သန့်စင်သောချီဖြင့် ပြုလုပ်ထားသောဓား
“ မီးတောက်အမြုတေကို မင်းကလိုချင်နေတာလား ”
လင်းဖန်က အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်ပြီး အေးစက်စက်လေသံဖြင့် ဆက်လက်ပြောလိုက်၏။
“ ပင်းယွမ်ကို သတ်ပြီးတော့မှ မီးတောက်အမြုတေကို ငါရခဲ့တယ်။ တကယ်လို့ မင်းလိုချင်တယ်ဆိုရင် တစ်ခုခုလုပ်ပြရလိမ့်မယ်။ တကယ်လို့ မင်းသာထူးထူးခြားခြားအစွမ်းပြနိုင်ရင် မင်းကို မီးတောက်အမြုတေပေးမယ် ”
“ ငါနဲ့ အလဲအလှယ်လုပ်နေတာလား ”
တုဂျုန်က ရက်စက်လိုသောအပြုံးဖြင့် ပြောလိုက်သည်။
“ အင်ပါယာမြို့မှာ လူအားလုံးနီးပါး ငါ့ကို မဆန့်ကျင်ရဲဘူး။ လင်းချီစုဆောင်းမှုအဆင့်မှာရှိနေတဲ့ လူအားလုံး ငါ့ကို ကြောက်ရွံ့ကြတယ်။ မင်းကို အကြံတစ်ခုပေးမယ်။ မီးတောက်အမြုတေကို ပေးမှာလား။ အသက်အဆုံးရှုံးခံမှာလား ”
ထိုစကားကို ကြားသောအခါ လူများမှာ သူတို့၏ခေါင်းတွေကို ခါယမ်းလိုက်ကြသည်။ တုဂျုန်သည် ခက်ထန်မောက်မာဝင့်ကြွားသူဖြစ်သော်လည်း လင်းချီစုဆောင်းမှုအဆင့်၏အထွတ်အထိတ်သို့ ရောက်နေသူဖြစ်သည်။ သူ၏အံ့မခန်းအစွမ်းကြောင့် ကောင်းကင်အဏ္ဏဝါမြို့ရှိ လူအားလုံး သူ့ကို ရန်စခြင်းမပြုဝံ့ချေ။
လင်းဖန်က အံ့အားသင့်စရာကောင်းအောင် တုဂျုန်ကို ရန်စနေ၏။ အကယ်၍ သူသာ မီးတောက်အမြုတေကို မပေးလျှင် သူ၏အသက်ဆုံးရှုံးသွားရလိမ့်မည်။
“ မင်းသေချင်သလား။ ဒါမှမဟုတ် မီးတောက်အမြုတေကို ပေးမှာလား ”
တုဂျုန်က လင်းဖန်ကို ရွေးချယ်ခွင့်ပေးနေ၏။
လင်းဖန်က နေရာမှာပင် တည်ငြိမ်စွာ ရပ်နေ၏။ သူက တုဂျုန်ကို အေးစက်စက်ကြည့်လိုက်ပြီး
“ ငါ့ကို သတ်မယ်လို့ ပြောတဲ့လူတွေအားလုံး ငါ့လက်ချက်နဲ့ပဲ သေသွားရတယ်။ ဥပမာ ပင်းယွမ်ကွာ။ အခုမင်းအနေနဲ့ ငါ့မြင်ကွင်းကနေ ထွက်သွားမှာလား။ ဒါမှမဟုတ် ဒီနေရာမှာ သေမှာလား ” ဟု ပြောလိုက်လေသည်။
“ ထွက်သွားမှာလား သို့မဟုတ် သေမှာလား ”
လူအားလုံးအံ့သြမှင်တက်နေ၏။ တုဂျုန်၏အမေးကို လင်းဖန်က ပြန်လည်ဖြေကြားခြင်းမပြုရုံမျှမက ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။ သူ့ပုံစံက အေးဆေးတည်ငြိမ်နေသည့်အသွင်ပင် ရှိနေလေ၏။
