အပိုင်း ( ၂၃၇ )

1.3K 156 4
                                        

တားမြစ်နယ်မြေအတွင်းက နွေးထွေးသောမေတ္တာတရား

တားမြစ်နယ်မြေအတွင်းမှာ လင်းဖန်က မိန်ချင်း၏လက်ကလေးကို ဆုပ်ကိုင်လိုက်လေသည်။ ရုတ်တရက် ပြင်းထန်သောအေးစက်သည့်စွမ်းအင်များက သူ့လက်ကို ဖြတ်၍ ပျံ့နှံ့လာ၏။ များမကြာမီ လင်းဖန်၏လက်ကို ရေခဲအလွှာတစ်ခုက ဖုံးလွှမ်းလာပြီး အေးစက်မှုက တစ်ကိုယ်လုံးသို့ ပျံ့သွားလေသည်။

“ ဘယ်လောက်တောင် အေးလိုက်သလဲ ”

လင်းဖန်ဆွံ့အသွားရ၏။ ထိုစဉ် မိန်ချင်း၏ကိုယ်လေးက အလွန်တရာအေးစက်နေပေသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ပင် နေရာမှာတင် အေးခဲသွားနိုင်သည်ဟု လင်းဖန်ထင်နေမိ၏။

သူက ချာခနဲလှည့်ကာ မိန်ချင်းကို ကြည့်လိုက်ပြီး ဒေါသထွက်နေဆဲအသံဖြင့် ပြောလိုက်လေသည်။
“ မင်းဘာဖြစ်နေတာလဲ ?”

“ ဘာမှမဖြစ်ပါဘူး ”
မိန်ချင်းက အံ့အားသင့်သွားဟန်ဖြင့် ခေါင်းလေးကို ယမ်းပြလိုက်၏။

“ ငါ့ကို လိုက်ရှာတဲ့အကြောင်းရယ်… မင်းခန္ဓာကိုယ်ကို ရေခဲအလွှာတွေက ဒုက္ခပေးနေတယ်ဆိုတာတွေ..ငါ့ပြောရမှာကို ဘာလို့ထွက်ပြေးရတာလဲ?”

လင်းဖန်၏ပုံစံက စိတ်လက်မရွှင်လန်းသည့်အသွင်ဖြစ်နေ၏။ ဤရေခဲများက မည်မျှအထိအစွမ်းထက်လဲဆိုတာကို လင်းဖန်သိသည်။ ထို့ပြင် ထိုရေခဲအလွှာများကို သူဖြေရှင်းပေးနိုင်တာကို မိန်ချင်းက ကောင်းစွာသိနေပါလျက် သူနှင့်ဝေးရာသို့ လျှောက်သွားလေရာ မည်ကဲ့သို့ လင်းဖန်က ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

မိန်ချင်းက လင်းဖန်ကိုခေါင်းလေးမော့ကာ ကြည့်လိုက်ရာ သူမအံ့အားသင့်သွား၏။ သို့သော် ချက်ချင်းပင် ရှက်ရွံ့သွားသည့် မိန်းမပျိုလေးတစ်ယောက်ပမာ ခေါင်းကို ပြန်ငုံ့ထားလေသည်။ လင်းဖန်ကို သူမ မကြည့်ဝံ့တော့ပေ။
မိန်ချင်းက စကားပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို လင်းဖန်မြင်သောအခါ တစ်စုံတစ်ရာကို လွန်လွန်ကျူးကျူး သူပြောမိလိုက်သလို ခံစားသွားရသည်။

“ ဒီရေခဲချီတွေကို ဖယ်ရှားပေးဖို့ ငါကူညီပေးမယ် ”

