အပိုင်း ( ၂၇၀ )

1.3K 176 1
                                    

အိပ်မက်စံအိမ်

လင်းဖန်တို့ဘေးမှာ ထိုင်နေသော လူငယ်လေးများနှင့် မိန်းမပျိုလေးတို့သည် လင်းဖန်တို့ငြိမ်သက်သွားတာကို မြင်သောအခါ ပြက်ရယ်ပြုလိုက်ကြပြီး ကြည့်နေရာမှ ရပ်လိုက်သည်။

“ အကို…လိန်ယွဲ့က ကောင်းကင်အဏ္ဏဝါမြို့ကို ဘာလို့လာတာလဲ ”

“ တကယ်တော့ သူလာခဲ့တာ ဓားတစ်လက်ကြောင့်ပဲ ” လူငယ်တစ်ယောက်က ပြန်လည်ဖြေကြားလိုက်သည်။

“ အင်း ”
မိန်းမပျိုလေးက ပြုံးလိုက်ရင်း တခြားသူများကို ကြည့်ကာ ပြောလိုက်သည်။
“ လိန်ယွဲ့ရဲ့ နှစ်ဖက်သွားဓားစွမ်းရည်က မြင့်မားနေပြီ။ သူ့ရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ နှစ်ဖက်သွားဓားရှိသေးတာလား။ အဲ့ဒီလိုဆိုရင်တော့ အံ့သြစရာကောင်းတဲ့ ဓားတစ်လက်ပဲဖြစ်မယ် ”

“ အဆင့်မြင့် စိတ်စွမ်းအင်နှစ်ဖက်သွားဓားတစ်လက်ဖြစ်တဲ့ လခြမ်းဓားကို မင်းပြောနေတာမလား ”
ဟောက်ယွဲ့ကျောင်းတော်မှ လူငယ်က ပြုံး၍ ပြောလိုက်ရာ လူအားလုံးမှာ အံ့အားသင့်သွားကြသည်။ သတင်းတွေထွက်နေသလို ဤနေရာသို့ နှစ်ဖက်သွားဓားသခင် လာရောက်ခဲ့ခြင်းက လခြမ်းဓားကြောင့်ဖြစ်နေသည်။ ထိုဓားကို ကောင်းကင်အဏ္ဏဝါမြို့မှာ ရှိနေကြောင်း သူတို့အားလုံး သတင်းရထားသည်။ ဤနေရာသို့ လူအများစု ရောက်ရှိနေရခြင်းမှာလည်း ထိုဓားကြောင့်ဖြစ်သည်။

“ အဆင့်မြင့်ဆုံး စိတ်စွမ်းအင်လက်နက်…လူအများစု လက်လှမ်းမမှီနိုင်တဲ့အရာ ..ဟုတ်တယ်မလား ”

“ ဟဲဟဲ…လိန်ယွဲ့သာ ဒီမှာရှိနေရင် ဘယ်သူက လခြမ်းဓားကို ရဖို့ကြိုးစားဝံ့မှာလဲ။ လိန်ယွဲ့ရဲ့ ရန်သူဖြစ်တာနဲ့ အဲ့ဒီလူက ဟောက်ယွဲ့ကျောင်းတော်ရဲ့ ရန်သူလည်း ဖြစ်သွားလိမ့်မယ် ”

ထိုစကားလုံးများကို ကြားသောအခါ လူအုပ်ကြီးမှာ သူတို့ဆိုလိုတာကို နားလည်သွားကြသည်။ လခြမ်းဓားကို ဘယ်သူမှ လုယူမနိုင်အောင် တနည်းအားဖြင့် လုယူရန်မကြိုးစားမီ သေချာစဉ်းစားကြစေရန် ထိုဟောက်ယွဲ့ကျောင်းတော်မှ မိန်းကလေးက ရည်၇ွယ်ချက်ရှိရှိဖြင့် လိန်ယွဲ့၏အကြောင်းကို ပြောပြလိုက်ခြင်းလည်းဖြစ်သည်။ သူမနှင့်အတူရှိနေသော လူငယ်များမှာ မောက်မာဝင့်ကြွားသည့်အသွင်လည်း ရှိပေသည်။

သို့ရာတွင် သူတို့ကို ဘယ်သူကမှ ဆန့်ကျင်ပြောဆိုခြင်းမပြုဝံ့ချေ။ ဟောက်ယွဲ့ကျောင်းတော်က ကောင်းကင်အဏ္ဏဝါမြို့မှာ လွှမ်းမိုးမှုရှိပြီး ယခုအချိန်မှာ နှစ်ဖက်သွားဓားသခင်လည်း ရှိနေသည်။

“ အဆင့်မြင့်စိတ်စွမ်းအင်လက်နက် ”
လင်းဖန် တွေးနေမိ၏။ စိတ်စွမ်းအင်လက်နက်များကို ဘယ်လိုခွဲခြားလဲဆိုတာ သူကောင်းစွာသိသည်။ သာမန်လက်နက်နှင့် စိတ်စွမ်းအင်လက်နက်ဟူ၍ နှစ်မျိုးရှိသည်။ စိတ်စွမ်းအင်လက်နက်များက သံတုံးကြီးများကို ရွှံ့အားပိုင်းဖြတ်သည့်အလား တိခနဲဖြတ်တောက်နိုင်စွမ်း ရှိသည်။ တိုက်ပွဲများတွင် ကျင့်ကြံသူတစ်ယောက်ကို အသာစီးရနိုင်သည်။ ထိုစိတ်စွမ်းအင်လက်နက်များကိုလည်း အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ယွမ်ဟိုင်ကျောင်းတော်မှ ကျန်းကူချောက်ကမ်းပါးအနီးရှိ ဗိမာန်ထဲမှ စိတ်စွမ်းအင်လက်နက်များကို လင်းဖန်ရရှိခဲ့သည်။ ထိုအထဲမှ အများစုမှာ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်သာ ရှိပြီး အဆင့်မြင့်စိတ်စွမ်းအင်လက်နက်မှာ အနည်းငယ်သာ ရှိသည်။

PMG အတွဲ ( ၂ )Where stories live. Discover now