နှင်းနဂါးအစောင့်အရှောက်များ…
အလွမ်းတောအုပ်သည် မြူများရစ်သိုင်းနေပြီး မြေပြင်ထက်တွင်လည်း ထူထဲသော မြူခိုးများရှိနေရာ မြေပြင်ထက်ရှိ ကောင်းကင်တစ်ခုအလား ဖြစ်နေလေ၏။
အဆောက်အဦမှာ လူနှစ်ယောက်က အလွမ်းသေရည်ကို သောက်နေသည်။ သူတို့ထဲမှ တစ်ယောက်က သွမ့်ဝူရဖြစ်၏။
အခြားတစ်ယောက်က ယောက်ျားပီသကာ သစ်လွင်တောက်ပနေ၏။ ထိုလူ၏ပုံစံက ရိုးရှင်းသည်။ သူက ခေါင်းဆောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်အတွက် ခန့်ညားနေ၏။ ထိုလူကား အင်ပါယာအစောင့်အရှောက်များ၏ခေါင်းဆောင် ယွီကျီဖြစ်ပေသည်။
“ မင်းဘယ်လိုသဘောရလဲ ?”
သွမ့်ဝူရက အလွမ်းသေရည်ကို သောက်လိုက်ရင်း မထူးခြားသည့်အသံဖြင့် မေးလိုက်၏။
“ မင်းသား..တိုက်ပွဲမစခင်တည်းက အခြေအနေတစ်ခုလုံးကို ကျွန်တော်ကိုင်တွယ်ခဲ့ပြီးပြီ။ အင်ပါယာအစောင့်အရှောက်တပ်သားတွေက အခုဆိုရင် ကျွန်တော်တို့ဘက်က ဖြစ်သွားပြီ။ တချို့ကိုတော့ သုတ်သင်ပြီး တောင့်တင်းအောင်လုပ်ဖို့သာ ရှိတော့တယ်။ ဒီနေ့ကစပြီး အစောင့်အရှောက်တွေက မင်းသားရဲ့ ဘက်တော်သားတွေ ဖြစ်ပါပြီ ”
“ အင်း ”
သွမ့်ဝူရက ပေါ့ပါးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူပျော်နေတာ သို့မဟုတ် စိုးရိမ်နေတာကို တွေ့မြင်ရန် လုံးဝမဖြစ်နိုင်ပေ။ သူ့အသွင်က ခံစားချက်ကင်းမဲ့နေသည့်ပုံစံ ရှိပေ၏။
ယခုအချိန်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က အဆောက်အဦရှိထဲသို့ ရောက်လာပြီး ဒုတိယမင်းသားကို အနည်းငယ်ဦးညွတ်လိုက်ပြီး ပြောလိုက်၏။
“ မင်းသား… ”
“ နန်းရှန်..ထိုင် ”
သွမ့်ဝူရက လက်ကိုဝှေ့ယမ်းပြလိုက်ပြီး နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။
နန်းရှန်က ခေါင်းကို ညိတ်ပြလိုက်ပြီး ချက်ချင်းပင် ယွီကျီနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ပြောလိုက်သည်။
“ မင်းသား…လျန်ချန်းလန်က သွမ့်ရိန်မြို့ကို ပြန်သွားပြီ။ ဒါပေမယ့် လင်းဖန်ကို သူ့တပ်ပေးခဲ့တယ်။ တပ်သားတွေအားလုံးကို လင်းဖန်နဲ့အတူ နေစေချင်ခဲ့တယ်”
“ သတင်းကောင်းပဲ ”