စကားပြောနေရင်းဖြင့် လင်းဖန်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး နဂါးဟိန်းသံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့လာပြီး တုန်ခါသွားသည့်ပမာ ဖြစ်သွားစေ၏။ လင်းဖန်၏မြွေဝိညာဉ် ထွက်ပေါ်လာခဲ့လေပြီ။ ၎င်းမှာ ခေါင်းခြောက်လုံးပါရှိပြီး ကြီးမားကာ ထည်ဝါနေသည်။ ၎င်း၏မျက်လုံးများက မိန်ချင်းကို စိုက်ကြည့်နေ၏။

မြွေဝိညာဉ်ကို မိန်ချင်းမြင်သောအခါ အံ့အားသင့်သွားသည်။ နောက်ဆုံးအကြိမ် မြွေဝိညာဉ်ကို သူမမြင်တွေ့ခဲ့စဉ်အခါက ခေါင်းခြောက်လုံးမရှိသေးသလို ကြီးမားခြင်းလည်း မရှိသေးပေ။ ယခုအခါတွင် ၎င်းမြွေဝိညာဉ်က ကြီးမားသည့်အပြင် ခန့်ညားထယ်ဝါနေပေရာ မည်ကဲ့သို့ ထူးဆန်းတာ ဖြစ်ပွားခဲ့လေသနည်း။

“ ငါထင်တာ မှန်နေတဲ့ပုံပဲ ”
မိန်ချင်းတွေးလိုက်မိသည်။ သူမက ခန့်မှန်းတာက ပို၍သေချာနေသည့်အသွင်ရှိနေပေသည်။ လင်းဖန်၏မြွေဝိညာဉ်က အမှန်တကယ်တော့ နဂါးတစ်ကောင်ဖြစ်နေ၏။

မြွေ၏ခေါင်းခြောက်လုံးက နဂါးမြည်သံများထွက်နေသည်။ ထိုစဉ် မိန်ချင်း၏ခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံနေသော ရေခဲများမှာ အဖြူရောင်တိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မြွေက ၎င်းကို စတင်ဝါးမြိုလေတော့သည်။

ယခုအခါ လင်းဖန်၏စိတ်ဝိညာဉ်က အမျိုးအစားမတူသော မြွေခြောက်ကောင်လှုပ်ရှားနေသည့်ပမာ သူ့နောက်ကျောမှာ လွင့်မျောနေ၏။ အလွန်တရာအစွမ်းထက်သည့်အသွင်လည်း ရှိနေပေသည်။

“ နောက်ဆိုရင် ငါပြောတာကို နားမထောင်ပဲ မနေနဲ့ ”
လင်းဖန်က ပြောလိုက်လေသည်။ မိန်ချင်းကား ယခင်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေမြဲ…
မိန်ချင်းက ခေါင်းလေးကို ငုံ့ထားနေရင်းမှ အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။ သူမခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံနေခဲ့သော ရေခဲချီများမှာ အလွန်အားနည်းစပြုလာနေလေပြီ ဖြစ်သည်။

မိန်ချင်း၏မျက်နှာအသွင်အပြင်ကို လင်းဖန်မြင်သောအခါ သူ့နှလုံးသားမှာ လွန်စွာနာကျင်သွားရတော့၏။ ဤမိန်းကလေးကို သူဘယ်လိုပြောရမလဲဆိုတာကို မသိတော့ပေ။

လေရူးတောင်မှ သူတို့နှစ်ယောက်ထွက်လာခဲ့စဉ်ကတည်းက အချိန်ပေါင်းများစွာကြာသည့်တိုင် သူ့ဘေးမှာ မိန်ချင်းက အမြဲတမ်းရှိနေပေးခဲ့၏။ သူနှင့်ခွဲခွာရန်က မိန်ချင်းအတွက် လွန်စွာခက်ခဲပေသည်။ အံ့အားသင့်စရာကောင်းလောက်အောင် မိုယွဲ့နိုင်ငံသို့ရောက်သည်အထိ သူ့ကို သူမလိုက်ရှာခဲ့၏။ သူ့အတွက်ဖြင့် ဒေါသထွက်ကာ ကျစ်အုပ်စိုးသူနယ်မြေမှလူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့လေသည်။ ဤမျှအချိန်တိုလေးအတွင်းမှာ သူမအများကြီးပင်ပန်းခဲ့ရလေပြီ။

