Zawgyi
ဝမ်ရှောက်မင်
လင်းဖန်သည် သန့်စင်သောကျောက်တုံးများကို သိမ်းဆည်းပြီးနောက် လှစ်ခနဲလှုပ်ရှားလိုက်ရာ အနက်ရောင်ဝတ်ရုံနှင့်လူ၏ ရှေ့သို့ ရောက်သွားသည်။
“ မင်းဘာလုပ်နေတာလဲ ”
ထိုလူက မျက်မှောင်ကြုတ်လျက် မေးလိုက်ရင်း ဆက်လက်ပြောဆိုလိုက်၏။
“ သန့်စင်တဲ့ကျောက်တုံးတွေကို မင်းယူနိုင်တယ်။ မင်းစုဆောင်းထားတဲ့ဟာ မင်းယူရမယ်။ ငါစုထားတဲ့ဟာကို ငါယူမယ်။ တစ်ယောက်နဲ့ တစ်ယောက် မလုရဘူးလေ ”
“ တခြားသူတွေက အဲ့လိုမျိုးဖြစ်နိုင်တယ်။ ဒါပေမယ့် မင်းကတော့…. ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်ရာ အနက်ရောင်ဝတ်ရုံနှင့်လူမှာ ပို၍ပင် မျက်မှောင်ကြုတ်သွား၏။
“ စောစောက ငါ့ကို ပစ္စည်းတွေထားပြီး ထွက်သွားဖို့ မင်းပြောခဲ့တယ်။ အခု ငါကလည်း မင်းကို ပြန်ပြောမယ်။ မင်းလက်စွပ်ကို ငါ့ပေးပြီး ထွက်သွား ”
လင်းဖန်က အေးစက်စွာဖြင့် ဆက်လက်ပြောဆိုလိုက်သည်။ စောစောက အနက်ရောင်ဝတ်ရုံနှင့်လူသည် ဦးလေးလီကို ထောက်ခံပြီး လင်းဖန်ထံမှ ပစ္စည်းများကို လုယူရန် ကြိုးစားခဲ့သည်။ ယခုအချိန်မှာ ဦးလေးလီက ကျန်နေသေးသော်လည်း အနက်ရောင်ဝတ်ရုံနှင့်လူက နေရာမှာ ရှိနေသေး၏။ လင်းဖန်က သူ့ထံမှ လုယူရန် ကြိုစားသူကို မည်ကဲ့သို့ ခွင့်လွှတ်မည်နည်း။
“ မင်းဘာလို့ စောစောက ငါ့ကိုမတိုက်ခိုက်တာလဲ။ ဘာလို့အခုထိ စောင့်နေတာလဲ ”
အနက်ရောင်ဝတ်ရုံနှင့်လူက စိတ်ပျက်စွာပြောဆိုလိုက်၏။ လင်းဖန်က ဦးလေးလီကို သတ်တာ သူမြင်သောအခါ အံ့သြတုန်လှုပ်သွားသည်။ လင်းဖန်က သူ့ကိုလည်း သတ်ဖြတ်လာမှာ စိုးရိမ်ခဲ့၏။ သို့သော် လင်းဖန်က ယခုအချိန်တိုင်အောင် သူ့ကို မသိကျိုးကျွံပြုနေခဲ့သည်။
“ မင်းကို ငါ့အတွက် သန့်စင်တဲ့ကျောက်တုံးတွေ ကောက်ခိုင်းသင့်တယ်လို့ ငါတွေးထားလို့။ အဲ့ဒါက ပိုမကောင်းဘူးလား ”
လင်းဖန်က ရှေ့သို့ တိုးကာ ပြောလိုက်၏။ အနက်ရောင်ဝတ်ရုံနှင့် လူမှာ ချက်ချင်းပင် တုန်ခါစပြုလာပြီး မြေကြီးထဲသို့ ပြေးဝင်သွားသည်။
လင်းဖန်က အေးစက်စက်ပြုံးလိုက်၏။ သူ့ဓားမှ အရောင်များ လင်းလက်လာကာ မြေပြင်ကို ထိုးခွဲသွားသည်။ ထို့နောက် လင်းဖန်က အတွင်းထဲသို့ ခုန်ချလိုက်သည်။
မြေကြီးထဲသို့ လင်းဖန်ခုန်ဝင်လိုက်စဉ် ပြင်းထန်သော လက်သီးချက်က သူ့ဆီသို့ ရုတ်တရက် ဝင်ရောက်လာ၏။ ၎င်းလက်သီးချက်တွင် သန့်စင်သောချီများပါဝင်နေသည်။