သွမ့်ဝူရက ခဏမျှတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ သူက တပ်သားတွေကို ကောင်းကောင်း အုပ်ချုပ်နိုင်လို့ ဖြစ်ရမယ် ”
“ ယွီကျီ….အင်ပါယာအစောင့်အရှောက်တွေက မင်းကို လိုအပ်နေလိမ့်မယ်။ မင်းပြန်သင့်နေပြီ ”
သွမ့်ဝူရက ယွီကျီကို ပြောလိုက်ရာ ယွီကျီက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် အဆောက်အဦထဲမှ ထွက်ခွာသွား၏။
နန်းရှန်က ထွက်ခွာသွားသော ယွီကျီကိုကြည်ကာ ပြောလိုက်သည်။
“ အင်ပါယာအစောင့်အရှောက်တွေကို ရရှိခဲ့တဲ့ မင်းသားအတွက် ဂုဏ်ယူပါတယ် ”
သွမ့်ဝူရက ခေါင်းကို ခါယမ်းလိုက်ပြီး
“ ဒီနေ့ရဲ့အကြီးမားဆုံးအောင်မြင်မှုက အင်ပါယာအစောင့်အရှောက်တွေ မဟုတ်ဘူး ”
“ သွမ့်တျန်းလန်..မိန်ဟန်နဲ့ အခြားသူတွေက မင်းသားကို ဂရုမစိုက်ပဲ ဆန့်ကျင်ဘက်လုပ်ခဲ့တယ်။ မိန်ဟန်ကလည်း သေသွားရပြီ။ သွမ့်တျန်းလန်ဟာလည်း သူ့သားသေဆုံးသွားတာကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေခဲ့ရတယ်။ အခြားသူတွေလည်း ဒီအခြေအနေကို ကောင်းကောင်းသတိထားမိသင့်တယ် ”
နန်းရှန်က ပြောလိုက်၏။ သွမ့်ဝူရသည် အမြဲတမ်းကြင်နာနူးညံ့စွာ နေသူဖြစ်ပေသည်။ ထို့အတွက်ကြောင့် လူအများစုက သူအလွန်တရာအစွမ်းထက်တာကို မေ့လျော့နေကြ၏။ နန်းရှန်က သွမ့်ဝူရနောက်သို့ လိုက်ပါနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သွမ့်ဝူရကို အထင်သေးသည့်လူများက ကြောက်မက်ဖွယ်ရာအဆုံးသတ်နှင့် ကြုံရကြောင်း သူကောင်းစွာ နားလည်နေ၏။
အလွန်တရာအစွမ်းထက်ပြီး အကြင်နာတရားကင်းမဲ့သည့် အိမ်ရှေ့စံမင်းသားပင် သူ့ညီတော်ကို အထင်မသေးဝံ့ချေ။
“ အဲဒီလိုမဟုတ်ဘူး ”
သွမ့်ဝူရက ခေါင်းကို ခါယမ်းလျက်ပြောလိုက်သည်။ နန်းရှန်က အတော်လေးအံ့အားသင့်သွားပြီး ချက်ချင်းပြောလိုက်၏။
“ လင်းဖန်… ”
“ ဟုတ်တယ်…လင်းဖန်ပဲ ”
သွမ့်ဝူရက ခေါင်းကို အနည်းငယ်ညိတ်ပြကာ ပြောလိုက်သည်။
“ လူအားလုံးက အခုချိန်မှာ လင်းဖန်က ငါ့ဘက်မှာဆိုတာ သိသွားကြပြီ ”