ထို့အပြင် ဤကဲ့သို့ ခက်ခဲသောအချိန်များပြီးဆုံးသောအခါ လင်းဖန်နှင့် လင်းဖန်၏အင်္ကျီကို ဝတ်ဆင်ထားသော သွမ့်ရှင်းရဲ့တို့ အတူတကွ ထွက်လာတာကို မြင်သောအခါ သူမဘယ်လိုလုပ် ပျော်ရွှင်နိုင်ပါမည်နည်း။ သူမက စိတ်ခံစားချက်များကို ထုတ်ဖော်မပြသခဲ့ဘူးဆိုလျှင်သော်မှ ကမ္ဘာမြေနှင့်တသားတည်းအဆင့်သို့ ရောက်နေသော လင်းဖန်က သူမ၏ခံစားချက်များဖုံးကွယ်ရန်ကြိုးစားနေတာကို အာရုံခံမိသွားလေသည်။ သူမက ထွက်ခွာရန်လှည့်ထွက်သွားသောအခါ သူမ၏လှုပ်ရှားမှုများကြောင့် လင်းဖန်သတိထားမိသွား၏။ သူမ၏ကိုယ်လေးက အနည်းငယ် တုန်ယင်နေပြီး မျက်ရည်စလေးများထွက်ကျလာနေသည့်အတွက် မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေခဲ့ပေသည်။

အရူးမလေး…အမှန်တကယ် သူ့ကို ဂရုစိုက်ပါလျက် အမြဲတမ်းအေးစက်စက်နေတယ်…

လင်းဖန်၏နှလုံးသားထဲမှာ သနားကြင်နာသည့်စိတ်များ ပြည့်လျှံလာလျက် မိန်ချင်းနားလေးသို့ တိုးကပ်လာရာ သူမကိုယ်လေးမှာ စတင်၍ တုန်ယင်လာတော့သည်။

အေးစက်သောချီများကြောင့် သူမကတုန်ယင်သွားခြင်းမဟုတ်ဘဲ သူမနားလေးသို့ လင်းဖန်က နီးကပ်လာသောကြောင့်ဖြစ်ပေ၏။ သူမ၏နှလုံးသားလေးထဲမှာ လှိုင်းလုံးလေးများရိုက်ခတ်လာသလို တငြိမ့်ငြိမ့်ခံစားနေရပြီး တုန်ယင်လာလေသည်။ ချက်ချင်းပင် အထိအတွေ့လေးများကို သူမစတင်ခံစားလာရလေ၏။

များမကြာမီ သူမ၏ကိုယ်လေးကို သန်မာနွေးထွေးသောလက်နှစ်ဖက်၏ ဆွဲယူပွေ့ဖက်ခြင်းကို ခံလိုက်ရလေသည်။ နွေးထွေးစွာပွေ့ဖက်ထားခြင်းကြောင့် သူမ၏ကိုယ်မှ အေးခဲနေမှုများ ချက်ချင်းလွင့်ပျယ်သွားရပြီး နွေးထွေးသောစီးကြောင်းလေးက သူမ၏နှလုံးသားလေးသို့တိုင် ပျံ့နှံ့လာတာကို ခံစားလိုက်ရသည်။

ဘာဖြစ်နေတာကို သူမနားလည်သွားသောအခါ သူမ၏မျက်လုံးလေးများက သာမန်အားဖြင့် ဘယ်သောအခါမှ ထုတ်ဖော်မပြသခဲ့သည့်အရိပ်အယောင်လေးများ ထွက်ပေါ်လာ၏။ သူမကိုယ်သူမ အံ့အားသင့်သွားပုံလည်းပေါ်သည်။

