ရည်မှန်းချက်ပန်းတိုင်များ
“ အင်ပါယာမြို့တော် ”
လင်းဖန်တီးတိုးရေရွတ်လိုက်သည်။ လင်းတျန်ကို သူမသိချေ။ ထို့ပြင် အင်ပါယာမြို့တော်မှာ သူရှိစဉ်က ထိုအမည်ကို သူမကြားဖူးခဲ့ပေ။
သို့ရာတွင် လင်းတျန်က ရန်ကျုံးမြို့သို့ လာရောက်ပြီး သူမည်မျှအစွမ်းထက်မြက်ကြောင်း ပြသခဲ့၏။ သွေးနီတပ်သားများကိုပင် သူသတ်ခဲ့ပြီး လင်းဖန်အတွက် သတင်းစကားချန်ထားခဲ့သည်။ အကယ်၍ လင်းဖန်သာ လက်စားချေလိုလျင် အင်ပါယာမြို့မှာ သူ့ကိုရှာဖွေနိုင်သည်ဟူ၍။
သူ့အတွက် အသက်ဆိုတာ တန်ဖိုးမရှိချေ။ သူ့မျက်လုံးထဲမှာ လူများနှင့် တောရိုင်းကောင်များက ရက်စက်စွာပြုမူခံရမည့် သိုးငယ်လေးများသာ ဖြစ်သည်။ သူ့လမ်းမှာရှိနေသမျှအရာအားလုံးကို သတ်ဖြတ်ရာတွင် တွေဝေနေလိမ့်မည် မဟုတ်ပေ။
“ ဒီကိစ္စအတွက် မင်းနောင်တရစေရမယ် ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။ အင်ပါယာမြို့သို့ အလွန်လျင်မြန်စွာ သူသွားရလိမ့်မည်။
ရွှီယွီမဟာပြိုင်ပွဲက နီးကပ်လာပြီဟု သွမ့်ဝူရပြောခဲ့သည်။ ဤရက်များအတွင်း ရွှီယွဲ့နိုင်ငံမှာ ပါရမီရှင်တချို့ပေါ်ထွက်လာ၏။ လင်းတျန်သည်လည်း အင်ပါယာမြို့မှာ ရှိနေလိမ့်မည်။ ထို့ပြင် လင်းတျန်ကဲ့သို့ လူအများစုက မဟာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်လိမ့်မည်။
“ ခေါင်းဆောင် ”
သွေးနီတပ်သားများက လင်းဖန်ကို အရိုအသေပေးလိုက်၏။ ခေါင်းဆောင်ဟုပြောလိုက်သော သူတို့၏လေသံတွင် ဒေါသထွက်နေသည့်လေသံများ ပါဝင်နေသည်။ ဒေါသကြောင့် သူတို့၏မျက်နှာများ နီရဲနေပြီး သတ်ဖြတ်ချင်သည့်အငွေ့အသက်များဖြင့် ပြည့်နေ၏။
“ သူတို့ကို ကောင်းကောင်းမြှုပ်နှံလိုက်ပါ။ မကြာခင် အင်ပါယာမြို့ကို ငါသွားမယ် ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ ထိုလူများသည် လက်သီးများကို ဆုပ်ကာ အံကြိတ်ထားကြပြီး သူတို့၏မျက်နှာများတွင် မုန်းတီးခြင်းများဖြင့်ပြည့်နေကာ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် သူတို့က အလောင်းများကို ယူကာ မြှုပ်နှံလိုက်၏။