လင်းဖန်က သူ့ခန္ဓာကိုယ်ကို ဘေးသို့ စောင်းလိုက်ပြီး ရှောင်တိမ်းလိုက်သည်။ တဂျုံးဂျုံးမြည်သံများ ထွက်ပေါ်လာပြီး လက်သီးချက်သည် မြေသားကို ထိုးမိကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
“ သူ့ကို မင်းသတ်နိုင်ခဲ့ပေမယ့် မင်းစိတ်ကြိုက်လုပ်လို့ရမယ် ထင်မနေနဲ့ ”
အနက်ရောင်ဝတ်ရုံနှင့်လူက လင်းဖန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“ အဲ့ဒီလိုလား ”
လင်းဖန်က ထိုလူကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူက ဓားစွမ်းအင်များကို ထုတ်ဖော်ကာ ရှေ့သို အနည်းငယ် လျှောက်သွားလိုက်ရင်း ပြောလိုက်၏။
“ မင်းက မင်းအသက်ကို မလိုချင်မှတော့ ငါယူရတော့မှာပေါ့ ”
စကားဆုံးသောအခါ အဖျက်အဆီးစွမ်းအင်များက လေထဲတွင် လွင့်မျောလာသည်။
လင်းဖန်က ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ဓားကို ထုတ်ဖော်လိုက်သည်။ သူ၏ဓားက လေထုကို ဖြတ်၍ အသံများမြည်ဟည်းကာ အနက်ရောင်ဝတ်ရုံနှင့်လူထံသို့ ပြေးဝင်သွား၏။
အနက်ရောင်ဝတ်ရုံနှင့်လူက ရှောင်တိမ်းရန် ကြိုးစားခြင်းမပြုဘဲ သူ့လက်နှစ်ဖက်ကို တစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်လိုက်သည်။ သူ့လက်များမှ ကြောက်စရာကောင်းသော အနက်ရောင်လေပွေတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှ လေတိုးသံများ ထွက်ပေါ်နေပြီး အစွမ်းထက်သည့်ပုံပေါ်နေသည်။
သန့်စင်သောချီများဖြင့် ပြုလုပ်ထားသော ဓားသည် အနက်ရောင်လေပွေကို ထိုးဖြတ်နေပြီး ရုတ်တရက် ရပ်တန့်သွား၏။ ဓားက အနက်ရောင်လေပွေထဲမှာ ပိတ်မိနေကာ ရှေ့သို့ ရွေ့လျားနိုင်စွမ်းမရှိတော့ပေ။
“ မင်းက မောက်မာလွန်းတယ်။ ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ပြီဆိုပေမယ့် အရာအားလုံးလုပ်နိုင်တယ်လို့ မဆိလိုဘူး။ ဒီနေရာမှာ သေခဲ့ရမယ့်သူက မင်းပဲ ”
အနက်ရောင်ဝတ်ရုံနှင့်လူက လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ အလွန်နီးကပ်နေပြီး အနက်ရောင်ဝတ်ရုံနှင့်လူ၏ နောက်တွင် သားရဲဆန်သော အကောင်လေးများ ထွက်ပေါ်လာကာ လင်းဖန်ဆီသို့ ချုပ်နှောင်ရန် ပြေးဝင်သွားသည်။