“ အရူးမလေး…မင်းခံစားရရင် ငါလည်းခံစားရမယ်ဆိုတာ သိသင့်တယ် ”
လင်းဖန်က နူးညံ့စွာ ပြောဆိုလိုက်၏။ သူ့အသံက နွေးထွေးကြင်နာပြီး ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပေသည်။

မိန်ချင်းမှာ ရေခဲချီများကြောင့် ဒုက္ခရောက်နေပြီး တိတ်ဆိတ်စွာခံစားနေရတာကို သူမြင်သောအခါ သူ့နှလုံးသားမှာ ကြီးစွာသော နာကျင်မှုကြီးကို ခံစားလိုက်ရ၏။ သူ၏အရင်ဘဝကဖြစ်စေ သို့မဟုတ် ယခုဘဝဖြစ်စေ အမျိုးသမီးတစ်ယောက်အတွက် သူ့အချစ်ကို ထုတ်ဖော်ပြသတာက ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ မိန်ချင်းအပေါ်ထားသော သူ၏ခံစားချက်များက မွန်မြတ်သန့်စင်နေ၏။

ဤနူးညံ့ကြင်နာသော စကားလေးများကို မိန်ချင်းကြားသောအခါ တုန်ယင်သွားရသည်။ ချက်ချင်းပင် တကြိမ်တခါမှမပေါ်ပေါက်ဖူးသည့်အပြင် တခါမှမဖြစ်ပွားခဲ့ဖူးသောအရာတစ်ခု ဖြစ်ပွားလာ၏။ သူမပြုံးလာခြင်းပင် ဖြစ်ပေသည်….လွန်စွာဆွဲဆောင်မှုရှိပြီး နူးညံ့သော အပြုံးချိုချိုလေးတစ်ရပ်က အေးစက်စက်မျက်နှာလေးကို အလှဆင်နေလေ၏။

သူမက အနည်းငယ်ရွေ့လျားလိုက်ပြီး ချက်ချင်းပင် လင်းဖန်၏ပုခုံးလေးပေါ်သို့ သူမ၏ခေါင်းလေးကို မှေးစက်အနားယူလိုက်တော့သည်။ သူမ၏ခံစားချက်လေးများက တည်ငြိမ်သွားပြီး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။

မိန်ချင်း၏လက်ကလေးများက လင်းဖန်၏နောက်ကျောတွင်ရှိနေသည်။ သို့သော် လေထဲမှာပင် ရှိနေသေး၏။ သူမ၏လက်ကလေးများကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိသည့်ပုံပင်။ နောက်ဆုံးမှာတော့ သူမ၏နူးညံ့သောလက်ကလေးများက လင်းဖန်ထံသို့ ဖြည်းညင်းစွာရွေ့လားလာပြီး ညင်သာစွာဖြင့် ဖက်တွယ်လာပေတော့သည်။

နူးညံ့သောလက်ကလေး၏အထိအတွေ့ကို လင်းဖန်ခံစားလိုက်မိသောအခါ တိုးညင်းစွာ ရယ်မောလိုက်၏။ သူမကို ပိုမိုတင်းကြပ်စွာဖက်လိုက်ပြီး သူ့လက်တစ်ဖက်ဖြင့် သူမမျက်နှာလေးပေါ်ကျနေသော ဆံပင်လေးများကို ညင်သာစွာ ဖယ်ရှားပေးလိုက်လေသည်။

သို့ဖြစ်၍ အချစ်နှင့် ပတ်သက်ပြီး ဘယ်လိုခံစားရလဲဆိုတာ….စစ်မှန်သောချိုမြိန်မှု၊ နှလုံးသားထဲမှာ နက်ရှိုင်းစွာဖြစ်ပေါ်လာသည့် အလွန်တရာ နူးညံ့နွေးထွေးသောခံစားချက်ကလေးများ ပေါက်ဖွားလာခြင်း…..

