ဝမ်ရိန်ရန်၏မင်္ဂလာပွဲ
လင်းဖန်၏ဘေးရှိ လူငယ်၏မျက်လုံးများမှာ တလက်လက်တောက်ပလာ၏။ မည်မျှသြဇာတိက္ကမနှင့်ပြည့်စုံလိုက်သနည်း။ သူအလွန်လေးစားရသော သူရဲကောင်းလင်းဖန်ကို ဤနေရာမှာ တွေ့ရလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
“ ငါတောင်းပန်ပါတယ်။ ငါအမှားလုပ်ခဲ့မိတယ် ”
လင်းဖန်ကို စော်ကားသည့်စကား ပြောဆိုခဲ့သောလူက ပြောလိုက်၏။ သူ့နှုတ်ခမ်းများက တဆတ်ဆတ်တုန်ယင်လာသည်။ သူ့မျက်နှာလုံးဝတောင့်တင်းသွား၏။ သူက လင်းဖန်၏နောက်ကွယ်မှာသာ ဝေဖန်ရှုတ်ချရဲသည်။ လင်းဖန်ရှေ့တွင်တော့ ခက်ထက်မောက်မာစွာ မပြုမူရဲချေ။ သူ့မျက်နှာက တစ္ဆေတစ်ကောင်အလား သွေးဆုတ်ဖြူရော်နေ၏။
“ တောင်းပန်တယ်လား ”
လင်းဖန်၏နှုတ်ခမ်းထောင့်စွန်းတွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးစတစ်စ ခိုတွဲလာသည်။ ထိုလူက လင်းဖန်ကို ဤမျှလှပသော မိန်းမလှလေးနှစ်ယောက်နှင့် အတူရှိရန် မထိုက်တန်ဟု ပြောခဲ့ပြီး လင်းဖန်ကို ဝေဖန်ရှုတ်ချခဲ့သည့်အပြင် ခြိမ်းခြောက်ခြင်းကိုပင် ပြုလာရာ “ တောင်းပန်ပါတယ် ” ဆိုသောစကားလုံးနှင့် လင်းဖန်ကျေနပ်နိုင်ပါမည်လော။
“ မင်းပါးစပ်က ပုပ်ပွနေပြီ ”
လင်းဖန်က ပြောလိုက်၏။ ချက်ချင်းပင် သူ၏လက်ကို မြှောက်လိုက်ပြီး လက်သီးဖြင့် ထိုးလိုက်ရာ လေထဲမှာ တဝီဝီမြည်ဟည်းလျက် ထွက်ခွာသွားသည်။
“ ဘုန်း ”
လူအုပ်ကြီးမှာ တအံ့တသြဖြစ်မှုကြောင့် ဆွံ့အသွား၏။ ထိုလူ၏ခန္ဓာကိုယ်က အဝေးသို့ လွင့်စဉ်သွားပြီး ကြမ်းပြင်သို့ အရှိန်ပြင်းစွာ ကျသွားသည်။ သူ့ပါးစပ်မှ သွေးများအဆက်မပြတ်စီးကျနေကာ သွားများ တရစပ် ပြုတ်ကျလာ၏။ထိုလူက နာကျင်စွာ ချောင်းနှစ်ခါဆိုးလိုက်၏။ သူမျက်နှာက မုန်းတီးခြင်းများဖြင့် ပြည့်လာသည်။ သူ၏ခေါင်းကို ငုံ့ထားပြီး လင်းဖန်ကို သူမကြည့်ဝံ့တော့ချေ။
“ ဒီလောက်သေးသိမ်တဲ့လူ။ အံ့သြစရာကောင်းလောက်အောင် ဝင့်ကြွားရတယ်။ ရွံစရာကောင်းလိုက်တဲ့ကောင် ”
လင်းဖန်က အေးစက်စက်လေသံဖြင့် ပြောလိုက်ရင်း ထိုလူကို အရှက်ခွဲလိုက်၏။ ထို့နောက် လူငယ်ဘက်သို့ လှည့်ကြည့်ပြီး ပြုံးပြ၍ ခေါင်းကိုညိတ်ပြလိုက်ရာ လူငယ်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကြောင့် အရောင်များ လက်သွားသည်။
