အနက်ရောင်အစောင့်အရှောက်များ
မနက်ခင်းအိမ်မှုန်စုံမွှားအချိန်တွင် အဖြူ ရောင်မြူ ခိုးများက လေထုထဲမှာရစ်သိုင်းနေပြီး စစ်ခရာမှုတ်သံက လေထုထဲမှာပျံ့လွင့်လာ၏။
ရွက်ဖျင်တဲတစ်ခုတွင် အနီရောင်တောက်ပနေသည့်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လင်းဖန်ရှိနေသည်။
သူက ခေါင်းကိုမော့ကာ အဝေးသို့ကြည့်လိုက်ပြီး သူ့ကိုယ်သူပြောလိုက်၏။
“ နောက်ဆုံးမှာ သူတို့ရောက်လာခဲ့ပြီ ”
ညသန်းခေါင်ယံအချိန်က မိုယွဲ့တပ်သားများသည် ငါးဆယ်ကီလိုမီတာအကွာအဝေးသို့ ရောက်နေပြီဖြစ်ပြီး တိုက်ခိုက်ခြင်းမပြုလာသေးဘဲစခန်းချထားရုံမျှသာရှိသေးကြောင်း သတင်းရရှိလာ၏။
ရွှီယွဲ့တပ်သားများအနေဖြင့် လုံခြုံရေးကိုလျစ်လျူ ရှု၍မရချေ။ ပတ်လည်တွင်အစောင့်တပ်သားများချထားပြီး မိုယွဲ့တပ်သားများ၏လှုပ်ရှားမှု့တွေကို စောင့်ကြည့်နေသည်။ စစ်ခရာသံထွက်ပေါ်လာပြီးနောက် စစ်ဗုံသံများထွက်ပေါ်လာ၏။ ဤအခြင်းအရာကတိုက်ပွဲစတော့မည့် အတိတ်နိမိတ်ပင်လော။
အသံကတရစပ်ထွက်ပေါ်နေသော်လည်း တပ်အတွင်းမှာ ပရမ်းပတာဖြစ်သွားခြင်းမရှိချေ။ ထိုအစား အလွန်စုစည်းကျစ်လစ်လာသည်။ တိုက်ပွဲကိုအချိန်မရွေးတိုက်ခိုက်နိုင်သည့်အသွင်ဖြစ်လာ၏။
လင်းဖန်၏ရွက်ဖျင်တဲအတွင်းမှာ အနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူအချို့ပေါ်လာသည်။ သူတို့၏မျက်နှာများကို သံခမောက်ဖြင့်ဖုံးကွယ်ထားသော်လည်း သူတို့၏မျက်လုံးအကြည့်များက စူးရှနေ၏။
“ ငါ့နောက်လိုက်ခဲ့ ”
လင်းဖန်ကမထူးခြားသည့်အသံဖြင့်ပြောလိုက်သည်။ ချက်ချင်းပင် ရွက်ဖျင်တဲမှထွက်ခွာကာ သူ၏နဂါးမြင်းပေါ်သို့တက်လိုက်သည်။ အခြားသူများကလည်း သွေးနီမြင်းများပေါ်သို့တက်လိုက်ပြီး သူ့နောက်မှလိုက်ပါသွားကြလေ၏။
အခြားသောသွေးနီမြင်းတပ်သားများက လင်းဖန်နှင့်သူ့နောက်မှပါလာသူများကိုကြည့်လိုက်သည်။ လူလေးဆယ်ခန့်ရှိ၏။ သူတို့၏ချပ်ဝတ်တန်ဆာက အခြားတပ်သားများထက် ပို၍နီစွေးနေပြီး မျက်လုံးကျိန်းမတတ်ဖြစ်သွားစေသည်။ မနက်ခင်းနေရောင်ခြည်အောက်တွင် သွေးများအိုင်ထွန်းသည့်အသွင်နှင့်တူနေ၏။ လူလေးဆယ်ဆိုသည်မှာ တပ်ဖွဲ့အတွင်းမှာ အဖွဲ့အစည်းတစ်ခုလုပ်နိုင်သောပမာဏမရှိချေ။