မိန်ချင်း၏ခန္ဓာကိုယ်လေးက လင်းဖန်၏ပုခုံးထက်မှာခေါင်းလေးတင်ထားလျက် ငြိမ်သက်စွာ ရှိနေပေတော့သည်။ လင်းဖန်က မိန်ချင်းကို ကြည့်လိုက်၏။ သူမပြုံးနေပေသည်။ သို့ရာတွင် သူမ၏မျက်လုံးလေးများမှ အံ့အားသင့်စရာကောင်းအောင် မျက်ရည်စလေးများထွက်လာနေပြီး သူမ၏ပါးပြင်လေးထက်မှတစ်ဆင့် မြေပြင်သို့ လိမ့်ဆင်းကျနေ၏။ သူမက ငိုနေခြင်းဖြစ်ပြီး ရှိုက်သံလေးများပင် ထွက်ပေါ်နေသည်။ သူမ၏မျက်လုံးလေးများကတော့ နီရဲနေတော့သည်။

လင်းဖန်နှင့် ခွဲခွာသွားရတော့မည်လောဟု မိန်ချင်းမှာ အလွန်တရာစိုးရိမ်ခဲ့ရ၏။ သူ့ကို တခဏလေးမျှပင် မရပ်နားဘဲ လိုက်လံရှာဖွေခဲ့သည်။

နောက်ဆုံးတွင် လင်းဖန်ရှိသည်ဟု ပြောသော ရွှေရောင်ကျစ်တောင်တန်းသို့ အနားယူခြင်းမရှိဘဲ လျင်မြန်စွာခရီးဆက်နှင်လာခဲ့၏။ ထို့နောက် သူမရောက်လာသောအခါ လင်းဖန်သေပြီဟု ပြောလာခဲ့ကြသည်။
လင်းဖန်သေပြီဟူသောစကားကို သူမကြားသောအခါ သူမ၏နှလုံးသားလေးထဲမှာ မျှော်လင့်ချက်ကင်းမဲ့သွားသည့် ခံစားချက်များ ရိုက်ခတ်လာပြီး လွန်စွာနာကျင်နေတော့၏။ သူမကိုယ်တိုင်သေသွားသလို ခံစားလိုက်ရသည်။ သူမ၏ခေါင်းထဲမှာ ရွှေရောင်ကျစ်အုပ်စိုးသူနယ်မြေ၏အဘိုးအိုနှင့် သက်ဆိုင်သူအားလုံးကို သတ်ပစ်လိုက်ရန် အတွေးသာရှိတော့သည်။

ယောက်ျားတစ်ယောက်က သူချစ်ရသော မိန်းမတစ်ယောက်အတွက်ဆိုရင် သူ့ဓားမှာ သွေးများနီရဲလာသည်အထိ စစ်ပွဲကြီးဆင်နွှဲနိုင်ပေ၏။ အမျိုးသမီးတစ်ယောက်က သူမသိပ်ချစ်ရသော ယောက်ျားတစ်ယောက်အတွက်ဆိုလျှင် ကောင်းကင်ဘုံနှင့် မြေကြီးကိုပင် အံတုဖက်ပြိုင်နိုင်ဝံ့ပေသည်။

ထိုစဉ်က သူမ၏စိတ်ထဲမှာ လင်းဖန်အသက်ရှင်နေစေရေးသာ အတွေးရှိ၏။ သို့သော် လင်းဖန်က တခြားမိန်းကလေးတစ်ယောက်နှင့် အတူရှိနေတာကို မိန်ချင်းမြင်သောအခါ သူမအတွက် နေရာမရှိနိုင်တော့ပြီဟု ယုံကြည်သွားလေသည်။