“ အင်ပါယာအစောင့်အရှောက်တပ်တွေက မြို့တော်ကို ကာကွယ်ပြီး အရေးကြီးတဲ့နေရာမှာ ပါဝင်ပေမယ့် အဲ့ဒီတပ်သားတွေနဲ့ ယှဉ်လိုက်ရင်တော့ အစွမ်းနိမ့်နေသေးတယ်။ အဲ့ဒီတပ်သားတွေက ငါ့ရဲ့ရည်မှန်းချက်ပဲ။ သွမ့်တျန်းလန်က မောက်မာဝင့်ကြွားပြီး လူတိုင်းကို အထင်အမြင်သေးခဲ့တယ်။ အံ့အားသင့်စရာကောင်းတာက သူက သွမ့်ရှင်းရဲ့ကို ထိဝံ့တာပဲ။ ဒါပေမယ့် အခုချိန်ကစပြီး သူသွေးမြေကျရတော့မယ်ဆိုတာ မသိဘူး။ ငါ့အစ်ကိုနဲ့အတူ နေရင် သူ့မှာ အခွင့်အရေးရှိမယ်လို့ ထင်နေတုန်းပဲ။ သူ့အဖြစ်က သေလူတစ်ယောက်နဲ့ ထူးမခြားနားအဖြစ်ကို ရောက်နေပြီ ”
ယခုအချိန်မှာ သွမ့်ဝူရ၏ပုံစံက ရင်းနှီးဖော်ရွေသောလူတစ်ယောက်အသွင် မဟုတ်တော့။ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်ခြင်းများနှင့် အေးစက်စက်အရိပ်အယောင်များ ထွက်နေသည်။ မိုယွဲ့တပ်သားများက သွမ့်ရှင်းရဲ့ကို ဖမ်းခေါ်သွားခြင်းအတွက် သူမစိုးရိမ်ချေ။ သူတို့က သွမ့်ရှင်းရဲ့ကို သတ်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သွမ့်တျန်းလန်က အပြန်လမ်းမှာ လင်းဖန်နှင့် သွမ့်ရှင်းရဲ့ကို သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ဟူ၍ သူထင်မှတ်မထားခဲ့ပေ။
သွမ့်ဝူရ၏အေးစက်စက်အပြုအမူများကို နန်းရှန်အာရုံခံစားမိနေသည်။ သွမ့်တျန်းလန်သာ အသက်ရှင်လျက်ရှိနေသေးလျှင် အချိန်အတိုင်းအတာတစ်ခုသာ ဖြစ်ကြောင်း သူသိနေ၏။
မင်းသမီးကို သတ်လိုက်လျှင် သူ့အတွက်အောင်မြင်မှုမဟုတ်ဘဲ သေဆုံးရမည်ဆိုတာကို သွမ့်တျန်းလန်နားမလည်ခြင်းပင်။ သွမ့်ဝူသောက် သို့မဟုတ် သွမ့်ဝူရ နှစ်ယောက်ထဲက ဘယ်သူအနိုင်ရသူဖြစ်နေပါစေ..သွမ့်ရှင်းရဲ့ကို သတ်ဖြတ်ခြင်းအတွက် သွမ့်တျန်းလန်ကား သုတ်သင်ခံရမည်ဖြစ်သည်။
မင်းသမီးသတ်တာကို သွမ့်ဝူသောက်က သဘောတူလိမ့်မည်ဟူ၍ သွမ့်တျန်းလန်က ထင်နေဆဲ..။ အကယ်၍ မင်းသမီး၏သွေးက သူ့လက်မှာ စွန်းပေနေခဲ့တာကိုသိလျှင် အစပိုင်းမှာ သွမ့်ဝူသောက်က ဘာမှပြောမည်မဟုတ်ဘဲ အဆုံးသတ်တွင်သာ ပြင်းထန်သော ရာဇဝတ်မှုအဖြစ်ယူဆကာ သတ်ဖြတ်မည်ဖြစ်ပေသည်။
ထိုကဲ့သို့ အရာများက သိမ်မွေ့နက်နဲသော ကိစ္စရပ်များသာ ဖြစ်၏။ သူတို့က ကန့်လန့်ကာ နောက်ကွယ်မှလူများသာ ဖြစ်ရာ ကိစ္စရပ်များကို နားလည်နိုင်ရန် ခဲယဉ်းလှသည်။
“ နန်းရှန်…ငါ့ကို ပြောကြည့်..အဲ့ဒီတပ်သားတွေကို ရအောင် ဘယ်လိုလုပ်ရမလဲ?”