“ မင်းတစ်ယောက်တည်း စိတ်ဝိညာဉ်ရှိတာ မဟုတ်ဘူး ”
လင်းဖန်က အေးစက်စွာ ပြောလိုက်၏။ သူ့နောက်တွင် ခရမ်းရောင်အကောင်လေးများ ထွက်ပေါ်လာသည်။ ၎င်းအကောင်လေးများမှာ များပြားလှပြီး အနက်ရောင်အကောင်လေးများထက်ပင် အနည်းဆုံးဆယ်ဆမက များပြားနေ၏။
မျက်တောင်တစ်ချက်ခတ်အတွင်းမှာ ခရမ်းရောင်အကောင်လေးများသည် အနက်ရောင်အကောင်လေးများကို ဖြိုခွဲလိုက်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူကို ချုပ်နှောင်ရန် ပြေးသွားသည်။ အနက်ရောင်ဝတ်ရုံနှု့်လူမှာ ရုတ်တရက် ပြောင်းလဲသွားသော အနေအထားကြောင့် မျက်နှာဆိုးရွားစွာ ပျက်သွားသည်။ သူ့လက်ထဲရှိ လေပွေသည် ကျိုးပျက်သွားခဲ့သည့်အတွက် အံ့မခန်းအစွမ်းများကို ထုတ်ဖော်ကာ နောက်သို့ ဒရောသောပါး ဆုတ်ခွာလိုက်သည်။
“ အန္တရာယ်များလိုက်တာ ”
သူ့ရှေ့သို့ ခရမ်းရောင်အကောင်လေးများ တိုးဝင်မလာသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ရုံနှင့်လူက တွေးလိုက်မိ၏။
သို့သော် ထိုအခိုက် သူအံ့သြမှင်တက်သွား၏။ သူ့ဆီသို့ တိုးဝင်လာသော တောက်ပသည့် အလင်းရောင်တစ်ခုကြောင့် သူမျက်မှောင်ကြုတ်သွားသည်။
“ အခြေအနေမကောင်းတော့ဘူး ”
ပြင်းထန်သောချီတစ်ခုက သူ့ခန္ဓာကိုယ်သို့ ရောက်ရှိလာသောအခါ သူ၏မျက်နှာနောက်တစ်ကြိမ် ပြောင်းလဲသွား၏။ သူနောက်သို့ ဆုတ်လိုက်ချင်သော်လည်း နောက်ကျလွန်းနေသည်။ အနက်ရောင်ကြက်ခြေခတ်တစ်ခု ထွက်ပေါ်လာပြီး သူ၏ဝမ်းဗိုက်ကို ရိုက်ခတ်သွားသည်။ သူက ခေါင်းကို ငုံ့၍ ကြည့်လိုက်ရာ သူ့ဝမ်းဗိုက်ပေါ်ရှိ ကြက်ခြေခတ်အမှတ်အသားမှ သွေးများ စီးကျလာသည်ကို တွေ့မြင်လိုက်ရ၏။ ထိုစဉ် ရုတ်တရက် သူ့ရှေ့မှာ လင်းဖန် ထွက်ပေါ်လာခဲ့သည်။
သေမင်းအရိပ်…လင်းဖန်က အရိပ်တစ်ခုအသွင်သို့ ပြောင်းလဲလိုက်ပြီး တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
“ မင်းလက်စွပ်ကို ထားခဲ့ဖို့ မင်းကို ငါပြောခဲ့သားပဲ ”
လင်းဖန်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် အဖျက်အဆီးချီများကို ထုတ်ဖော်လိုက်ရာ အနက်ရောင်ဝတ်ရုံနှင့်လူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး သူ့လက်စွပ်က လေပေါ်သို့ လွင့်ပျံလာရာ လင်းဖန်က ဖမ်းယူထားလိုက်လေ၏။ အနက်ရောင်ဝတ်ရုံနှင့်လူသည် တအိအိဖြင့် ပြိုလဲကျသွားသည်။ ရွှမ်ချီအဆင့်ကျင့်ကြံသူနောက်တစ်ယောက်ကား အသတ်ခံလိုက်ရလေပြီ။