သူမ၏နှလုံးသားများ ကွဲကြေသွားခဲ့ရသည်။ ဘာတစ်ခုမှ သူမတွေးနိုင်စွမ်းမရှိတော့ဘဲ ထွက်ပြေးသွားလိုက်တော့သည်။ အသည်းခိုက်လုမတတ်နာကျင်သောခံစားချက်က သူမ၏နှလုံးသားကို ရိုက်ခတ်လာ၏။ ထိုကဲ့သို့ နာကျင်သည့် ခံစားချက်ကို ဘယ်တုန်းကမှ သူမမခံစားခဲ့ဖူးချေ။

လင်းဖန်နှင့် မိန်ချင်းတို့ လေရူးတောင်မှ ထွက်ခွာလာသည့်အချိန်မှရေတွက်လျှင် အချိန်အနည်းငယ်သာ ရှိသေး၏။ တစ်နှစ်ပင် မပြည့်သေးချေ။ သို့သော် ထိုအချိန်ခဏလေးအတွင်းမှာ သူတို့နှစ်ယောက်က ပြဿနာပေါင်းများစွာကို အတူတကွ ကြုံတွေ့လာခဲ့သည်။ မိန်ချင်း၏မှတ်ဥာဏ်များထဲမှာ တောရိုင်းကောင်များနှင့် ပြည့်နေသော တိတ်ဆိတ်ငြိမ်သက်သည့်တောအုပ်လေးနှင့် ပြင်ပကမ္ဘာမှ လင်းဖန်သာ ရှိခဲ့ပေသည်။ လင်းဖန်ဆိုတာ သူမဘဝ၏သီးခြားဖြစ်တည်နေသော အစိတ်အပိုင်းတစ်ခုဖြစ်၏။

ပြင်းထန်သောနာကျင်မှုက ကြာရှည်မခံခဲ့ပေ။ လင်းဖန်က သူမကို ရပ်တန့်စေခဲ့ပြီး တားမြစ်နယ်မြေထဲသို့ ဝင်စေခဲ့သည်။ ယခုအခါမှာတော့ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ဖက်နေကြလေပြီ။ ယခုအခါ သူမ၏ကို်ယ်က ဘယ်လောက်ထိအေးစက်နေခဲ့လဲဆိုတာကို မိန်ချင်းနားလည်သွားသည်။ သူမ၏နှလုံးသားထဲမှာ ရှိနေခဲ့သော အေးစက်မှုလေးများကလည်း နွေးထွေးမှုလေးများအဖြစ်သို့ ပြောင်းလဲသွား၏။ မည်မျှအံ့သြစရာကောင်းလိုက်သည့် ခံစားချက်ကလေးများပေနည်း။

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်နူးညံ့ညင်သာစွာဖြင့် အချိန်အတော်ကြာသည်အထိ ပွေ့ဖက်ထားကြလေသည်။ ရေခဲချီများက ပြိုကွဲသွားခဲ့ပြီဖြစ်ပြီး လင်းဖန်၏စိတ်ဝိညာဉ်လေးသည်လည်း ပျောက်သွားခဲ့လေပြီ။ သို့သော် သူတို့နှစ်ယောက်က တင်းကြပ်စွာဖက်ထားနေဆဲ…

အတန်ငယ်ကြာပြီးနောက် မိန်ချင်းက စတင်လှုပ်ရှားလာ၏။ လင်းဖန်က သူမကို ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး သူမ၏လှပသောမျက်နှာလေးကို ပြုံး၍ ကြည့်နေသည်။

သို့သော်လည်း မိန်ချင်းက သူ့ကို ဂရုမစိုက်ဘဲ ချာခနဲလှည့်ကာ ထွက်ပေါက်သို့ အေးစက်စက်ထွက်ခွာသွားလေသည်။

လင်းဖန်ဆွံ့အသွားရ၏။ ခေါင်းကို ကုတ်လိုက်ပြီး သူစဉ်းစားမရဖြစ်သွားသည်။ ထို့နောက် ချက်ချင်းပင် သူမနောက်သို့ ကမန်းကတန်းပြေးလိုက်သွားလေသည်။

PMG အတွဲ ( ၂ )Where stories live. Discover now