သွမ့်ဝူရက ပြောလိုက်ရာ နန်းရှန်အံ့အားသင့်သွားပြီး ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။
“ ကျွန်တော်မျိုး မသိပါဘူး ”
သွမ့်ဝူရ ပြောနေသော အရာက ရွှီယွဲ့နိုင်ငံ၏အထူးဆန်းဆုံးတပ်ဖွဲ့ဖြစ်သော နှင်းနဂါးအစောင့်အရှောက်တပ်ဖြစ်ကြောင်း နန်းရှန် သိသည်။
နှင်းနဂါးအစောင့်အရှောက်တပ်က ရွှီယွဲ့နိုင်ငံအတွင်းရှိ အထူးချွန်ဆုံးကျင့်ကြံသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
“ မင်းမသိတာ သဘာဝကျပါတယ် ”
သွမ့်ဝူရက ပြုံးလိုက်ပြီး
“ အဘိုးကြီးက သိပ်မကြာခင်မှာ တိုင်းပြည်အုပ်ချုပ်နေရာကနေ အနားယူတော့မယ်။ ငါ့အကိုနဲ့ ငါ့ကို တာဝန်တွေခွဲဝေပေးတော့မယ်။ မြို့စားတွေကို ဦးဆောင်ရတာက ပြဿနာမဟုတ်ပေမယ့် နှင်းနဂါးအစောင့်အရှောက်တပ်ကို အုပ်ချုပ်ခွင့်ရတဲ့သူက စစ်မှန်တဲ့အရှင်သခင်တစ်ယောက် ဖြစ်လာလိမ့်မယ် ”
နန်းရှန်ကား တိတ်ဆိတ်ငြိမ်သက်နေမြဲ…။ နှင်းနဂါးအစောင့်အရှောက်တပ်သားက အလွန်တရာအစွမ်းထက်သည်ဆိုတာကလွဲပြီး ကျန်တာ သူဘာမှမသိချေ။
ထိုစဉ် သွမ့်ဝူရက ခေါင်းကိုမော့လိုက်ပြီး အဝေးသို့ ငေးကြည့်နေ၏။
“ မင်းသား..အခုကျွန်တော် ထွက်သွားတော့မယ် ”
နန်းရှန်က ထလိုက်ပြီး ပြောလိုက်သော်လည်း သွမ့်ဝူရက ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
“ မလိုဘူး..။ဒီမှာ နေဦး ”
အတန်ငယ်ဝေးသောနေရာမှ လင်းဖန်ထွက်ပေါ်လာ၏။ သူက အဆောက်အဦရှိရာသို့ တဖြည်းဖြည်းလျှေုာက်လာသည်။ သူက ကမ္ဘာမြေကြီးနင့် တသားတည်းအဆင့်သို့ ရောက်နေပြီဖြစ်သည့်အတွက် လမ်းလျှောက်လာပုံက သစ်ရွက်လေးတစ်ရွက် လေထဲမှာ မျောပါလာသည့်အလား ရှိပေ၏။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်များက အလွန်ထူးဆန်းနေရာ သွမ့်ဝူရ အတော်လေးအံ့အားသင့်သွားသည်။
“ လင်းဖန်ရဲ့ ကျင့်ကြံခြင်းအဆင့်က အခုဘယ်လောက်ရှိနေပြီလဲ?”
သွမ့်ဝူရ တွေးနေမိ၏။ လင်းဖန်၏ကျင့်ကြံခြင်းအဆင့်ကို သူအာရုံခံ၍ မရချေ။ သွမ့်ရန်မြို့သို့ ရောက်သွားပြီးနောက် လင်းဖန်က အများကြီးပြောင်းလဲသွားပုံပေါ်သည်။
“ မင်းသား ”
မကြာမီ အဆောက်အအုံထဲသို့ ရောက်ရှိလာသော လင်းဖန်က နှုတ်ဆက်လိုက်သည်။ သွမ့်ဝူရက ခေါင်းညိတ်ပြလိုက်၏။
“ လင်းဖန်..လာထိုင် ”
သွမ့်ဝူရ၏ပုံစံက ရင်းနှီးဖော်ရွေသည့်အသွင်သို့ ပြန်လည်ပြောင်းသွားလေသည်။ ပေါင်းသင်းဆက်ဆံရေးမှာ ပြေပြစ်သူတစ်ယောက်ပမာ ပြန်လည်ဖြစ်သွားလေသည်။ နူးညံ့ပြီး နွေးထွေးကြင်နာသော လူတစ်ယောက်ပမာ ဖြစ်သွား၏။
လင်းဖန်က ခေါင်းကို ညိတ်ပြလိုက်ပြီး နန်းရှန်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ သွမ့်ဝူရ၏ကျေးဇူးကြောင့် အလွမ်းတောအုပ်ထဲသို့ ဝင်ရောက်လာသောအခါ ထူးဆန်းသောခံစားချက်ကို လင်းဖန်မခံစားရတော့ပေ။
“ အလွမ်းတောအုပ်ကို လာဖို့ မင်းသားကိုယ်တိုင် ကျွန်တော့်ကို ဖိတ်ခေါ်တယ်ဆိုတော့ ဘာများပြောချင်လို့ပါလဲ?”
