆိုရင် ယွဲ့မျိုးနွယ်စုရဲ့ ကောင်းကင်စွယ်ဝိညာဉ်ကို လင်းဖန်အမွေဆက်ခံရရှိလိမ့်မယ် ”
ယွဲ့ချင်းရှန်၏အတွေးများက လည်ပတ်နေသည်။ သို့သော် ဖြစ်နိုင်ချေက လွန်စွာ နည်းပါး၏။ လင်းဖန်သာ ကောင်းကင်စွယ်ဝိညာဉ်ကို အမွေဆက်ခံရရှိခဲ့လျှင် ဝမ်ရှောက်ကျောင်းတော်၏အဖွဲ့ဝင်များ ဝိုင်းရံခြင်းကို မည်သည့်အတွက်ကြောင့် ဂရုစိုက်နေရသနည်း။ ကောင်းကင်စွယ်ဝိညာဉ်သည် အလွန်အကြပ်အတည်းအခြေအနေမှာ ဝမ်ရှောက်ကျောင်းတော်တစ်ခုလုံးကို ဝါးမြိုပစ်နိုင်သည်။ ထို့အတွက်ကြောင့်လည်း သူတို့က ယွဲ့မျိုးနွယ်စုကို များစွာကြောက်ရွံ့နေခြင်းဖြစ်၏။
အမှန်တကယ်တော့ တခြားဖြစ်နိုင်စွမ်းလည်း ရှိသေးသည်။ လင်းဖန်က သူ၏ကောင်းကင်စွယ်ဝိညာဉ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိတာဖြစ်နိုင်သည်။
မျက်လုံးတစ်လုံးတည်းရှိသည့် ကြီးမားသော ကြံ့တစ်ကောင်အသွင်ရှိသော ဒူပိနှင့် ခရမ်းရောင်နဂါးကြီးတို့သည် တစ်ကောင်ကိုတစ်ကောင် စူးစိုက်ကြည့်နေ၏။ ဒူရန်၏မျက်လုံးများသည် သွေးဆာနေသည့်အသွင်ရှိပြီး ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ ထုတ်ဖော်နေသည်။ သို့သော်လည်း ခရမ်းရောင်နဂါးကြီးသည် အထင်သေးသည့်အရိပ်အယောင်များဖြင့် ပြည့်နေသော မျက်လုံးတစ်လုံးနှင့် ကြံ့ကြီးကို အထက်စီးမှ ကြည့်နေ၏။
ခရမ်းရောင်နဂါးဝိညာဉ်သည် ကြံ့ဝိညာဉ်ထက် နိမ့်ကျသည့်အသွင်ရှိသော်လည်း သိသာထင်ရှားသော အသေးစိတ်အချက်အလက်တစ်ခု ရှိ၏။ ခရမ်းရောင်ဝိညာဉ်သည် ဇွမ်အဆင့်နဂါးတစ်ကောင်ထံမှ လင်းဖန်စုပ်ယူခဲ့ခြင်းဖြစ်သည်။ ဇွမ်အဆင့်တောရိုင်းကောင်…မည်မျှထည်ဝါလိုက်သနည်း။
“ သေစမ်းကွာ ”
ဒူရန်က အော်ပြောလိုက်၏။ ချက်ချင်းပင် သူ၏ခြေထောက်က မြေပြင်ကို ဆောင့်လိုက်ရာ မြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ့ခြေထောက်အောင်တွင် မြေများဖွာလန်ကျဲကာ အက်ကြောင်းမျြား ဖစ်ပေါ်နေ၏။ ထို့နောက် ကြံ့သည် လေထဲသို့ ပျံသန်းလိုက်ပြီး များပြားသော သားရဲချီများကို ထုတ်ဖော်လိုက်သည်။
“ ဂါး ……”
ခရမ်းရောင်နဂါးကြီးသည် ဒေါသတကြီး အော်မြည်လိုက်၏။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်က လေထဲသို့ လွင့်မျောသွားပြီး ၎င်း၏ပါးစပ်မှ များစွာသော ခရမ်းရောင်စွမ်းအင်များကို မှုတ်ထုတ်လိုက်သည်။