အရာအားလုံးက အလွန်တရာ တိုးတောင်းလှသော အချိန်လေးအတွင်းမှာ ဖြစ်ပွားခဲ့ခြင်းပင်။ ယခုအချိန်မှာ ရွှမ်ချီအဆင့်ကျင့်ကြံသူလေးယောက်က သန့်စင်သောကျောက်တုံးများကို ကောက်ယူနေရာမှ ရပ်တန့်လိုက်ပြီး လင်းဖန်နှင့် မြေပြင်ရှိ အလောင်းကို ကြည့်လိုက်သည်။
လင်းဖန်က ရွှမ်ချီအဆင့်ကျင့်ကြံသူနှစ်ယောက်လုံးကို ကြက်ကလေး၊ငှက်ကလေးများအား သတ်ဖြတ်နေသည့်ပမာ အေးအေးဆေးဆေး သတ်ဖြတ်နေသည်။ လူအားလုံးမှာ သူ့ကိုကြည့်ကာ လေးစားပြီး ကြောက်ရွံ့နေသည့်မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
“ မစိုးရိမ်ပါနဲ့။ ကျုပ်ရန်သူမဟုတ်တဲ့လူတွေကို ကျုပ်မသတ်ပါဘူး ”
လင်းဖန်သည် ကျင့်ကြံသူလေးယောက်က သူ့ကို အနည်းငယ်ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် ကြည့်နေတာကို မြင်သောအခါ ပြောလိုက်သည်။ ထို့နောက် သူသည် အဝေးသို့ လှမ်းကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးကို လောင်မြိုက်သွားစေမည်ကဲ့သို့ ကြောက်စရာကောင်းသော အသံများကို ကြားလိုက်ရလေသည်။
“ ကျုပ်တို့ထွက်သွားသင့်နေပြီ။ တခြားလူတွေ တိုက်ခိုက်ကြပါစေ ”
“ မင်းက ဒီလိုမျိုးထွက်သွားမှာလား ”
လူတစ်ယောက်က ထွက်မသွားချင်သေးသည့် လေသံဖြင့် ပြောလိုက်၏။ သူတို့တွင် သန့်စင်သော ကျောက်တုံးများကို ကောက်ယူရန် အချိန်ရှိနေသေးသည်။ စွန့်ခွာလိုက်ပြီး ထွက်ခွာသွားခြင်းက စိတ်ရှုပ်စရာ ကောင်းလှ၏။
“ မင်းတို့မသွားချင်ဘူးဆိုရင် ဒီနေရာမှာ မင်းတို့နေခဲ့လို့ရတယ် ”
လင်းဖန်က မထူးခြားသည့်လေသံဖြင့် ပြောကြားလိုက်သည်။ လင်းဖန်သည် သူတို့ကို သတိပေးနေခြင်းသာ ဖြစ်ပြီး သူ့စကားနားထောင်သည်ဖြစ်စေ သို့မဟုတ် နားမထောင်သည်ဖြစ်စေ သူနှင့်ဘာမှ မဆိုင်ချေ။
ထိုလူသည် အတော်လေးအံ့အားသင့်သွားပြီး အံကိုကြိတ်ကာ ခေါင်းညိတ်ပြလိုက်၏။
“ ကောင်းပြီ။ သွားကြမယ် ”
“ သွားမှာလား။ မင်းတို့ထဲက တစ်ယောက်မှ ထွက်မသွားရဘူး ”
အတန်ငယ်ဝေးသောနေရာမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ဤအသံက ခက်ထန်မောက်မာပြီး အမိန့်သံဆန်နေသည့်အတွက် လင်းဖန်နှင့်တခြားသူများမှာ အနည်းငယ် အံ့အားသင့်သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။
