ပုံရိပ်တစ်ထောင်ကျင့်စဉ်
“ ကျုပ်ရခဲ့တဲ့ ဆေးအမြုတေအိုးက အံ့သြစရာကောင်းလောက်အောင် ဒဏ္ဍာရီလာ ဆေးအမြုတေအိုးဆယ်လုံးထဲက တစ်လုံးဖြစ်နေတယ်။ အဲ့ဒီဆေးအမြုတေအိုးရဲ့နာမည်က အမှန်တကယ်တော့ ကောင်းကင်နဂါးကိုးကောင် ဆေးအမြုတေအိုးပဲ ”
လင်းဖန်၏အသံက ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်၍ သွားသည်။လူများ၏နှလုံးခုန်သံများမှာ အရှိန်ပြင်းစွာ တုန်ခါသွား၏။ ဒဏ္ဍာရီလာဆေးအမြုတေအိုးများသည် အလွန်တရာ အဖိုးတန်သည်။ “ ကောင်းကင်နဂါးကိုးကောင် ဆေးအမြုတေအိုး ” ဟူသော နာမည်အမှန်ကို သူတို့မသိသော်လည်း နာမည်ကိုကြည့်ချင်းအားဖြင့် တန်ဖိုးကို ခန့်မှန်းနိုင်၏။ ရှေးကတည်းက အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ပုံပေါ်သည်။
“ အိပ်မက်စံအိမ်က စည်းမျဉ်းတွေကို ဂရုမစိုက်တာပဲ။ ရတနာကို လာခိုးနေကြတယ် ”
လူအုပ်ကြီးမှာ လင်းဖန်၏စကားလုံးများကို သံသယမရှိပေ။ လင်းဖန်သည် အိပ်မက်စံအိမ်မှ ဒဏ္ဍာရီလာဆေးအမြုတေအိုးကို ရရှိခဲ့ကြောင်း သူတို့မြင်တွေ့ခဲ့ကြသည်။ သို့ရာတွင် အံ့အားသင့်စရာကောင်းအောင် အိပ်မက်စံအိမ်က ပြန်လည်ရယူချင်နေရာ ထိုရှေးဟောင်းဆေးအမြုတေအိုးက အလွန်တရာ အဖိုးထိုက်တန်သောကြောင့်သာ ဖြစ်မည်။ ထိုသို့မဟုတ်လျှင် အိပ်မက်စံအိမ်က ဂရုစိုက်လိမ့်မည် မဟုတ်ချေ။လူအုပ်ကြီးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်သွား၏။ ထိုကဲ့သို့ ရတနာတစ်ခုကို သူတို့လိုချင်မိသည်။
သခင်ဟောင်က လင်းဖန်ကို တစ်ချက်ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် မီးများတောက်လောင်နေသည်။ သူက ဆေးပညာရှင်တစ်ယောက်ဖြစ်ပြီး ဆေးဝါးများကို ဖော်စပ်သူဖြစ်ရာ ဒဏ္ဍာရီလာဆေးအမြုတေအိုးဟူသော အမည်က သူ၏စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ထိုဆေးအမြုတေအိုးနှင့်သာ ဆေးဝါးများ ဖော်စပ်ခွင့်ရပါက အဖိုးမဖြတ်နိုင်သော ဆေးဝါးများ ဖြစ်လာနိုင်သည်။
သာမန်ဆေးအမြုတေအိုးကို အသုံးပြုသောအခါ ရွှမ်အဆင့်နိမ့်ဆေးဝါးများကိုသာ ဖော်စပ်နိုင်သည်။ ကောင်းကင်နဂါးကိုးကောင် ဆေးအမြုတေအိုးကို အသုံးပြုသောအခါ ရွှမ်အလယ်အလတ်အဆင့်နှင့်အထက် ဆေးဝါးများကို ဖော်စပ်နိုင်၏။ ဆေးအမြုတေအိုးခြင်း ကွာခြားခြင်းမျှသာ ဖြစ်သော်လည်း ရလဒ်ကား နေ့နှင့်ညပမာ ကွာခြားချက်ကြီးမားလွန်းသည်။