ခရမ်းရောင်နဂါးနှင့် ကြံ့တို့ ထိပ်တိုက်တွေ့ရာမှ မြေပြင်သည် အရှိန်ပြင်းစွာ တုန်ခါသွား၏။ အချိန်သည်လည်း ရပ်တန့်သွားပုံပေါ်သည်။
“ ခရမ်းရောင်ဝိညာဉ်က အင်မတန်အစွမ်းထက်တာပဲ ”
လူအုပ်ကြီး တွေးလိုက်၏။ ဒူရန်၏တောရိုင်းကောင်အသွင်ပြောင်းလဲခြင်းက အံ့သြစရာကောင်းပြီး အလွန်အစွမ်းထက်သော်လည်း ခရမ်းရောင်နဂါးကို နောက်သို့ ဆုတ်သွားအောင် မတိုက်ခိုက်နိုင်ခဲ့ချေ။
ကြံ့သည် မြေပြင်သို့ ဆင်းသက်လိုက်ပြီး ဒေါသတကြီး အော်မြည်ကာ နဂါးဆီသို့ ပြန်လည်၍ တိုးဝင်လာ၏။
“ ဘုန်း ”
မြေပြင်နှင့် လေထုက အရှိန်ပြင်းစွာ တုန်ခါသွားပြန်သည်။ ခရမ်းရောင်နဂါးသည် လေထုကို ဖြတ်၍ ပေါ့ပါးစွာဆက်လက်ရွေ့လျားနေသော်လည်း လင်းဖန်၏ပုံစံက ဖျော့တော့စပြုလာ၏။
“ မင်းက မသေခင် နာကျင်ချင်တယ်ဆိုတော့လည်း ငါက စီစဉ်ပေးရမှာပေါ့ ”
လင်းဖန်က ရေခဲတမျှ အေးစက်စက်လေသံဖြင့် ပြောကြားလိုက်သည်။ လင်းဖန်၏ခန္ဓာကိုယ်ပတ်လည်တွင် သန့်စင်သောနေချီများ တောက်လောင်လာပြီး လင်းဖန်၏ပတ်လည်ရှိ လေထဲမှ မီးတောက်များ ထွက်ပေါ်လာရာ အံ့မခန်းလှပနေ၏။
ကြံ့ကြီးသည် နဂါးဆီသို့ နောက်တစ်ကြိမ်ခုန်လိုက်စဉ် လင်းဖန်က အော်ပြောလိုက်၏။
“ ကွဲထွက်သွားစမ်း ”
ချက်ချင်းပင် ခရမ်းရောင်နဂါးက အဆုံးအစမဲ့ရေကန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ကြံ့ကြီး၏ခန္ဓာကိုယ်က ၎င်းရေကန်ထဲသို့ လုံးဝနစ်မြုပ်သွားသည့်အတွက် ရေစီးသံများက တခဏမျှသာ ထွက်ပေါ်လာခဲ့၏။
“ အမ် ”
လူအုပ်ကြီးမှာ အံ့သြမှင်တက်သွား၏။ လင်းဖန်ဘာလုပ်နေတာလဲ။ ရေကန်တစ်ကန်က ကြံ့တစ်ကောင်ကို ရပ်တန့်နိုင်မည်ဟု သူထင်နေသလား။
ထိုစဉ် လင်းဖန်သည် သန့်စင်သောနေချီများ ဝန်းရံလျက် ရှေ့သို့ ပြေးသွားပြီး ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။ ထို့နောက် လူအများ၏မြင်ကွင်းမှ သူပျောက်ကွယ်သွား၏။
ချီများသည်လည်း ပျောက်ကွယ်သွားသည်။ ခရမ်းရောင်ရေကန်သည် ကြီးမားလှပြီး အတွင်းထဲမှာ ဖြစ်ပျက်နေသမျှကို မမြင်အောင် ဖုံးကွယ်နိုင်စွမ်းရှိ၏။ လူအုပ်ကြီးမှာ စွမ်းအင်များကို မခံစားနိုင်သည့်အတွက် အတွင်းထဲမှာ မည်ကဲ့သို့ဖြစ်နေမလဲဆိုတာ မသိတော့ပေ။