မီးတောက်တစ်ခုသည် သူတို့ဆီသို့ ရွေ့လျားလာနေသည်။ အံ့သြစရာကောင်းအောင် ၎င်းက မီးတောက်နှင့်ဆင်တူသော တောရိုင်းကောင်တစ်ကောင် ဖြစ်နေ၏။
ထိုတောရိုင်းကောင်သည် အလွန်တရာ ခန့်ညားထည်ဝါပြီး ကြီးမားသည်။ မီးကဲ့သို့ နီရဲနေပြီး အလွန်တရာ ချွန်ထက်သော ဆူးများဖြင့် ၎င်း၏ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။ အံ့သြစရာကောင်းသည်မှာ ထိုတောရိုင်းကောင်သည် မီးကဲ့သို့ နီရဲနေသော အတောင်ပံနှစ်ဖက်ကို လေထဲတွင် တဖျပ်ဖျပ်ခတ်ကာ ပျံသန်းလာခြင်း ဖြစ်၏။
“ မီးနတ်ဆိုးခြင်္သေ့လား ”
ထိုတောရိုင်းကောင်ကို မြင်သောအခါ လင်းဖန်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ထိုမီးနတ်ဆိုးခြင်္သေ့က အံ့သြစရာကောင်းအောင် အကျဉ်းသားသတ်ကွင်းမှာ သူရခဲ့ပြီး ချက်ချင်းရောင်းချခဲ့သော တောရိုင်းကောင်ဖြစ်နေ၏။
“ ငါတွေးထားသလို မီးနတ်ဆိုးခြင်္သေ့က အရမ်းအစွမ်းထက်လာတာပဲ။ ရွှမ်အဆင့်တောရိုင်းကောင်ဖြစ်လာတာ အံ့သြစရာကောင်းတယ် ”
လင်းဖန်တွေးလိုက်သည်။ မီးနတ်ဆိုးခြင်္သေ့ ရောက်နိုင်သော အမြင့်ဆုံးအဆင့်မှာ တျန်အဆင့်ဖြစ်၏။ အရင်တုန်းက လင်းဖန်သည် အလွန်အစွမ်းနိမ့်ကျနေခဲ့ပြီး လင်းချီစုဆောင်းမှုအဆင့်ငါးသာ ရှိနေခဲ့သည်။ သို့ဖြစ်သောကြောင့် မီးနတ်ဆိုးခြေင်္သ့ကို မထိန်းချုပ်နိုင်ချေ။ ထိုသို့မဟုတ်လျှင် သူရောင်းခဲ့လိမ့်မည်မဟုတ်ပေ။
အမှန်တကယ်တော့ သူ့လက်ထဲမှာဆိုလျှင် မီးနတ်ဆိုးခြင်္သေ့က ရွှမ်အဆင့်သို့ ဤမျှလျင်မြန်စွာ ရောက်လာလိမ့်မည် မဟုတ်ချေ။ ဝမ်ရှောက်မင်မှ လူများသည် တောရိုင်းကောင်များကို မွေးမြူရာ၌ အလွန်ကျွမ်းကျင်ပြီး တခဏအတွင်း အစွမ်းထက်အောင် ပြုလုပ်နိုင်ကြ၏။ ထိုဘက်တွင် သူတို့က လင်းဖန်ထက် များစွာအရည်အချင်းရှိသည်။
မီးနတ်ဆိုးခြင်္သေ့၏ သခင်သည် လေလံပွဲတွင် အနိုင်ရခဲ့သော ဝမ်ရှောက်မင်းကျောင်းသားတစ်ယောက်ဖြစ်သည့် ကွမ်ရှီဖြစ်သည်။ မောက်မာဝင့်ကြွားသော မိန်ချုံးက ကွမ်ရှီကို မည်မျှအထိ ကြောက်ရွံ့လဲဆိုတာ လင်းဖန်မှတ်မိနေသေး၏။ နှစ်နှစ်နီးပါး ကြာပြီးနောက် ကွမ်ရှီသည်လည်း ရွှမ်ချီအဆင့်သို့ ရောက်ရှိသွားသည်။