လင်းဖန်က မေးလိုက်၏။
“ လင်းဖန်..ငါနဲ့ဆက်ဆံတဲ့အခါ အရမ်းကြီးယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး။ မင်းကို ဖိတ်ခေါ်လိုက်တယ်ဆိုတာက သွမ့်ရှင်းရဲ့ကို ဘေးကင်းကင်းနဲ့ ပြန်လည်ခေါ်ဆောင်လာခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ကြောင်းပြောချင်လို့ပါပဲ ”
သွမ့်ဝူရ လင်းဖန်၏ခွက်ထဲသို့ သေရည်အချို့ထည့်ပေးလိုက်ပြီး သူ့ခွက်ထဲသို့လည်း ချက်ချင်းငှဲ့ထည့်လိုက်လေသည်။
လင်းဖန်က သေရည်ခွက်ကို ကိုင်လိုက်ပြီး ပါးစပ်နားသို့ တေ့ကာ သောက်လိုက်ရင်း ပြောလိုက်၏။
“ မင်းသား..မင်းသမီးကို ပြန်လည်ခေါ်ဆောင်လာရမှာဆိုတာ ကျွန်တော့်ရဲ့တာဝန်ပါ ”
လင်းဖန်က အလွမ်းသေရည်ကို ဆက်လက်သောက်လိုက်သည်။ ထူးဆန်းသောခံစားချက်လေးတစ်ခုက သူ့နှလုံးသားကို ရိုက်ခတ်လာ၏။
“ ဘယ်လိုခံစားနေရလဲ?”
သွမ့်ဝူရက ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
“ ကျွန်တော်က သေရည်ကို သဘောမကျဘူးဆိုပေမယ့် အလွမ်းသေရည်က ထူးခြားကောင်းမွန်ပြီး သဘာဝအရသာလေးကို ခံစားရစေတယ် ”
လင်းဖန်က ပြုံးရွှင်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ ငါသိချင်တာက အလွမ်းသေရည်ကို သောက်လိုက်တဲ့အခါ မင်းရဲ့နှလုံးသားထဲမှာ ရှင်းရဲ့ပုံရိပ်လေးပေါ်လာလားဆိုတာပဲ ”
သွမ့်ဝူရက မရယ်မပြုံးတည်ကြည်စွာ ပြောလိုက်သည်။
“ လင်းဖန်…ငါ့ရဲ့နှမတော်လို တူညီတဲ့ခံစားချက်မျိုး မင်းမှာ မရှိတဲ့ပုံပဲ ”
လင်းဖန်က အတော်လေးအံ့သြတုန်လှုပ်သွားပြီး စိတ်ပျက်လက်ပျက်ပြုံးလိုက်၏။ ထိုသေရည်က လူတစ်ယောက်နှလုံးသားထဲမှာ ထိုသူအချစ်ရဆုံးသူကို ပေါ်လာစေသည်။
လင်းဖန်၏နှလုံးသားထဲတွင် ဆွတ်ဆွတ်ဖြူနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် သန့်စင်ကြည်လင်သော ပုံရိပ်လေးအပြင် မင်းသမီးပါဝင်သောအစိတ်အပိုင်း အနည်းငယ်လည်း ရှိနေသည်။
ကျစ်အုပ်စိုးသူနယ်မြေမှာ သွမ့်ရှင်းရဲ့၏အပြုအမူက သူ့နှလုံးသားကို လှုပ်ခတ်သွားရပြီး သူ့ဦးနှောက်ထဲမှာ သူမ၏ပုံရိပ်လေးစွဲထင်လာခဲ့ရသည်။
ထို့အပြင် သူ့နှလုံးသားထဲမှာ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ရှက်ရွံ့တတ်သော ကောင်မလေးတစ်ယောက်လည်း ရှိနေပေသည်။
စစ်မှန်သောအချစ်ဆိုတာကို ယုံကြည်နေသည့်အတွက် လင်းဖန်အတော်လေးဦးနှောက်ခြောက်သွားရ၏။
“ ကောင်းပြီ။ အဲ့ဒါ ငါ့ကိစ္စမဟုတ်ပါဘူး။ လင်းဖန်က မင်းကို မြို့စားရာထူးချီးမြှင့်ခဲ့ပြီဖြစ်တာကြောင့် ရန်ကျုံးမြို့ကို မြို့စားတစ်ယောက်အနေနဲ့ သွားနိုင်ပြီ ”