နေရာတစ်ခုလုံးကို တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေ၏။ သို့သော် ခရမ်းရောင်ရေကန်မှာ သေးငယ်သော ရေလှိုင်းခတ်သံလေးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ လင်းဖန်သည် ခရမ်းရောင်ရေကန်ထဲသို့ ခုန်ဝင်သွားခဲ့သည်။ သို့သော် ခရမ်းရောင်ရေကန်က ကြံ့ကို တိုက်ခိုက်နိုင်မည်လား။
“ ဟားဟား…သေစမ်းကွာ ”
တန်ဝူယောက်က အေးစက်စက်ပြုံး၍ ပြောလိုက်၏။ လင်းဖန်က ကြံ့ကို သတ်နိုင်လိမ့်မည်ဟု အံ့သြစရာကောင်းအောင် ပြောဆိုခဲ့သည်။ သို့သော် ကြံ့၏လက်ရှိအစွမ်းနှင့်ဆိုလျှင် လင်းဖန်မှာ မားမားမတ်မတ်ရပ်ရန်ပင် အခွင့်အရေးတစ်ခုမျှ ရလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ခရမ်းရောင်ရေကန်ထဲသို့ သူခုန်ဝင်သွားခဲ့ရာ သူ၏မိုက်မဲမှုအတွက် သူ့ကိုယ်သူသာ အပြစ်တင်ရလိမ့်မည်။
ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့ဝင်အားလုံးသည် အေးဆေးဖြစ်နေပြီး ယုံကြည်မှုပြည့်ဝနေကြ၏။ သူတို့အားလုံးသည် လင်းဖန်၏ကံကြမ္မာက အမှောင်ဖုံးလွှမ်းသွားပြီဟု သေချာနေသည့်အလား အေးစက်စွာ ပြုံးနေသည်။
“ ဂါး…..”
တောရိုင်းကောင်တစ်ကောင်မြည်သံထွက်ပေါ်လာသည်။ ခရမ်းရောင်ရေကန်မှာ လှိုင်းလုံးများ ထလာ၏။ အော်မြည်သံက နာကျင်စွာ အော်သံဖြစ်နေသည်။
“ အမ် ”
ဝမ်ရှောက်ကျောင်းတော်မှလူများသည် ထိုအော်မြည်သံကို ကြားရသောအခါ ယုံကြည်ချက်မရှိကြတော့ပေ။
ခရမ်းရောင်ရေကန်မှ များပြားသော အဖျက်အဆီးချီများ ထွက်ပေါ်လာ၏။ ထိုအဖျက်အဆီးချီများသည် ပူပြင်းကာ ရက်စက်ကြမ်းကြုတ်နေရာ လူအုပ်ကြီးကို စိတ်ဝင်စားသွားစေသည်။ သူတို့အားလုံးသည် မည်သည့်အရာက ဤကဲ့သို့ အဖျက်အဆီးစွမ်းအင်ကို ထုတ်လွှတ်လိုက်လဲဆိုတာ သိချင်နေကြ၏။
“ ဂါး … ဂါး ”
တောရိုင်းကောင်မြည်သံများကို ထပ်မံကြားလာရသည်။ ထိုအသံက နာကျင်စွာ ကြောက်လန့်တကြားအော်နေသည့်အသံနှင့် ဆင်နေ၏။
“ ဘာဖြစ်နေတာလဲ ”
ဝမ်ရှောက်ကျောင်းတော်၏အဖွဲ့ဝင်များအားလုံး တုန်ခါသွားသည်။ ယခုအချိန်မှာ သူတို့၏ယုံကြည်မှုများအားလုံး လုံးဝပြိုကွဲသွားရပြီး စိုးရိမ်စိတ်များက ထိုနေရာတွင် အစားထိုးဝင်ရောက်လာ၏။
