သခင်ချီ
လျှို့ဝှက်ခန်းတစ်ခန်းထဲတွင် လင်းဖန်သည် တင်ပျဉ်ခွေလျက် မျက်လုံးများကိုမှိတ်ကာ တရားထိုင်နေ၏။ သူ၏စိတ်က ကမ္ဘာမြေနှင့် ပေါင်းစည်းထားသည်။
သက်စောင့်ဝိညာဉ်စွမ်းအင် ပါဝင်နေသော သန့်စင်သောချီများက လေထဲတွင် လွင့်မျောနေ၏။ ပိုလျှံသက်စောင့်ဝိညာဉ်ပညာရပ်ကို လင်းဖန်လေ့ကျင့်နေခြင်း ဖြစ်သည်။
တိုက်ပွဲပြီးဆုံးခဲ့သည့်အချိန်မှ ရေတွက်လျှင် နှစ်ရက်ကြာပြီဖြစ်၏။ ထိုနှစ်ရက်အတွင်း လင်းဖန်သည် လျှို့ဝှက်အခန်းထဲမှာ စိတ်စွမ်းအားကျင့်သည်မှလွဲ၍ တခြားဘာမှမလုပ်ပေ။
သူ၏သန့်စင်သောချီကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီဖြစ်သလို သူ၏သက်စောင့်ဝိညာဉ်အစွမ်းသည်လည်း ပြန်လည်အားပြည့်လာပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ပိုလျှံသက်စောင့်ဝိညာဉ်အစွမ်းသည်လည်း လျင်မြန်စွာ တိုးတက်လာ၏။ ယခင်ကထက် ပိုမိုများပြားသော ပိုလျှံသက်စောင့်ဝိညာဉ်များ ထုတ်ဖော်လာနိုင်ပြီဖြစ်သလို ပိုမိုအစွမ်းထက်သော ခရမ်းရောင်စိတ်ဝိညာဉ်ကိုလည်း ဖော်ထုတ်လာနိုင်ပြီဖြစ်သည်။ တိုက်ပွဲမှာတုန်းကထက်စာလျှင် သူသည် များစွာသန်မာလာ၏။
လင်းဖန် အလွန်တရာအစွမ်းထက်သူတစ်ယောက် ဖြစ်ချင်လာသည်။ သို့ဖြစ်ရာ သူ၏ဒဏ်ရာများ အကင်းမသေသေးချိန်မှာပင် ပိုလျှံသက်စောင့်ဝိညာဉ်များစွာ ထုတ်ဖော်နိုင်ရန် လေ့ကျင့်ခဲ့၏။
အစွမ်းထက်သူတစ်ယောက် ဖြစ်လာစေရန် အလို့ငှာ အလွန်တရာ ခက်ခဲမည်ဆိုလျှင်ပင် လင်းဖန်သည် နာကျင်မှုများကို အံကြိတ်ကာ ရင်ဆိုင်မည်ဖြစ်သည်။
တခြားသူများမှာ သူ့ကို ခြိမ်းခြောက်လာခြင်းအား သူအလိုမရှိတော့ပေ။ သူ့ကို လူတစ်ယောက်က သတ်ချင်နေသည့်အချိန်တိုင်း မိန်ချင်းနှင့် တခြားသူများအပေါ်မှာ မှီခိုရတာကို ရှက်ရွံ့လာမိသည်။ မိန်ချင်းက သူ့အား တစ်ကြိမ်ကယ်တင်ပေးတာက ကိစ္စမရှိသော်လည်း အမြဲတမ်း ကယ်ပေးနေရလျှင် မကောင်းတော့ပေ။
အချိန်များ တရွေ့ရွေ့သွားနေပြီး တတိယမြောက်နေ့သည်လည်း ကုန်ဆုံးသွားပြန်၏။ လျှို့ဝှက်အခန်းထဲရှိ အလယ်အလတ်အဆင့် သန့်စင်ခြင်းကျောက်တုံးများစွာ ကုန်ဆုံးသွားပြီဖြစ်သည်။ သို့ရာတွင် လင်းဖန်၏သန့်စင်သောချီများကို စုပ်ယူနိုင်စွမ်းက ပိုမိုသန်မာလာသည်။
အဖြူရောင်အလင်းတန်းတစ်ခုက တလက်လက်တောက်ပလာပြီး လေတိုးသံများလည်း ထွက်ပေါ်လာ၏။ ၎င်းက လင်းဖန်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး လင်းဖန်မှာ နေထိုင်၍ ကောင်းသည့်ပမာ ခံစားလာရသည်။