လင်းဖန်က တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်သောအခါ သွမ့်ဝူရက စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ နှစ်ကုန်ဆုံးတဲ့အချိန်မှာ နှစ်ပတ်လည်တွေ့ဆုံပွဲရှိပါတယ်။ အဲ့ဒီအချိန် ကျွန်တော်ပြန်ပါမယ် ”
လင်းဖန်က ပြန်လည်ဖြေကြားလိုက်၏။ သူနှင့် သူ့အဖေကို လင်းမျိုးနွယ်စုမှ ထုတ်ပယ်ခဲ့သည့်အတွက်ကြောင့် နှစ်ပတ်လည်တွေ့ဆုံပွဲရောက်မှသွားတာ သူ့အတွက်ပိုကောင်းသည်။
လင်းမျိုးနွယ်စုတွေ့ဆုံပွဲကိုလည်း သူသွားရပေလိမ့်မည်။
“ ကောင်းပြီ။ ရက်အနည်းငယ်ကြာရင် မင်းကို တရားဝင်ဘွဲ့ပေးအပ်ချီးမြှင့်ဖို့ ကောင်းကင်ဘုံ သင်တန်းကျောင်းကို လူတချို့ ငါလွှတ်လိုက်မယ် ”
သွမ့်ဝူရက ပြောလိုက်၏။
“ ကောင်းပါပြီ ”
လင်းဖန်က ခေါင်းကိုညိတ်ပြလိုက်ပြီး
“ မင်းသားကို အကူအညီတစ်ခုလောက် ကျွန်တော်တောင်းချင်ပါတယ်။ … လူတစ်ယောက်ကို ရှာဖို့ မင်းသားရဲ့အကူအညီ ကျွန်တော်လိုနေတယ် …”
“ ဘယ်သူလဲ ”
သွမ့်ဝူရက ခေါင်းညိတ်လျက် ပြောလိုက်သည်။
“ ကျွန်တော့်အဖေ..လင်းဟိုင်ပါ ”
လင်းဖန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ လင်းဟိုင်က အင်ပါယာမြို့တော်သို့ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။ လင်းဖန်သည် ကိစ္စများစွာကို ကြုံတွေ့ခဲ့ရပြီးဖြစ်သော်လည်း သူ့အဖေဘယ်နေရာမှာ ရှိနေလဲဆိုတာကို သူမသိသေးချေ။ မြို့တော်က အလွန်တရာ ကျယ်ပြန့်လှသည့်အတွက်ကြောင့် သူ့အဖေနှင့်ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ရလို့ရငြား သွမ့်ဝူရထံ လင်းဖန်အကူအညီတောင်းရခြင်းလည်း ဖြစ်ပေသည်။
“ မင်းအဖေက လင်းဟိုင်လား?”
သွမ့်ဝူရ၏အသွင်က စဉ်းစားနေသည့်ပုံစံဖြစ်နေ၏။ ထို့နောက် သူကချက်ချင်းပင် ခေါင်းကိုညိတ်ပြလိုက်ပြီး
“ ကောင်းပြီ။ လင်းဖန်..ငါရှာထားလိုက်မယ် ”
“ မင်းသားကို ကျေးဇူးတင်ပါတယ် ”
လင်းဖန်က ခေါင်းကို ညိတ်ပြလိုက်ပြီး သွမ့်ဝူရကို လက်နှစ်ဖက်ယှက်လျက် အရိုအသေပြုကာ ဆက်လက်ပြောလိုက်သည်။
“ တကယ်လို့ မင်းသားလေးမှာ ထပ်ပြောစရာ စကားမရှိတော့ရင် ကျွန်တော့်ကို သွားခွင့်ပြုပါ ”
“ ကောင်းပြီ..မင်းသွားနိုင်တယ် ”
သွမ့်ဝူရက လင်းဖန်ထွက်သွားတာကို မတားဆီးတော့ဘဲ ခေါင်းကို ညိတ်ပြလိုက်၏။
လင်းဖန်က အလွမ်းတောအုပ်မှ အလျင်အမြန်ထွက်လာခဲ့သည်။ အလွမ်းတောအုပ်၏အပြင်ဘက်တွင် သန့်စင်ကြည်လင်သည့်အသွင် ရှိသောမိန်းမပျိုလေးတစ်ယောက်က သူ့ကို စောင့်နေသည်။ လင်းဖန်ရောက်လာသောအခါ သူတို့နှစ်ယောက် အတူတကွ ထွက်ခွာသွားကြတော့သည်။