တောရိုင်းကောင်အော်မြည်သံက တဖြည်းဖြည်းရပ်တန့်သွားသည်။ အဆုံးအစမဲ့သော ခရမ်းရောင်ရေကန်က ပြန်လည်၍ ငြိမ်သက်သွားသည်။ လူအားလုံးသည်လည်း ခရမ်းရောင်ရေကန်ကို စူးစိုက်ကြည့်နေကြ၏။
ခရမ်းရောင်ရေကန်ထဲမှာ ဘာဖြစ်နေတာလဲ။
နောက်ဆုံးတွင် ခရမ်းရောင်ရေကန်သည် လွင့်ပျယ်စပြုလာပြီး လုံးဝပျောက်ကွယ်သွားသည်။
လူအုပ်ကြီးသည် တဖြည်းဖြည်းပျောက်ကွယ်လာသော ခရမ်းရောင်ရောင်ရေကန်ကို ကြည့်ရင်း မကြာမီမှာ ယောက်ျားပီသကာ ချောမောခန့်ညားသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူငယ်ကား လင်းဖန်ဖြစ်ပေသည်။
လင်းဖန်၏ပုံစံက အေးစက်ပြီး မထူးခြားသည့်အသွင်ရှိကာ လေထဲမှာ တည်ငြိမ်စွာ ရပ်နေ၏။ ခရမ်းရောင်ရေကန်သည် ပြန်လည်ဆုတ်ခွာလာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာပျောက်ကွယ်သွားသည်။
လူအုပ်ကြီးမှာ လင်းဖန်ကိုမြင်သောအခါ တအံ့တသြဖြစ်သွားပြီး သူ့ကို စူးစိုက်ကြည့်နေကြ၏။
မျက်လုံးတစ်ဖက်နှင့် ကြံ့က ဘာဖြစ်သွားတာလဲ။
ကြံ့ကြီးက ပျောက်ကွယ်သွားတာလား။
ဘာဖြစ်သွားခဲ့တာလဲ။
လူအားလုံးက လင်းဖန်ကို စိုက်ကြည့်ကာ အံ့သြမှင်တက်နေသည်။ အံ့သြစရာကောင်းအောင် ဒူရန်ကား ရက်စက်စွာ သတ်ဖြတ်ခြင်းခံလိုက်ရလေပြီ။ သူ၏ခန္ဓာကိုယ်အစအနပင် မကျန်ခဲ့ချေ။
“ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ ”
လူအများစုမှာ လေးစားသောမျက်လုံးများဖြင့် ယောက်ျားပီသကာ ချောမောခန့်ညားသော လူငယ်ကို ကြည့်လိုက်ကြ၏။ လင်းဖန်သည် ဤမျှအစွမ်းထက်သော တောရိုင်းကောင်ကြီးကို အစအနမကျန်အောင် ဖျက်ဆီးပစ်ခဲ့ပေသည်။
ထိုစဉ် ဝမ်ရှောက်ကျောင်းတော်၏ အဖွဲ့သားအားလုံးသည် သူတို့၏မျက်လုံးကို မယုံကြည်နိုင်အောင် ဖြစ်နေ၏။
ဘာဖြစ်သွားခဲ့တာလဲ။
သို့ရာတွင် အမှန်တရားက ခါးသီးလွန်းလှသည်။ ဒူရန်သည် ရေကန်ထဲမှာ လင်းဖန်၏အကြင်နာတရားကင်းမဲ့စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ လင်းဖန်သည် ဒူရန်အား သူ့အပြုအမူတွေအတွက် အသက်နှင့်ပေးဆပ်ရမည်ဟု ပြောခဲ့သည့်အတိုင်း ဒူရန်ကို မသတ်ခင် နာကျင်မှုကိုခံစားသွားရအောင် လုပ်ခဲ့ပေသည်။