မီးနတ်ဆိုးခြင်္သေ့ကို စီးလာသော ကွမ်ရှီအပြင် တခြားသူများသည်လည်း တောရိုင်းကောင်များကို စီးလာပြီး တောအုပ်ထဲတွင် ပုန်းအောင်းကာ လင်းဖန်နှင့်တခြားသူများကို ဝိုင်းထားသည်။ သို့သော်လည်း ထိုတောရိုင်းကောင်များသည် မီးနတ်ဆိုးခြင်္သေနှင့်ယှဉ်လျှင် များစွာ အစွမ်းနိမ့်ကျနေသည်။
ကွမ်ရှီသည် လင်းဖန်ကို မှတ်မိလိုက်ပြီး ပြောလိုက်၏။
“ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ။ မီးနတ်ဆိုးခြင်္သေ့အတွက် မင်းကို ကျေးဇူးတင်တယ်။ ဒါပေမယ့် ဒီနေ့မှာ ဒီမြေကြောကို ငါတွေ့တဲ့အတွက် ဝမ်ရှောက်ကျောင်းတော်က ဒါကို ပိုင်ဆိုင်ရမယ်။ တကယ်လို့ မင်း လောင်ကျွမ်းမသွားချင်ဘူးဆိုရင် မင်းလက်စွပ်ထဲက ပစ္စည်းတွေအားလုံးထားပြီး ထွက်သွားရမယ် ”
“ ဝမ်ရှောက်ကျောင်း ”
လင်းဖန်နှင့် ရွှမ်ချီအဆင့်ကျင့်ကြံသူလေးယောက်သည် အံ့သြသွား၏။ သူတို့တွေးထင်ထားသည့်အတိုင်း နိုင်ငံ၏ အရှိန်အဝါအကြီးဆုံးအုပ်စုများထဲမှ တစ်ခုက ပေါ်ထွက်လာခဲ့လေပြီ။
“ မင်းရှာတွေ့တာလား။ ဒါကို အရင်ဆုံးရှာတွေ့တဲ့လူက ငါပဲ ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။
“ ငါဂရုမစိုက်ဘူး။ မင်းနဲ့ အပိုတွေပြောမနေချင်ဘူး။ မင်းလက်စွပ်ကို ငါ့ပေးမယ်ဆိုရင် မင်းကို ခွင့်လွှတ်လိုက်မယ်။ ဒီလိုမှမဟုတ်ရင် မင်းသေစေရမယ် ”
ကွမ်ရှီက အလွန်တရာ ခက်ထန်တင်းမာစွာဖြင့် ပြောလိုက်သည်။
“ ဟမ့်…ရဲတင်းလိုက်တာ။ မင်းကတစ်ယောက်ထဲ။ တောရိုင်းကောင်တစ်ကောင်ထဲနဲ့ ငါတို့ကို ဘယ်လိုလုပ် မင်းယှဉ်နိုင်မှာလဲ ”
ရွှမ်ချီအဆင့်ကျင့်ကြံသူတစ်ယောက်က ရေခဲတမျှ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
“ ငါတစ်ယောက်တည်းပေါ့။ ရယ်စရာကောင်းလိုက်တာ ”
ကွမ်ရှီက အေးစက်စက်ပြုံးလိုက်ရင်း ပြောလိုက်၏။ သူ့စကားမဆုံးခင်မှာပင် မီးနတ်ဆိုးခြင်္သေ့က အော်မြည်လိုက်ရာ ဓားတောင်နှင့်မနီးမဝေးတောနက်ထဲမှာ ပုန်းအောင်းနေသော လူများသည် တောရိုင်းကောင်များကို စီးကာ ထွက်ပေါ်လာသည်။
“ မြေကြောက ငါတို့အတွက်ပဲ ”
သူတို့ထဲမှ တစ်ယောက်က ရေခဲတမျှ အေးစက်စက်လေသံဖြင့် ပြောကြားလိုက်၏။ သူတို့အားလုံးသည် နဂါးကိုးကောင်တောင်တန်းကို အမဲလိုက်ရန် လာခဲ့သော်လည်း မြေကြောကို တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
